နယူးယောက်တွင် မော်ကြွားနေသူများ နှင့် နေပြည်တော်တွင် ကတုတ်ကျင်း တူးနေသူများ

by Hla Soewai - Sep 21 2022

ဇော်မင်းထွန်းသည် သတင်းစာရှင်းလင်းပွဲ တွင် သူ၏ ထုံးစံအတိုင်း အမှန်တရား နှင့် ကင်းကွာသော စကား များကို ပြောကာ လက်ယက်ကုန်း အလယ်တန်းကျောင်း အား ရဟတ်ယာဉ် ပေါ်မှ ပစ်ခတ်ခဲ့သည်များကို မဟုတ်မှန်ဟု ငြင်းဆိုသွားသော်လည်း ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့မှ ကလေးသူငယ် ၁၁ ဦး သေဆုံးသွားပြီ ဖြစ်သည်ဟု တရားဝင် သတင်းထုတ်ပြန်လာခဲ့ကြောင်း စင်္ကာပူ ရှိ စထရိတ်တိုင်းမ် သတင်း စာတွင် ဖေါ်ပြလာခဲ့သည်။

 

ကုလသမဂ္ဂ အတွင်း‌ရေးမှုးချုပ် မစ္စတာ ဂူတာရက်စ်မှ ထိုသို့ စာသင်ကျောင်းအား တိုက်ခိုက်ပြီး ကလေးသူငယ်များ သေဆုံးသွားသည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ မှ ချမှတ်ထားသော ဥပဒေများ ကို ချိုးဖောက်ကာ ရာဇဝတ်မှု ကျုးလွန်သူများအား မဖြစ်မနေ တာဝန်ခံရမည် ဟုလည်း ကုလ သတင်းဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိလာသည်။

 

အဆိုပါ နေရာသည် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း အလယ်တန်းကျောင်း အဖြစ် သူငယ်တန်း မှ ရှစ်တန်း အထိ သင်ကြားပေးနေကာ လုပ်အားပေး ဆရာဆရာမ ၂၀ နှင့် ကျောင်းသား စုစုပေါင်း ၂၄၀ တက်ရောက်သင် ကြားနေပြီး ဇော်မင်းထွန်း ပြောသလို တော်လှန်ရေး အင်အားစုများက လူသား ဒိုင်း အဖြစ် ကာကွယ်ရန် မောင်းသွင်းခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားနေသည်။ ကလေးများ၏ သွေးစွန်းနေသော ဖွင့်ရက်သား ရှိနေသည့် ကျောင်းစာအုပ်များ၊ လွယ်အိတ်များ၊ ဖိနပ်များက အထင်အရှား သက်သေခံနေပြီ ဖြစ်သည်။

 

မျက်မြင်သက်သေများက ရဟတ်ယာဉ်ပေါ်မှ တနာရီ ခန့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး နောက် စစ်သား ၈၀ ခန့် ကျောင်းဝင်းထဲ ဝင်ရောက်လာကာ ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ကလေး အယောက် သုံးဆယ်ခန့် ဒဏ်ရာရသွားပြီး အယောက် နှစ်ဆယ် နှင့် ဆရာ ဆရာမ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်ဟု ပြောပြခဲ့ကြသည်။

 

Save the Children ၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ ဟာဆန် နူး သည် ကုလ လုံခြုံရေးကောင်စီ နှင့် အာဆီယံ တို့မှ အရေးယူလာအောင် နောက်ထပ် မည်မျှ အထိ ထိုသို့ အဖြစ်မျိုး အဖြစ်ခံဖို့ လိုနေသေးလဲ ဟု မေးခွန်းထုတ်လာခဲ့သည်။

 

