ဆော်ပြန်ပြီဟေ့

by Hla Soewai - Sep 19 2022

ယခုအပတ်ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ An economically illiterate junta is running Myanmar into the ground “စီးပွားရေး အကြောင်း နားကန်းတလုံးမျှ မသိသော စစ်ဗိုလ်ချုပ်များက တိုင်းပြည် အား ဖျက်ဆီးနေ”ဟူ သော ခေါင်းစဉ် ဖြင့် ရေးသားခဲ့ပြီ ဖြစ်သည်။ ဆောင်းပါး ပါ အကြောင်းအရာများသည် တခုမှလည်း အပိုဆာဒါးမပါ ကွက်တိများ ဖြစ်နေ၍ နဲနဲလေးတော့ ရှက်သင့်သည်ဟု ယူဆမိသည်။

 

စီးပွားရေး အကြောင်း နားကန်းတလုံးမျှ မသိသော စစ်ဗိုလ်ချုပ်များက တိုင်းပြည် အား ဖျက်ဆီးနေ

 

နောက်ဖက် အဖုံး ဖွင့်ထားသော ထရပ်ကားကြီး တစီး၏ နောက်တွင် မြွေလိမ်မြွေကောက်ပမာ ရှည်လျား လှသော လူတန်း ကြီးကို တွေ့နေရသည်။ သူတို့အားလုံးသည် ရန်ကုန် လမ်းမများပေါ်တွင် ထရပ်ကားကြီးဖြင့် လာရောက် ရောင်းချပေးနေသော စားသုံးဆီ ကို ဝယ်ယူနိုင်ရန် တန်းစီနေကြခြင်းလည်း ဖြစ်သည်။

 

လက်ကားဈေးဖြင့် ရောင်းချပေးမည် ဖြစ်သည့်အတွက် နာရီပေါင်းများစွာ မိုးထဲလေထဲ ကြားမှ စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။ အပြင်ဈေးထက် တဝက်ခန့် သက်သာနေသော်လည်း စစ်တပ်အာဏာ မသိမ်းမီ ယမန်နှစ်ကထက်စာလျှင် ၅၀ ရာနှုန်းခန့် မြင့်တက်နေသည်ကို တွေ့ရသည်။

 

ယခုအခါတွင်တော့ စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်စီးပွားရေးကို ချာလပတ်ရမ်းအောင် ပြုလုပ်လာခဲ့ လေသည်။

 

မြန်မာကျပ်ငွေ တန်ဖိုးသည်လည်း အာဏာမသိမ်းမီက နှင့်စာလျှင် သုံးပုံတပုံခန့် ထိုးကျသွားခဲ့ပြီ ဖြစ်သည်။ ပြည်ပမှ စားအုံးဆီ၊ ဓါတ်ဆီ နှင့် ဆေးဝါးများ တင်သွင်းနေရသော နိုင်ငံရှိ လူထု အတွက် အိမ်မက်ဆိုးကြီးပင် ဖြစ်သည်။ မြန်မာပြည်သူ ၄၀ ရာနှုန်းသည် (၂၀၁၇ ဈေးနှုန်းများ နှင့် တွက်ချက်လျှင်ပင်) တနေ့ ဝင်ငွေ လေး ဒေါ်လာခန့် နှင့် ရုန်းကန်နေကြရသည်ဟု ကမ္ဘာဘဏ်က ဆိုသည်။ အရပ်သား တပိုင်း အစိုးရ ဆယ်နှစ်တာ အုပ်ချုပ်ခဲ့သည့် တိုးတက်မှုများကို စစ်အာဏာသိမ်း အဖွဲ့က တထိုင်တည်း နှင့် ချေဖျက် ပြစ်ခဲ့သည်။

 

ထိုသို့ ဖြစ်လာခဲ့မှုကို တာဝန်ယူရမည့်အစား အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်မှ အစားအသောက် လျော့စားခြင်းသည် ကျန်းမာရေး အတွက် အရေးကြီးကြောင်း၊ ဟင်းချက်ရာတွင် ဆီ လျော့သုံးဖို့ လိုကြောင်း ဟောပြောလာခဲ့သည်။ ထိုသို့ ပြောလာခြင်းသည် တကမ်တမ်းတွင် ၎င်းအမှန်တကယ် စိုးရိမ်နေသည့် တိုင်းပြည် ၏ ငွေပေးငွေယူ ရှင်းတမ်း ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ပြည်တွင်း သုံးစွဲမှုကို လျော့ချရန်၊ ပြည်တွင်းတွင် ဆီထွက်သီးနှံများ အထွက်နှုန်း တိုးမြှင့်ရန် နှင့် သုံးစားမရ၍ စွန့်ပြစ်ထားရသော နိုင်ငံပိုင် စက်ရုံများကို ပြန်လည် ဖွင့်လှစ်ရန် တို့ကိုလိုလား နေသည်။ သို့မှသာ ပြည်တွင်း အား ကို တိုးမြှင့်ပြီး လိုငွေပြနေမှုများကို ကာမိမည်ဟု ဆိုကာ ကြံစည်နေကြ ခြင်းပင် ဖြစ်သည်။

