စာသင်ကျောင်း ဒုံးကျည် ဖြင့် ပစ်ခတ်ခံရမှုပုပ်ရဟန်းမင်း ထုတ်ဖေါ်ပြောဆို

by Hla Soewai - Sep 26 2022

ယခုအပတ် အတွင်း ဒုံးကျည် နှင့် စာသင်ကျောင်းအား ပစ်ခတ်ခံရမှု ကြောင့် ပူဆွေး ငိုကြွေးသံများ ကျွနုပ် ကြားခဲ့ရသည်။

 

May the cries of the little ones not go unheard! These tragedies must not happen!"

 

"ကလေး သူငယ်များ ၏ ငိုကြွေးသံများ ကမ္ဘာကြီးက မကြားပဲ မနေပါစေနဲ့၊ ဒီလို အဖြစ်ဆိုးမျိုး‌တွေ မဖြစ်ပါစေနဲ့တော့"

 

မြန်မာကဲ့သို့ အဖိုးတန် နိုင်ငံ တနိုင်ငံသည် နှစ်နှစ်ကျော်မျှ တိုက်ပွဲများ၊ အကြမ်းဖက်မှူ များကြောင့် စတေးခံခဲ့ရ၍ ထိခိုက် သေဆုံးခဲ့ရမှုများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူများ အကြောင်းကို ကျွနုပ် တွေးနေမိသည်။

 

ထိုစကားများကို တနင်္ဂနွေ့က အီတလီရှိ မာတီယာ မြို့တွင် ပြုလုပ်သော ဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီးက တကူးတက ထည့်သွင်း ပြောကြားသွားခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဗာတီကန် သတင်းလွှာတွင်လည်း တိုက်ခိုက်ခံရသော စာသင်ကျောင်းကို ထည့်သွင်း ဖေါ်ပြလာခဲ့ပြန်သည်။

 

သူ၏ တရားတော်များကို စောင့်ကြည့်ကြားနာကြသူများ သည်လည်း မြန်မာတွင် ဘာတွေ ဖြစ်ခဲ့၍ ပုပ်ရဟန်းမင်းကြီးက တကူးတက ထည့်သွင်း ပြောဆိုရသနည်း ဆိုကာ မြန်မာသတင်းများကို ရှာဖွေကြပေတော့မည်။

 

ထိုအခါတွင်တော့ စာသင်ကျောင်းအား ရဟတ်ယာဉ် ပေါ်မှ ဒုံးကျည်ဖြင့် စိမ်ပြေနပြေ ချိန်ရွယ်ပစ်ခတ်ခဲ့၍ ကလေးငယ် ၁၁ဦး အထိ သေဆုံးသွားရသည့် သတင်းကို ထိတ်လန့်ချောက်ခြားဖွယ် တွေ့မြင်ရမည် ဖြစ်သည်။

 

သို့သော် ၎င်းတို့ မိသားစု ကြီးပွားချမ်းသာရေး ကိုသာ ခေါင်းထဲ ထည့်ထားကြသူများ အဖို့က မည်သို့ပင် နေမည် မဟုတ်၊ ဒါမှမှတ်မယ် ဟုပင် ပြောကြပေဦးမည်။

 

ထိုသို့ သဘောထား ခံယူချက် ကို ရန်ကုန်တွင်တော်လှန်ရေး တပ်ဖွဲ့များ၏ ရှင်းလင်းသုတ်သင်ခြင်း ခံလိုက်ရသည့် အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်မှ စစ်တပ်အား ပေးခဲ့သော သဘောထား မှတ်ချက်တွင် ထင်ဟပ်လာခဲ့သည်။

 

အဆိုပါ သဘောထား မှတ်ချက်အား ရန်ကုန်ခေတ်သစ် မှ ‌ဖေါ်ပြခဲ့ရာတွင် "များများ -တ်ပစ်မှ ဒီလို ပရမ်းပတာ တွေ ဖြစ်နေတာ အကုန်ငြိမ်သွားမယ်၊ မြန်မြန် နဲ့ များများ -တ်ပစ်ရမယ်" တွေ့လာရသည်။

