မည်သည့် အခြေအနေမျိုးမှ ကုလ၏ အသိအမှတ်ပြုခြင်း ခံရတော့မည် မဟုတ်

by Hla Soewai - Sep 24 2022

မြန်မာ စစ်အာဏာသိမ်း အဖွဲ့ အား စိတ်ဓါတ်ရေးရာ ထိုးစစ် ဆင်ပွဲကြီးက နယူးယောက်တွင် စတင်နေပြီ ဖြစ်သည်။

 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်မှ ကုလသမဂ္ဂ အထွေထွေ ညီလာခံ စင်မြင့်မှ "မြန်မာနိုင်ငံမှာ အာဏာ သိမ်းထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီ အရေး လှုပ်ရှားသူ‌ တွေ၊ တိုင်းရင်းသား လူမျိုး‌ တွေကို လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ဆိုးဆိုးရွားရွားကို ကျုးလွန်နေတယ်" ဟု ထည့်သွင်း ပြောဆိုသွားပြီး မိမိတို့သည် အာဖဂန်၊ အီရန် နဲ့ မြန်မာ ပြည်သူများ ဖက်က ရပ်တည်သွားမည်ဟုလည်း ပြောသွားခဲ့သည်။

 

ဂျိုး ဘိုင်ဒင်သည် အသက်အရွယ် ကြီးရင့်လာ၍လော မသိ၊ ၎င်းအမိန့်ဖြင့် မြန်မာပြည်သူများ ပိုင် ဒေါ်လာ တစ်ဘီလီယံကို သိမ်းဆည်းထားသည်ကို မေ့လျော့နေပြီး၊ "မြန်မာပြည်သူများသည် နိုင်ငံတကာ၏ တုန့်ပြန်မှုများကို အ‌တော်ကို စိတ်ပျက် ဒေါသထွက်လာ နေကြပြီ ဖြစ်ကြောင်း၊ အများစုသည် နှုတ်နှင့်သာ ထောက်ခံကြောင်း ပြောနေပြီး အလုပ်နှင့် သက်သေ ပြနိုင်ခြင်း မရှိသေး" ဟုလည်း ဆိုသည်။

 

ကမ္ဘာပေါ်တွင် ပြည်သူ့ဆန္ဒ နှင့် အညီ အုပ်ချုပ်နေသော အစိုးရ မှန်သမျှသည် ၎င်းတို့အား ထောက်ခံမှု ပေးရဲ ကြလိမ့်မည် မဟုတ်။

 

ပြီးခဲ့သည့် နှစ်က ကုလသမဂ္ဂ၏ အသိအမှတ် ပြု မခံခဲ့ရခြင်းအား emotional issue ကြောင့်ဟု ဆိုကာ ဖြေသိမ့်ခဲ့ကြသော်လည်း ယခုနှစ်တွင်လည်း မည်သို့မျှ ဆက်လက် အသိအမှတ် ပြု ခံရဖို့ မရှိ ဖြစ်နေခြင်း ကြောင့် ၎င်းတို့အဖို့ တရားဝင် အစိုးရ အဖြစ် ရပ်တည်သွားနိုင်ဖို့ မရှိတော့သည်ကို ရိပ်စားလာမိပြီ ဖြစ်၍ မျက်ကလဲဆန်ပြာတော့ ဖြစ်နေလောက်ပြီ ဖြစ်သည်။

 

အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ အပြင်းအထန် ဆန့်ကျင်လာမှု များ နှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်သည်။

 

ယခုအခါ ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် မှ လက်တုန့်ပြန်ရန် အသင့် အနေအထား ရှိနေပြီဟု ထုတ်ဖေါ်ပြော ဆိုလိုက်သည်၊ သံတမန်ရေးအရ အဖြေရှာရန် ပြောဆိုခဲ့သော်လည်း မင်းအောင်လှိုင် မှ မြန်မာ စစ်သံမှူး မှတဆင့် ၎င်းတို့နှင့် မဆိုင်ကြောင်း၊ သူပုန်များ ကြောင့်ဟု အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ကျင်းထဲကျပ်ထဲ ရောက်နေရသည်မှာ ယခုထက်ထိပင် ဖြစ်၍ နိုင်ငံတကာ၏ တောင်းဆိုချက်များကို အနည်းငယ် မျှပင် လိုက်လျော၍ မရ ဖြစ်နေပြီး အာဏာတည်မြဲရေး အတွက် အရက်စက်ဆုံး နည်းများကို သုံး‌နေရသည်၊ အခြေအနေ ကောင်းလာလျှင် ၎င်းတို့၏ လုပ်ရပ်များကို ကမ္ဘာကြီးက မေ့လျော့ကာ လူ့အသိုက်အဝန်းထဲ ပြန် ဆွဲသွင်းလာကြလိမ့်မည်ဟုလည်း မျှော်လင့်နေသည်။

