ရှီကျင်ပင့်သည် လောလောဆယ် တွင် ပူတင်ကို ပစ်ပယ်မည် မဟုတ်

by Hla Soewai - Sep 18 2022

ဗလာဒီမာ ပူတင်သည် ဥဇဘက် မြို့တော် ဆာမာကန်တွင် ကျင်းပနေသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Shanghai Cooperation Organization (SCO) ထိပ်သီး အစည်းအဝေးသို့ ရောက်ရှိလာသော တရုတ်သမ္မတ ရှီကျင်ပင့်အား အရှုံးကို ရင်ဝယ်ပိုက်ပြီး မျက်နှာပူပူ နှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။ သူ့အနေနှင့် ရှီကျင်ပင့်အား တောင်းပန်စရာလည်း ရှိနေပြန်သည်။

 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ဘီဂျင်း ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲနေ့တွင် ပူတင် နှင့် ရှီကျင်ပင့်တို့ နှစ်ဦးသား "အကန့်အသတ်မရှိ" နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိနေကြောင်း ကြေညာခဲ့ကြသည်၊ ထို့နောက် ရက် အနည်းငယ် အကြာတွင် ရုရှားသည် ယူကရိန်းအား ဝင်ရောက် ကျုးကျော်တိုက်ခိုက်လာခဲ့၍ ဘီဂျင်း အဖို့ မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။

 

ဘီဂျင်းလည်း အလျင်အမြန်ပင် ကြားနေကြောင်း ထုတ် ဖေါ် ပြောဆိုခဲ့ရသည်။ ရှီကျင်ပင့်သည် ယခုအခါ သူကိုယ်တိုင် "မိတ်ဆွေကောင်းကြီး" ဟု ပြောဆိုခဲ့သည့် ရက်ရက်စက်စက် လုပ်တတ်သည်က လွဲ၍ စဉ်းစားဆင်ခြင်ညဏ် ကင်းမဲ့ပြီး အရည်အချင်း မပြည့်ဝသူ အဖြစ် ‌ကမ္ဘာအလည်တွင် ပေါ်လွင်လာသည့် ခေါင်းဆောင် တဦး နှင့် မျက်နှာခြင်းဆိုင် တွေ့နေရပြီ ဖြစ်သည်။

 

ရုရှားတို့ လက်ရှိ အရှုံးနှင့် နပမ်းလုံးနေရချိန်တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း ကမ္ဘာလုံခြုံရေးရာများကို ပူတင်နှင့် လက်တွဲ ဖေါ်ဆောင်သွားမည်ဟု လူသိရှင်ကြား ပြောခဲ့သည်များကို ပြန်လည် သုံးသပ် မည်လား ဆိုသည်ကတော့ ပြောရန် စောလွန်းနေပေသေးသည်။

 

၎င်းတို့နှစ်ဦးစလုံးသည် အာရှ နှင့် ဥရောပတွင် ‌အမေရိကန်တို့ မဟာမိတ်များ တိုးချဲ့စည်းရုံးလာနေခြင်း၊ အနောက်တိုင်း၏ ပါတီစုံ ဒီမိုကရေစီ စနစ်ကို စက်ဆုပ် ရွံရှာနေခြင်း များတွင် အမြင်ချင်းတူညီနေကြသည်။ 

 

ပူတင် အဖို့ တရုတ်တို့ အမြင် ကြည်လင်လာအောင် လုပ်ဖို့ အချိန်ရှိနေသေးသည်။ ထို့အတွက် ယူကရိန်းအား အနိုင်တိုက်စရာ အထိ လုပ်ဖို့မလိုပဲ တရုတ်တို့ ရည်မှန်းချက် ဖြစ်သည့် အမေရိကန် တို့ ကြီးစိုးနေသည့် ‌ဥရောပ နိုင်ငံများ အကြား စိတ်ဝမ်းကွဲကုန်ပြီး အားပျော့ သွားစေရန် ဖန်တီးနိုင်လျင် လုံလောက်နေပြီ ဖြစ်သည်။

 

