အာဏာသိမ်းသည် ဆိုရာဝယ်

by Hla Soewai - Sep 26 2022

အိန္ဒိယ သတင်း ဝက်ဆိုဒ်များ ထံမှ ထွက်လာသော သတင်းများဟု ယူဆ၍ ရသည့် တရုတ် သမ္မတ ရှီ ကျင့်ပင် အား တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ် မှ အကျယ်ချုပ် ဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟူသော သတင်းများ ပျံ့လွင့် ထွက်လာနေသည်။ 

 

သတင်းတပုဒ် မှန်မမှန် စစ်ဆေးကြည့်နိုင်ဖို့က အလွယ်လေးပင်၊ ဂူဂဲလ် တွင် China news ဟု ရိုက်ထည့်ပြီး အရင် ရှာကြည့်လိုက်ပါ၊ မိမိရှာနေသည့် သတင်းနှင့် ပတ်သက်ပြီး အထင်ကရ သတင်းဌာနများတွင် ဘာမှ မတွေ့ရလျှင် မဟုတ်သေးဟု ယူဆ၍ ရသည်၊ ရှယ်ဖို့ မစဉ်းစားပါနှင့်ဦး၊ စောင့်ကြည့်ပါ၊ သူ့ထက်ငါ သတင်းထူးများ တင်‌နိုင်သည်ဟု ဆိုကာ "Like" များ ရအောင် တင်နေလျှင် မှန်မမှန်ကိုပင် မသိနိုင်သူပါလားဟု အထင်သေး အမြင်သေး ခံရနိုင်ပေသည်။ နောင်တွင် မည်သူမျှ အယုံအကြည် ရှိမည် မဟုတ်တော့။

 

ဤသည်က စပ်မိ၍ ပြောခြင်းသာ ဖြစ်သည်။ ဆိုလိုချင်သည်မှာ မင်းအောင်လှိုင်ကဲ့သို့ လက်နက်အားကိုးဖြင့် ဘာမှ မစဉ်းစားပဲ သိမ်းကြစတမ်းဆိုလျှင် နိုင်ငံများ တွင် ရှိသော ကာကွယ်ရေး ဦးစီးချုပ် တိုင်း သမ္မတ ဖြစ်နိုင်သည် မဟုတ်ပါလော။

 

သို့ဆိုက အဘယ်ကြောင့် မလုပ်ကြသနည်း။

 

နိုင်ငံ အား ဦးဆောင်နေသူများ အပေါ် လူထု၏ ထောက်ခံမှုသည် သုံည နီးပါးအထိ ထိုးကျနေပြီလား။

 

အကျင့်ပျက် ခြစားမှုများ ပြည့်နှက်လာနေပြီး စီးပွားရေးလည်း အဖက်ဖက် မှ ယို့ယွင်းလာနေပြီလား။

 

လူထု၏ စည်းလုံး ညီညွတ်မှုသည် နိုင်ငံရေး အယူအဆများကြောင့် ပျက်ပြားလာနေပြီလော။

 

ထိုသို့ ဖြစ်လာနေသည့် တိုင် မိမိတို့ကကော လူထု လက်ခံ နိုင်သည့် အတိုင်းအတာ တခုထိ ရောက်အောင် တိုင်းပြည်ကို ဦးဆောင်မှူ ပေးနိုင်မည်လော။

 

ထိုအချက်အလက်များ တခုတလေမျှ မရှိပါပဲလျက် လူထု ထောက်ခံမှု ၈၀ ရာနှုန်းကျော် ရရှိထားပြီး စီးပွားရေး အားဖြင့်လည်း တိုးတက်အောင် စွမ်းဆောင် နိုင်စွမ်း ရှိကြောင်းလည်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည့် အစိုးရ မျိုးကို မင်းအောင်လှိုင် နှင့် အပေါင်းအပါများ အာဏာသိမ်းခဲ့ခြင်းသည် အုတ်နံရံကို ခေါင်းဖြင့် ပြေးဆောင့်သည့် လုပ်ရပ်ဟု မဆိုက အခြား အဘယ်သို့များ ဆိုနိုင်ဦးပေမည်နည်း။ 

 

ရုပ်ရည် ရူပကာ အသင့်အတင့်မျှပင် မရှိ၊ သရုပ်ဆောင် အရည်အချင်းလည်း တစက်မျှ မရှိပါပဲလျက် ‌‌ငွေထုတ်ပိုက်ပြီး ရုပ်ရှင်မင်းသား ဝင်လုပ်နေသကဲ့သို့ ကြည့်ရ ဆိုးနေပေသည်။

 

ထိုင်းနိုင်ငံတွင် ၁၉၃၂ တွင် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးလာပြီး နောက်တွင် အောင်မြင်စွာ အာဏာသိမ်းနိုင်ခဲ့သည့် အကြိမ်ပေါင်း ၁၃ ကြိမ် ရှိခဲ့သည်၊ သို့သော် အာဏာသိမ်း ထိုင်း စစ်ဗိုလ်ချုပ်များကြောင့် တိုင်းပြည်စီးပွားရေး ဇောက်ထိုး မိုးမျှော် ထိုးကျသွားခဲ့သည်ဟူ၍ တခါမျှ မရှိခဲ့ဖူးပေ။

 

ဤသည်ကလည်း ထိုင်း စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံရေး နှင့် စီးပွားရေးကို ပြတ်ပြတ်သားသား ပိုင်းခြားနိုင်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။ 

 