 

ပြည်ပမှ စီးပွားရေးအား ပိတ်ဆို့ ဒဏ်ခတ်လာမှု နှင့် ဝိုင်းပယ်ခံထားရမှုများ အတွက် ကာကွယ်ရန် ကြိုးပမ်းနေသည့် စစ်ဗိုလ်ချုပ်များ၏ ပေါ်လစီများသည် အပြင်မှ ကြည့်လျှင် ရူးသွတ်မှု သက်သက်သာ ဖြစ်သော်လည်း ၎င်းတို့အတွက် လွန်စွာမှ ပင် အဓိပ္ပါယ် ရှိနေသည်။

 

၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တွင် နိုင်ငံရေး နှင့် စီးပွားရေး ကို အရင်းအမြစ်မှစ၍ မြေလှန် ပြောင်းလဲမှု များ ပြုလုပ်လာခဲ့ကြသည်။ သို့သော် လက်ရှိ အုပ်စုသည် ရှိနေပြီးသား ပေါ်လစီများကို တနှစ်ကြာ အရေးပေါ် ကာလအတွင်း ဆက်လက်ထားရှိသွားမည်ဟု ဦးစွာ ကြေညာလာခဲ့သည်။ ထို့နောက် ထပ်မံ သက်တမ်းတိုးပြီး ရွေးကောက်ပွဲ အသစ််ပြန်လုပ်မည်ဟု ဆိုသည်။ ၎င်းတို့သည် နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်လာမည့် အရေးကို ပြင်ဆင်ထားခြင်း မရှိခဲ့သည့်အပြင် တဆက်တည်း ဆိုသလို ဖြစ်ပေါ်လာမည့် စီးပွားရေး ပျက်ပြားသွားမှုကို ဖြေရှင်းရန် အစီအမံ ဟူ၍လည်း မရှိခဲ့ပေ။

 

ဦးစာ ပထမ အနေဖြင့် ကျပ်ငွေ ဈေးနှုန်း ထိုးကျလာမှု ကြောင့် နိုင်ငံခြား အရံ‌ငွေ ဒေါ်လာ သန်း ၆၀၀ ခန့်ကို ထုတ်ရောင်းလာခဲ့သည်။ (စုစုပေါင်း ပမာဏ၏ ၁၀ ရာနှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်)။ ဧပြီလ ရောက်လာ သည့် အခါတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်မလာ၊ ရနေကျ ပြည်ပ အကူအညီများလည်း တပြား တချပ်မှ မရ၊ ပြည်ပ မှ လွှဲပြောင်း ငွေများအရံငွေသည် ကျဆင်းလာနေပြီး လူသုံးကုန်များ ဈေးတက်လာနေ သည့်အခါတွင်တော့ ရှိသမျှ ဒေါ်လာများကို ခြစ်ကုပ်လာရပြီး ပြည်ပ သို့ ထွက်မသွားရန် သွင်းကုန် ကန့်သတ်မှုများ လုပ်လာကြသည်။

 

ဤသို့ဖြင့် မရှိမဖြစ် လိုအပ်သော သွင်းကုန်များ ပြတ်လပ်လာခဲ့ရသည်။ ထိုအထဲတွင် ဆီးချို နှင့် ကင်ဆာ အတွက် ဆေးဝါးများလည်း ပါဝင်နေသည်။ ပို့ကုန်သမားများလည်း ဒေါ်လာနှင့် ရသော အမြတ်ငွေများကို သတ်မှတ်ထားသည့် ဈေးနှင့် လဲရမည်ဆို၍ တန့်ကုန်ကြသည်။ အတော်များများက လုပ်ငန်းများကို ရပ်ဆိုင်း ခဲ့ကြသည်။ အချို့ကလည်း ရငွေများကို ပြည်ပ ဘဏ်များ တွင် သွား၍ အပ်နှံထားကြသည်။ မည်သူကမျှ ၎င်းတို့ အမြတ်ငွေများ အား စစ်အာဏာသိမ်း အဖွဲ့ကို ကျားကန်နိုင်ရန် ပံ့ပိုးလိုစိတ် မရှိကြပေ။

 

နောက်ပိုင်းတွင် ထိုသို့ ကသောင်းကနင်း ဖြစ်လာမှု များသည် သူတို့တွင် သွယ်ဝိုက်၍ တာဝန် မကင်း ဆိုသည်ကို စစ်ဗိုလ်ချုပ်များ သဘောပေါက်လာကြသည်။ ထို့အတွက် ထိန်းချုပ်မှု အချို့ကို ဖြေလျော့ပေးလာကြပြန်သည်။

 