အမေရိကန် အစိုးရ မှ ကုလ စုံစမ်းရေး ယန္တရား ကော်မရှင် ၏ နိုင်ငံတွင်း မျက်မြင်သက်သေ များ၊ ထိခိုက်နစ်နာ သူများ အား ကျူးလွန်သူများကို ရုံးတင်တရားစွဲဆိုသည့်အထိ ကာကွယ်ပေးသွားရန် အတွက် ရံပုံငွေ ဒေါ်လာ တသန်း ထည့်ဝင်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ အလားတူ ဗြိတိသျှ အစိုးရကလည်း ပေါင် ငါးသိန်း ထည့်ဝင်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ရှင်းအောင် ပြောရမည် ဆိုလျှင် ထိုသို့ အမှန်တရားဖက်မှ ရဲဝံ့စွာ ထွက်ဆိုသွားမည့် သက်သေများကို အမေရိကန် နှင့် ဥရောပ မြို့ကြီးများတွင် အမှု စစ်ဆေးချိန်မှာ အဆင်သင့် ရှိနေရန် နေရာချထားပေးမည့် အစီအစဉ် ပင် ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စု နှင့် ဗြိတိန် မှ ထိုသို့ လူမဆန်သည့် လုပ်ရပ်များ ကျူးလွန်သူများအား တရားဥပဒေ အဆုံးအမ ခံယူစေရန် ကြိုးပမ်းမှု မှန်သမျှ ကို အခိုင်အမာ ထောက်ခံသွားမည်ဟု ဆိုသည်။

 

သို့သော် စစ်အာဏာသိမ်း အဖွဲ့မှ လာမည့် ကုလ သမဂ္ဂ အစည်းအဝေး တွင် ၎င်းတို့ဖက်က အသာရနိုင်ကြောင်း စိတ်ကူးယဉ်နေဆဲ ဖြစ်ပြီး မိမိတို့အား ယခုလို စာသင်ကျောင်းကို ပစ်ခတ်သည်ဟု လုပ်ကြံပြီး ကုလ အစည်း အဝေးတွင် နာမည်ဖျက်ရန် ကြံဆောင်မှု အဖြစ် စွပ်စွဲသွားသည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ ထိုသို့ လေကြီးလေကျယ်များ ပြောဆိုနေဆဲ ဖြစ်‌သော်လည်း နေပြည်တော်သည် ယခုအခါ စစ်တပ် ထောက်ခံသူများ ခိုလှုံရာ ဒုက္ခသည် စခန်းကြီး အဖြစ် ပြောင်းလဲလာနေပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အပြင် အစောင့်အကြပ်များ ထူထပ်စွာ ချထားကာ ဘန်ကာ များ ဆောက်လုပ် နေသည်ဟု သတင်းများက ဆိုသည်။ အခြား ဒေသများ တွင် မနေရဲကြသော စစ်တပ် ထောက်ခံသူများ၊ စစ်ဖက်အရာရှိကြီးများ၏ မိသားစုများ တဖြည်းဖြည်း နှင့် စုရုံးရောက်ရှိလာနေပြီး မကြာမီ မှာပင် နေပြည်တော် အစိုးရဟု တရားဝင် သုံးနှုံးခံရဖို့ နီးစပ်လာနေသည်။ မျက်မြင်သက်သေများကမူ နေပြည်တော် အား နောက်ဆုံး ခံတပ် အဖြစ် ခုခံသွားရန် ပြင်ဆင်နေပုံ ရသည်ဟု မြန်မာနောင်းတွင် ရေးသားထားသည်။

 

စစ်တပ်ထောက်ခံသူများ နှင့် စစ်ဖက်မိသားစုများသည် ယခုအခါ အသွားဆင်းရဲ အနေဆင်းရဲ ဘဝမျိုး နှင့် နေထိုင်နေကြရပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် အမြစ်ပြတ်ချေမှုန်းရမည် ဆိုသော အမိန့်သာ ပေးထားပြီး လိုက်နာရမည့် ကျင့်ဝတ် များကို ပေယျာလကန် ပြုခဲ့သဖြင့် အောက်က အထက်ကို ညာ၊ အထက်က လူထုကို ညာ သံသရာ လည်နေပြီ ဖြစ်၍ ဘယ်သူမပြု မိမိမှုသာ ဖြစ်ပေတော့သည်။ တကယ်တမ်း ဆိုရက လူထုသည် ၎င်းတို့၏ စကားကို အယုံအကြည် မရှိမှန်း သိသော်လည်း ထောက်ခံနေသူများ စိတ်အား တက်ကြွလာစေရန် မစားရဝခမန်း ဖုံးသင့်တာ ဖုံး လိမ်လည် ပြောနေရခြင်းသာ ဖြစ်ပေသည်။