 

စက်တင်ဘာ ၂၉ ရက်နေ့တွင် ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တာနဲလ်အား အပြီးသတ် အမိန့်ချမည်ကိုလည်း စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အလိမ်အညာ ရွေးကောက်ပွဲဖြင့် လူ့အသိုက်အဝန်းထဲ ပြန်ဝင်၍ ရနိုင်မည်ဟု စိတ်ကူး အယဉ်ကြီး ယဉ်နေသော်လည်း မင်းအောင်လှိုင်ပင် သမ္မတ ဖြစ်လာဖွယ် ရှိနေသည့် ရွေးကောက်ပွဲ ကို မည်သူမျှ အသိအမှတ် ပြုလာကြမည် မဟုတ်၍ ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

 

ကုလ လူ့အခွင့် အရေး အထူး သံတမန် တွန် အင်ဒရူးမှလည်း ‌အာဏာသိမ်း အဖွဲ့ လုပ်မည့် ရွေးကောက်ပွဲသည် အလိမ်အညာသာ ဖြစ်၍ ယောင်၍မျှ မယုံစား မိရန် နှင့် မည်သို့သော အကူအညီမျိုး မှ မပေးမိစေရန် နိုင်ငံတကာ သို့ ဂျီနီဗာရှိ ကုလ စင်မြင့်ပေါ်မှ လူသိရှင်ကြား ပန်ကြားလိုက်ပြီ ဖြစ်သည်။ ကုလ မှ အသိအမှတ် မပြုသော အစိုးရမျိုးသည် မည်သို့မျှ တရားဝင် ဆက်လက်ရပ်တည် သွားနိုင်ပေဦးမည်နည်း။ ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်စွာ လူသတ် မီးရှို့ခဲ့သည့် လုပ်ရပ်များအား မြန်မာတို့ အနေဖြင့် ၂၀၂၃ မဆိုထားဘိ၊ နောက်လာမည့် ဆယ်စုနှစ်ပေါင်းများစွာ အထိ သားစဉ်မြေးဆက် စွဲထင်ကျန်နေရစ်မည်ကား သေချာ လှပေသည်။

 

နိုင်ငံကို မည်ကာမတ္တမျှ လည်ပတ်နိုင်ရေး အတွက် ရုရှားမှ ငွေရှိရင် ရှိသလို ဓါ‌တ်မြေဩဇာဝယ်၊ ရေနံ ဝယ် အဆင့်မျိုးနှင့် သာ အသက်ဆက်ကြရဖို့ ရှိနေသည်။

 

ယခုအချိန်အထိ ၎င်းတို့ပြောသည့် ရုရှား ဆီသင်္ဘောသည် ဘယ်ဆီရောက်နေမှန်း မသိ ဖြစ်နေသည်၊ ၎င်းတို့အတွက်က အရေးမကြီး ရုရှား မှ ဆီသင်္ဘောကြီးများ ရောက်နေပြီဟု ပြောနိုင်ယုံလောက်နှင့် အဆင်ပြေပေသည်၊ နျုကလီယား ဓါတ်အားပေး စက်ရုံကြီးတည်တော့မည်၊ ရူဘဲလ်ငွေသည် ကမ္ဘာသုံး ငွေကြေး ဖြစ်လာတော့မည် ပါးစပ်ပါ လျင်အကုန်ပြော၍ ရနေသည် မဟုတ်ပါလော။

 

နိုင်ငံတွင်းရှိ တရုတ် ကုမ္ပဏီကြီးများက ရုရှား LNG ဓါတ်ငွေ့ရည်ကို ၎င်းတို့အတွက် မှာယူပေးရန် တောင်းဆိုခဲ့ကြသော်လည်း ရုရှားက အစိုးရချင်းသာ ရောင်းချမည် ဆိုကာ လက်မခံခဲ့ဟု Frontier Myanmar တွင် ရေးသားထားသည်၊ ဤသည်ကပင် တရုတ် ကုမ္ပဏီများ ထိခိုက်လာနေပြီ ဆိုသည်ကို ပြဆိုနေပေသည်။

 