 

စစ်ကောင်စီ ဖက်ကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန့်သည့် အနေဖြင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ အိမ်ထဲမှ အိမ်ပြင် မထွက်ကြရန် လျို့ဝှက်ညွှန်ကြားစာများ ပို့ခဲ့သည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ယခုလို အနေအထားမျိုးတွင် မင်းအောင်လှိုင် ကိုယ်တိုင်ပင် စက်တင်ဘာ ၂၆ တွင် ပြင်ဦးလွင် သို့ သွားရန် ရှိနေသည်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ထွက်ပေါ်လာသော သတင်းက နောက်လိုက် ဗိုလ်ပါများ အတွက် မည်သို့မျှ စိတ်အား တက်ကြွဖွယ် ဖြစ်လာနိုင်ဖွယ် မရှိပေ။

 

၎င်းတို့ အတွက် နောက်ထပ် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်လာရသည်က ခုခံတော်လှန်ရေး စစ်ပွဲကို အရှိန်မြင့်သည့် အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဆက်သွယ်ရေး၊ သတင်း နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒရုန်း တပ်ဆွယ် "Federal Wings" ကို ဖွဲ့စည်းလာခဲ့ပြီ ဖြစ်သည် ဆိုသော သတင်းပင် ဖြစ်ပေတော့သည်။

 

စစ်ကောင်စီ မှ ကယ်ပါ ကူပါ ပန်ကြားမှု တစိတ်တပိုင်း အဖြစ် ဒေါ်လာအစား ရူဘဲ နှင့် ယွမ်များကို အသုံးပြုမည်ဟု ဆိုသည်၊ ရုရှား မှ ဓါတ်မြေဩဇာများကိုလည်း ရှေးခေတ် က ကဲ့သို့ပင် ကုန် ချင်း ဖလှယ်သည့် စနစ်ဖြင့် တင်သွင်းမည်၊ ရေနံကိုမူ ရူဘဲလ် ငွေများဖြင့် ပေးချေမည်၊ ရုရှား၏ ငွေပေးငွေယူ စနစ် ဖြစ်သည့် Mir ကပ် ကိုလည်း သုံးခွင့်ပြုတော့မည် အစရှိသဖြင့် ဇော်မင်းထွန်းက အာဘောင်အာရင်း သန်သန် ပြောဆိုသွားခဲ့သည်။

 

ဤသည်က လာမည့် လ အတွင်း မြန်မာအား ကမ္ဘာဘဏ္ဍာရေး နယ်ပယ် အတွင်း နာမည်ပျက် စာရင်းထဲ အီရန်၊ မြောက်ကိုရီယား တို့ နှင့် အတူ ထည့်သွင်းရန် ကမ္ဘာ‌ ငွေကြေး ခဝါချမှု စောင့်ကြည့်တိုက်ဖျက်ရေး အဖွဲ့ Financial Action Task Force (FATF) မှ ပြင်ဆင်လာနေသည်ကို ကြိုတင် ကာကွယ်နေခြင်း ဖြစ်ပုံရသည်။

 

ထိုသို့ နာမည်ပျက်စာရင်း ဝင်သွားပါက မြန်မာဘဏ်များနှင့် ငွေပေးငွေယူ လုပ်ရန် မည်သည့် ပြည်ပဘဏ်များမှ တာဝန်ယူရဲတော့မည် မဟုတ်၍ အစားအသောက်၊ ဆေးဝါး များ တင်သွင်းရန် ခက်ခဲလာဖွယ် ရှိသည်ဟု လေ့လာသူများက ထောက်ပြခဲ့ကြသည်။ 

 

အလားတူပင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက်လည်း ဘဏ်စာရင်း ဖွင့်ရန် နှင့် ငွေပေးငွေယူ လုပ်ရန်ပင် အခက်အခဲများ ရှိလာနိုင်သည်ဟု Nikkei Asia တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!