 

ယခုအခါ စစ်တပ်၏ စီမံခန့်ခွဲမှု များ ကြောင့် စီးပွားရေး ပြိုလဲကျဆင်းလာမှုကို မြင်တွေ့နေရ၍ နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ စီးပွားရေးကို အောင်မြင်စွာ စွမ်းဆောင် နိုင်ခဲ့မှုများက ပို၍ သိသာထင်ရှားလာရကြောင်း ဧရာဝတီ သတင်း မှ ဆောင်းပါးဖြင့် ရေးသား ထောက်ပြလာ ခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များသည် ယခုအခါ နယူးရောက်သို့ ရောက်ရှိကာ ပွဲလည် တင့်နေကြ သည်။ ပွဲဦးထွက် အဖြစ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆိုက်ဖူဒင် အဗ္ဗဒူလာ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း နောက်ဆုံး ဖြစ်ပေါ်နေသည့် အခြေအနေများ နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 

မြန်မာ အရေး နှင့် ပတ်သက်၍ ကုလ တွင် စက်တင်ဘာ ၂၀ ၌ အီးယူမှ ဆွေးနွေးတင်ပြမည် ဖြစ်ပြီး၊ အိုအိုင်စီ အဖွဲ့ မှ စက်တင်ဘာ ၂၁ ရက် တွင် တင်ပြသွားရန် သတ်မှတ်ထားသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ လည်း စက်တင်ဘာ ၂၂ ရက်တွင် သီးခြားတွေ့ဆုံရန် ရှိနေသည်။

 

မြန်မာနိုင်ငံ အတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာပေါင်းစုံတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အရပ် သားများ ထိခိုက်သေကြေ အိုးအိမ်စွန့်ခွာ ပြေးနေရမှုများက တနေ့တခြား များပြားလာနေသည့် အဖြစ်ကို ကမ္ဘာ နိုင်ငံများမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ရန် ရှိနေသည့် ကုလ မှ မည်သို့မည်ပုံ အရေးယူ သွားမည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

 

ကုလသမဂ္ဂသည် လောလောဆယ်တွင် ယူကရိန်း၊ ဆီးရီးယား၊ အီသီယိုပီးယား နှင့် မြန်မာ တို့တွင် လူသားများ အကြီးအကျယ် ဒုက္ခသုက္ခများ နှင့် ရင်ဆိုင်နေရချိန် ဖြစ်၍ ယခု အထွေထွေ ညီလာခံကြီးသည် ကမ္ဘာကြီး လွန်စွာ အန္တရာယ်နှင့် ကြုံနေရချိန်တွင် ကျင်းပနေခြင်း ဖြစ်သည်ဟု ကုလ အတွင်းရေးမှူးချုပ်က ကြိုတင် သတိ ပေး ထားခဲ့ပြီ ဖြစ်သည်။

 

သို့သော် ကမ္ဘာငြိမ်းချမ်းရေးကို အာမခံနိုင်ရန် ဆိုကာ ဖွဲ့စည်းထားသည့် ကုလသမဂ္ဂသည် ယခုအခါ တရုတ် နှင့် ရုရှားတို့ကြောင့် ယုံကြည်မှု ပျက်ယွင်းလာနေသည့် အနေအထား နှင့် ကြုံနေရပြီလည်း ဖြစ်၍ နိုင်ငံအားလုံး နီးပါးက ကုလ အား ပြုပြင်ပြောင်းလဲရန် တညီတညွတ်တည်း တောင်းဆိုနေကြချိန်လည်း ဖြစ်သည်။ ထိုအထဲ တွင် အဖြစ်နိုင်ဆုံးက လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဂျပန် နှင့် အိန္ဒိယ အား နေရာပေးရန်၊ လက်ရှိ အမြဲတမ်း အဖွဲ့ဝင်များ ၏ ဗီတို မဲပေးနိုင်သည့် အကြိမ်အရည်အတွက်ကို ကန့်သတ်ရန် တို့ ပါရှိနေ သည်ဟု အမေရိကန် ရှိ နိုင်ငံခြား ရေး မူဝါဒ မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