တိုင်းပြည်၏ အနာဂတ် ကံကြမ္မာကို လည်း ယောင်၍မျှပင် ထည့်စဉ်းစားကြမည့် လူများလည်း မဟုတ်၍ မြန်မာပြည်သူများ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးနိုင်ခွင့် ပြန်လည်ရရှိရေး အတွက် သာ လုံးပမ်းကြရပေတော့မည်။

 

အနီးဆုံး ဥပမာ အဖြစ် ရုရှား အာဏာရှင် ပူတင်သည် ၎င်း၏ အဓိပ္ပါယ်မဲ့ အိမ်နီးချင်း နိုင်ငံ တနိုင်ငံ အပေါ် ကျူးကျော်နေသော စစ်ပွဲ တွင် ရှုံးနိမ့်လာနေခြင်းအား သွယ်ဝိုက်ဝန်ခံလိုက်သည့် လုပ်ရပ်အဖြစ် ရုရှားလူငယ်များ သိန်းနှင့်ချီ ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ပြီး သေတွင်းထဲ တွန်းပို့ပြီး ၎င်း၏ ကျဆင်းနေသော ဂုဏ်သိက္ခာအား မြှင့်တင်နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်၊ ယင်းနှင့်အတူ မော်စကို ရှိ လမ်းများပေါ်တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး လူငယ်အများအပြား နယ်စပ်ဒေသများမှ တဆင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်သည်။

 

ပူတင်၏ လုပ်ရပ်အား အာရှ တွင် လူသိရှင်ကြား ထောက်ခံသည့် နိုင်ငံဟူ၍ အာဏာရှင် နှစ်နိုင်ငံ ဖြစ်သည့် မြန်မာ နှင့် မြောက်ကိုရီယားသာ ရှိပေသည်။ မြန်မာ မှ ထောက်ခံသည် ဆို၍လည်း စစ်ကောင်စီ ဝင်များ နှင့် ၎င်းတို့ ဝါဒဖြန့်နေမှုများကို ဘူးလုံးနားမထွင်း မျက်စိမှိတ်ထောက်ခံနေသူ လက်တဆုပ်စာသာ ရှိသည်။ မြောက်ကိုရီယားလည်း ထို့အတူတူပင် ဖြစ်သည်။ ထိုကဲ့သို့ အင်အားနည်း နိုင်ငံတနိုင်ငံကို ကျူးကျော်သည့် လုပ်ရပ်အား ထောက်ခံမှု ပေးလိုက်ခြင်းကပင် ကိုယ့်ကျင့်သိက္ခာနှင့် ဘာမဆို အလဲအထပ် လုပ်ရန် ဝန်မလေးကြောင်း ထုတ်ဖေါ်ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

မြန်မာပြည်တွင်လည်း ထိုသို့ အဖြစ်မျိုး ဖြစ်မလာနိင်ဟု မည်သူ အတတ်ပြောနိုင်ပေမည်နည်း။

 

ကြံခိုင်ရေး ဥက္ကဌ အဖြစ် ရှုံးမည်မှန်း သိလျက်နှင့်ပင် ကတောင်းကျိုက်၊ အံကိုခဲကာ လေးငါးခြောက်နှစ် တိုက်ပွဲဝင်ခဲ့ရှာသည့် ဥက္ကဌ ဦးသန်းဌေးလည်း အာဏာရှင် ကို မလွန်ဆန်နိုင်၍ ရာထူးမှ ဆင်းပေးလိုက်ရရှာပြီ ဖြစ်သည်၊ မင်းအောင်လှိုင်မှ ညာလက်ရုံး ခင်ရီအား ဝန်ကြီးရာထူးမှ အနားပေးလိုက်ချိန်မှစ၍ ဦးသန်းဌေးသည် သူ၏ ကံကြမ္မာကို ရိပ်စားမိနေလောက်ပြီလည်း ဖြစ်သည်။ ခင်ရီသည် ယခုအခါ ကြံခိုင်ရေး ၏ ယာယီဥက္ကဌ ဖြစ်လာချေပြီ။ ဤသည်ကိုလည်း ကမ္ဘာက ဖာသိဖာသာ နေကြမည် မဟုတ်ပဲ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

 

ထို့အတွက် လက်ရှိ တော်လှန်ရေးကြီးသည် အားလုံးနှင့် သက်ဆိုင်နေသည်၊ မိမိတို့ ရင်သွေးများ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ပွဲကြီး အဖြစ် ကူးပြောင်းလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!