ဥရောပတိုက်သားများက စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာကာ လာမည့် ဆောင်းရာသီတွင် ဒုက္ခ လှလှကြီး တွေ့ရမည် အရေးသည် အမေရိကန် တို့ ဝင်ရောက်စွက်ဖက်လာ၍ ဟု ရှူမြင်စေချင်ကြသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း ရုရှားတို့ ဆုတ်ခွာပေးနေရသည့် သတင်းများကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်သည့် အာဘော်များကို သံယောင်လိုက်၍ တရုတ် မီဒီယာများက ဖေါ်ပြလာခဲ့ကြသည်။

 

ဘိုင်ဒင် အစိုးရကိုလည်း အမေရိကန် လက်နက်ကုမ္ပဏီ ကြီးများ အကျိုးအမြတ်များ တနင့်တပိုး ရစေရေး အတွက် စစ်ပွဲဖြစ်အောင် ဖန်တီးသည်ဟုလည်း အမြဲလို စွပ်စွဲ ရေးသားနေကြသည်၊ တဆက်တည်းမှာပင် ဥရောပ တိုက်သားများသည် မိုးထိအောင် မြင့်တက်လာနေသော လောင်စာဆီ နှင့် ဓါတ်ငွေ့ ဈေးနှုန်းများ ဒဏ်ကို ရင်ဆိုင်ကြရတော့မည် ဆိုသော အကြောင်းအရာများကိုလည်း တဖွဲ့တနွဲ့ ရေးသားကြပြန်သည်။ ခေါင်းစဉ်တိုင်းလိုလိုတွင် "အမေရိကန်တို့ သာ အကျိုးအမြတ်ထွက်၊ ဥရောပ အဖို့ ပျက်စီးခြင်း ငါးပါးဆီ ဦးတည်" ဆိုသည့် သဘောမျိုး အဓိပ္ပါယ် သက်ရောက်အောင် ဖေါ်ပြခဲ့ကြသည်။

 

ရုရှားတို့ အပြောဖြစ်သည့် နေတိုးအဖွဲ့ကြီးကို မိမိတို့ နယ်စပ်နား ရောက်အောင် ဖန်တီးပြီး ရန်စခဲ့ကြ၍ ဖြစ်ရကြောင်း၊ အမေရိကန် စစ်တပ်မှ ယူကရိန်းတွင် ဇီဝလက်နက် ဓါတ်ခွဲခန်းများ ထူထောင်ပေးနေ‌ကြောင်း အစရှိသည့် ရုရှားတို့ ၏ အပြောမျိုးကို တရုတ် ကွန်မြူနစ် ပါတီ ဝါဒဖြန့်ချီရေး သမားများက မြိန်ရေရှက်ရေ ပြောနေကြပြန်သည်။ သို့သော် ယူကရိန်းသည် သမိုင်းအဆက်ဆက် ရုရှားပိုင် ဖြစ်ပြီး လီနင် နှင့် ဘော်ရှီဗစ်တို့၏ အမှားကြောင့် ပဲ့ထွက်သွားရခြင်း ဆိုသည်ကိုတော့ မသိချင်ယောင် ဆောင်နေကြသည်။

 

ထာဝရ ရှင်သန်နေမည့် ကွန်မြူနစ် ခေါင်းဆောင်ကြီး၏ အတွေးအခေါ်များကို စော်ကားမော်ကား လုပ်လာသည့် အပြောမျိုးကို တရုတ်တို့ အဘယ်သို့များ သံယောင်လိုက်၍ ရနိုင်ပေအံ့နည်း။

 

တရုတ်သည် ၎င်းတို့သာ တိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်မည် ဆိုက ရုရှားကို လုပ်သလို ဝိုင်းဝန်း ဒဏ်ခတ်ကြမည်ကို သိလာ၍ လက်ရှိ ရုရှားအား ပိတ်ဆို့ထားမှုကို အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။ ယူကရိန်းတွင် ရုရှားတို့ အောင်ပွဲခံ၊ ထိုသို့မဟုတ်ကလည်း အနည်းဆုံး သရေ ကျလျင်ပင် တရုတ်တို့ အတွက် အကျိုးရှိမည် ဖြစ်သည်။

 