ထိုသို့သော အကြောင်းရင်းခံကို သေသေချာချာ လေ့လာ ဆန်းစစ်ခြင်းလည်း မရှိ၊ သူတို့လုပ်လို့ရလျင် ငါလည်း လုပ်လို့ရမည်ဟူသော အတွေးဖြင့် ဘာမဟုတ်သည့် မဲစာရင်း မှားသည်ကို အကြောင်းပြကာ အာဏာကို ကလေးကစားသလို အလွယ်ကလေး ကောက်သိမ်းပစ်ခဲ့ကြသည်။

 

ထိုသို့ သိမ်းပြီးသော်လည်း ကိုယ်စွမ်းကိုယ်စ ဖြင့်တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိ၊ ပေါက်ဖေါ်ကြီး ကယ်ပါ၊ ဝက်ဝံကြီး ကယ်ပါ ဟု ခယတိုးလျိုးနေရပြီ ဖြစ်သည်။ စီးပွားရေး ဆို၍လည်း အရပ်သား အစိုးရ လက်ကျန်များ နှင့် ရတတ်သမျှ လည်ပတ်ပြီး သယံဇာတ များကို ရောင်းချ ပြီး လှုပ်လိလှုပ်လဲ့ဖြင့် အသက်ဆက်ကြရပေတော့မည်သာ ဖြစ်သည်။ စစ်စရိတ်များလည်း ထောင်းသည်ထက် ထောင်းလာနေပြီ ဖြစ်သည်။

 

မည်သို့ပင် စကားပရိယယ် အရာဖြင့် ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း ၎င်းတို့ ဘယ်အခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူများသာမက နိုင်ငံတကာကပါ ကောင်းစွာ သိနားလည် နေကြပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် မေလ အတွင်း အရှေ့တီမော သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ မစ္စတာ ဟိုစေး ရာမို့စ် ဟော်တာသည် ကုလသမဂ္ဂ စင်မြင့်မှ အနောက်နိုင်ငံများသည် ယူကရိန်းအား ပုံအော် ပံ့ပိုးပေးနေချိန်တွင် ယူကရိန်းနိုင်ငံသားများထက် မလျော့သော ဒုက္ခသုက္ခများကို ခံစားနေရသည့် မြန်မာပြည်သူ များ အတွက် အဘယ်ကြောင့် အကူအညီ ပေးဖေါ်မရသည့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ကြောင်သူတော် လုပ်ရပ်ကို မေးခွန်းထုတ်လာခဲ့ပြီ ဖြစ်သည်။

 

ရာမို့စ် ဟော်ဝာာသည် ဖရီးဒမ်း ဖိုက်တာ တဦးဖြစ်သည့် အပြင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်သည်။ ပြီးခဲ့သည့် မေလ အတွင်း သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

 

ယခုအခါ အရှေ့တီမောမှ ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်၍ အာဆီယံ အဖွဲ့ဝင် နိုင်ငံသစ် ဖြစ်လာမည့် အလားအလာ များ တွေ့လာနေရပြီ ဖြစ်သည်။

 

၎င်းကဲ့သို့ အသစ် ရွေးချယ် တင်မြှောက်ခံရသည့် 

မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာလရီ ယာကွတ် ကလည်း မြန်မာ အရေး အပေါ် လုံခြုံရေး ကောင်စီ မှ မည်သို့မျှ အရေး ယူမှု မရှိ ဖြစ်နေမှုကို စိတ်ပျက်မိကြောင်း ၎င်း၏ ကုလ အထွေထွေ ညီလာခံ မိန့်ခွန်းတွင် ထုတ်ဖေါ်ပြောကြားသွားခဲ့ပြန်သည်။

 

လုံခြုံရေး ကောင်စီသည် မြန်မာအရေးကို လက်ရှောင်ပြီး အာဆီယံကိုသာ ထိုးချနေသည်ဟုလည်း ပြောဆိုသွားခဲ့သည်။

 

ကုလသမဂ္ဂ အား နိုင်ငံကြီး ငါးနိုင်ငံမှ ကိုလိုနီပြုကာ အုပ်ချုပ်လာနေသည်မှာ ကြာမြင့်လာပြီ ဖြစ်သည့် အတွက် လွတ်လပ်ရေး ပေးရန် နိုင်ငံငယ်များက တောင်းဆိုလာနေကြပြီ ဖြစ်သည်။ ထိုသို့ ကိုလိုနီပြု အုပ်ချုပ်နေကြသော်လည်း ၎င်းတို့အချင်းချင်းလည်း ညီညွတ်မှု မရှိကြ။

 

ယခုအခါ ငြိမ်းချမ်းရေး ကို ထိန်းသိမ်း စောင့်ရှောက်ပါမည် ဆိုသော အဆိုပါ ငါးနိုင်ငံ ထဲမှ ရုရှားသည် အိမ်နီးချင်း နိုင်ငံအား စတင် ကျုးကျော်လာခဲ့ယုံမက ရှုံးမဲ မဲလာကာ နျူလက်နက်ဖြင့် တိုက်ခိုက်ရန်ပင် စတင် ချိမ်းချောက်လာနေပြီ ဖြစ်၍ နျုကလီယား စစ်မီးကြီး ထတောက်လာတော့မည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်လာနေရသည့် အတွက် ကုလသမဂ္ဂ အပေါ် စိတ်ပျက်မှု များ ဒီရေအလား မြင့်တက်လာနေပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ သည် ပြဿနာ ပြေလည်ရာ ပြေလည်ကြောင်းအတွက် အဖြေထုတ်သည့် နေရာ မဟုတ်တော့ပဲ စကားရည်လုပွဲများ အမြဲလို ပြုလုပ်နေကျ နေရာ အဖြစ် ပြောင်းလဲသွားသည်မှာ ကာလကြာမြင့် နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Image credit - Cartoon Movement