ဩဂုတ်လလယ်တွင် ပို့ကုန်သမားများ ရရှိသည့် ဝင်ငွေ၏ သုံးပုံတပုံကို သိမ်းဆည်း နိုင်သည် သို့မဟုတ် လက်ရှိ သတ်မှတ် ပေါက်ဈေးဖြင့် ကျပ်ငွေ နှင့် လဲလှယ်ရမည်ဟု ဆိုသည်။ ကုန်သည်များက ဒေါ်လာရဖို့ လွယ်လာပြီဟု ပြောလာသည်။

 

သေချာသည်မှာ စီးပွားရေး သမားတို့၏ ဖြစ်စေချင်သည်များကို ဈေးကွက်အင်အားစုများအား မိမိတို့ စေစားရာအတိုင်း ဖြစ်ရန် ပုံသွင်းနေသည့် စစ်အာဏာသိမ်း အဖွဲ့က ဖြည့်ဆည်းပေးတော့မည် မဟုတ်။ ဇွန်လ ထဲတွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ ၆ ဦးအား ဗဟိုဘဏ်ထဲ ထိုးထည့်လာကြသည်။ မင်းအောင်လှိုင်၏ အနီးကပ် လက်ရုံးတဆူ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ယခုအခါ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဖြစ်လာချေပြီ။ ၎င်း၏ ကော်မရှင်မှ တိုင်းပြည်၏ ကုန်သွယ်ရေး နှင့် နိုင်ငံခြားငွေကြေးများ အပေါ် ကြီးကြပ်မည့် ကော်မတီများကို ထိန်းချုပ်သွားရမည် ဖြစ်သည်။

 

စီးပွားရေး ကို စီမံခန့်ခွဲရန် ကြိုးပမ်းလာမှုများသည် ဆရာမွေး တပည့်မွေး အနေအထားများ ဖန်တီးပေးလာ တော့မည် ဖြစ်သည်။ မင်းအောင်လှိုင်သည် ယခင် စစ်အစိုးရကို ကျားကန်ပေးခဲ့သော စိတ်တော်သိ ဗောင်း တော်ညိမ့် ခရိုနီ တသိုက် ကို ပြန်၍ အသက်သွင်းချင်နေသည်။ ဒီတကြိမ်တွင် သူထင်ထားသလောက် လွယ်ကူ လိမ့်မည် မဟုတ်ဆိုသည်ကို စင်္ကာပူ အမျိုးသား တက္ကသိုလ်မှ ဂျရပ်ချ် မက္ကာသီ က ထောက်ပြလာသည်။

 

စီးပွားရေး မကောင်းပါက အမြတ်စွန်းစွန်း ရမည့် လုပ်ကွက်များ အလိုလို နည်းသွားလိမ့်မည်သာ ဖြစ်သည်။ ဆယ်စုနှစ် တခု လုံး လုပ်ငန်းများကို ရွှေ့ပြောင်းလုပ်ကိုင် နေပြီးသူများ အဖို့ နောက်ထပ် စစ်အစိုးရ တဖွဲ့၏ နောက်မြီး ဆွဲရမည့်အရေးအား ရှောင်ဖယ်နေကြမည်သာ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် အာဏာစွန့်မည်ဟု ပြောနေကြသော်လည်း လက်ရှိတွင် မကြုံစဖူးအောင် တိုင်းရင်းသား များ နှင့် ဒီမိုကရေစီ လိုလားသော ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့များ၏ ခုခံ တွန်းလှန်မှု နှင့် ရင်ဆိုင်နေ ကြရသည်။

 

၎င်းတို့နှင့် ပူးပေါင်းဖို့ ညွတ်နူးလာစရာ မရှိပေ။ တော်လှန်ရေး အင်အားစုများ အောင်မြင်သွားပါက စစ်ဗိုလ်ချုပ်များ နှင့် ပူးပေါင်းခဲ့သူများ အဖို့ ပြစ်ဒဏ်ခတ်ခြင်း ခံရနိုင်ဖွယ် ရှိနေသည်။

 

“စစ်ဗိုလ်ချုပ် တယောက်စ နှစ်ယောက်စ ကို ပသ နေရမဲ့ စီးပွားရေး လူတန်းစား အသစ်တရပ်ကို ဖန်တီးလို့ မရနိုင်ဘူး” ဟု မက္ကာသီက ဆိုသည်။ “လက်ရှိ ကရိုနီတွေအနေနဲ့ စစ်တပ်ကနေ မသမာတဲ့ နည်းနဲ့ ရွေးကောက်ခံ အစိုးရမျိုး ဖြစ်လာအောင် အသွင်ကူးပြောင်းလာတဲ့ အထိ၊ ဒါမှ မဟုတ်လည်း သူ့စားရိတ်နဲ့သူ အဆုံးသတ် သွားမယ့် အချိန်ကို စောင့်နေကြတယ်” ဟုလည်း ပြောသွားခဲ့ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!