ရုရှားတို့ အနိုင်ရလျင် အနောက်အုပ်စု၏ အရှုံးအဖြစ် တရုတ်တို့ အောင်ပွဲခံနိုင်မည်၊ သရေ ဆိုလျင် အင်အား ချိနဲ့သွားသော ရုရှားသည် မာန်လျော့ကာ အလိုလို တရုတ်တို့ထံ တပည့်ခံလာမည် ဖြစ်ပြီး ၎င်းတို့ထံ မှ ရေနံ နှင့် သယံဇာတများကို လိုသလို ညှစ်ထုတ်ယူနိုင်တော့မည် ဖြစ်သည်။

 

ယခုပင် အပယ်ခံ ဘဝ ရောက်လုနီးနီး ဖြစ်လာနေသည့် ရုရှားထံမှ တရုတ်သည် ရေနံ နှင့် ဓါတ်ငွေ့ကို ပေါက်ဈေးထက် လျော့ဝယ်ယုံမျှမက ယွမ်ငွေဖြင့် ‌ပင် ပေးချေနေပြီ ဖြစ်သည်။ ရှီကျင်ပင့် နှင့် မတွေ့ဆုံမှီက "ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဆွေတွေကတော့ဗျာ ဈေးဆစ်တာ တော်ပါပေရဲ့" ဟု ပူတင်ကပင် မှတ်ချက် ချခဲ့ရသည်။

 

လောလောဆယ် ပူတင် ဒုက္ခတွေ့နေသည့် အဖြစ်ကို တရုတ်တို့ မလို‌လားသော်လည်း ကိုင်တွယ်၍ ရနိုင်သေးသည်ဟု ယူဆထားသည်။ လုံးဝ အရေးနိမ့်သွားခဲ့လျင်တော့ တမျိူး စဉ်းစားလာကြမည် ဖြစ်သည်။ ထိုအခါတွင် မော်စကို တွင် ပူတင် နန်းကျဖို့ ဖြစ်လာနိုင်သည်များပါ ထည့်စဉ်းစားကြရတော့မည် ဖြစ်သည်။

 

နောက်တကြောင်းက လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံများသည် စည်းလုံးညီညွတ်စွာဖြင့် ဖြစ်လာသမျှကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ၎င်းတို့၏ ကမ္ဘာနိုင်ငံရေး အခင်းအကျင်းကို ဆက်ထိန်းထားမည် ဆိုလျှင် အနောက် နိုင်ငံများ ကျဆုံးစ ပြုလာနေပြီ ဆိုသည့် တရုတ်တို့၏ လက်သုံးစကား အပေါ် အယုံအကြည်မဲ့လာကြပေတော့မည်။

 

ရှီကျင့်ပင်သည် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျင်းပမည့် တရုတ် ကွန်မြူနစ် ပါတီ ညီလာခံကြီး တွင် ၎င်းအား အာဏာအရရော၊ သဘောတရားရေးရာ အရပါ ထီးဖြူထပ်ဆောင်းပေးလာမည်ဟု မျှော်လင့်နေချိန်လည်း ဖြစ်သည်။ လောလောဆယ်တွင် စီးပွားရေး နှေးကွေးလာနေခြင်း နှင့် အတူ ၎င်း၏ ဇီးရိုး ကိုဗစ် မူဝါဒအပေါ် အပြင်းအထန် ဝေဖန်ခံနေရချိန်လည်း ဖြစ်သည်။

 

ထိုသို့သော အချိန်မျိုးတွင် ရှီသည် မိတ်ဆွေ အဖြစ် ဖိုက်တာ သမားကိုသာ လက်ခံလိုပြီး အရှုံးသမားနှင့် လက်တွဲနေရသူ အဖြစ် အမြင်ခံလိုမည် မဟုတ်ပေ။

 

ယခုပင် ပူတင်သည် မိမိတို့ ယူကရိန်းတွင် ပျက်ပြားသွားသည့် စစ်ဆင်ရေးများ အပေါ် မစ္စတာ ရှီမှ စိုးရိမ်မကင်း နှင့် မေးခွန်းထုတ်လာခဲ့ခြင်း အပေါ် သဘောပေါက်ကြောင်း ထုတ်ပြောလာရပြီ ဖြစ်သည်။

 

(၂၀၂၂ စက်တင်ဘာ ၁၅ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီးတွင် ပါရှိသော "Xi Jinping won't ditch Vladimir Putin, for now" ဆောင်းပါးအား ကိုးကား တင်ပြသည်)