သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(42)

by Hla Soewai - Sep 15 2022

အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် တော်လှန်ရေးကြီး (၃)

******************

 

ဤသို့ဖြင့် အခြေအနေများ အဖက်ဖက် က ဆိုးရွားလာသဖြင့် ၁၆၄၆ တွင် ချားလ် ဘုရင်သည် စကော့တစ် တပ် သို့ သူ့ကိုယ်သူ အပ်နှံသည် ဆိုကာ ဝင်ရောက်လာသည်။ ထိုစဉ်က ချားလ်သည် သူ၏ လုပ်ရပ်အား လက်နက်ချသည့် သဘောမျိုး ယူဆခဲ့ခြင်း မရှိပေ။ ထိုအစား စေ့ဆပ်ဆွေးနွေးမှုများ အစပျိုးရန် အတွက် ဖြစ်သည်ဟု ယုံကြည်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

ဤသည်က ချားလ်၏ အသက်နှင့် ရင်းပြီး ကျုးလွန်ခဲ့သည့် မဟာ အမှားကြီး ဖြစ်သွားခဲ့သည်။ စကော့တစ် စစ်တပ်သည် သူတို့ထံ ရောက်လာသော ချားလ်ဘုရင်အား အင်္ဂလိပ် ပါလီမန် တပ်များထံ လွှဲပြောင်းပေးလိုက်သည်။ ပါလီမန် တပ်များက ပြည်တွင်းစစ်ကြီး ဆက်လက် ဖြစ်ပွားနေချိန် ဖြစ်၍ ချားလ်အား ချုပ်နှောင်ထားခဲ့သည်။ သူနှင့် ပတ်သက်၍ မည်သို့မည်ပုံ လုပ်ရမည်ကို မဆုံးဖြတ်နိုင်သေးသော ကြောင့်လည်း ဖြစ်သည်။ 

 

၁၆၄၈ နွေရာသီ ဝင်ရောက်လာသည့် အခါတွင်တော့ ပါလီမန် တပ်များသည် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်သည်။

 

ခေါင်းဆောင်ဖြစ်သူ အိုလီဗာ ကရွန်းဝဲလ်သည် ဘုရင် အသက်ရှင်နေသမျှ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးမျိုး ရလာနိုင်စရာ အကြောင်းမရှိဟု သုံးသပ်ခဲ့သည်။ သို့သော် ပါလီမန် အမတ် အတော်များများသည် တရားဝင် တင်မြှောက်ထားသော ဘုရင်တပါးအား ကွပ်မျက်ပစ်ရမည့် အရေးကို ဆန့်ကျင်ခဲ့ကြသည်။ သိုသော် ကရွန်းဝဲလ်သည် သူလုပ်ချင်သည်ကို အထမြောက်အောင် နည်းမျိုးစုံ သုံး၍ ပါလီမန်၏ ထောက်ခံမှု ရအောင် လုပ်နိုင်ခဲ့သည်။

 

၁၆၄၈ ဒီဇင်ဘာ ၆ ရက်နေ့တွင် ကရွန်းဝဲလ် ၏ မဟာမိတ်များထဲမှ တဦးဖြစ်သူ ဗိုလ်မှုးကြီး အဆင့်ရှိ သောမတ်စ် ပရိုက်သည် သူ၏ နောက်လိုက်နောက်ပါ စစ်သားများ ခြံရံလျက် ပါလီမန် အဆောက်အဦးထဲသို့ ဝင်ရောက်လာခဲ့ပြီး ပါလီမန် အမတ် ၂၀၀ ကျော်အား ပါလီမန်ထဲ အဝင်မခံတော့ပဲ ရာထူး အား စွန့်လွှတ်ခိုင်းခဲ့သည်။ ပါလီမန် အမတ် ၁၀၀ နီးပါးသာ ၎င်း၏ နောင်တွင် ပရိုက်၏ သန့်စင်မှုကြီး ဟု ထင်ရှားလာမည့် အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ကြသည်။ (ပုံတွင် တွေ့နိုင်သည်)

 

ရွန်းဝဲလ် ၏ အကြံအစည်ကို သဘောတူသော အမတ် ၂၀၀ ကျော်သာ ဝင်ရောက်ခွင့်ပြုခဲ့သည်၊ ဤသို့ဖြင့် ဝက်မင်စတာ ခမ်းမကြီးတွင် ပါလီမန် တရားရုံးကို ဖွဲ့ပြီး တရားစီရင်မှု စတင်ခဲ့သည်။ ထိုတရားရုံးမှ ပထမမြောက် ချားလ်ဘုရင်အား သစ္စာဖေါက်မှု တွင် ပြစ်မှု ထင်ရှားကြောင်း ကြေညာပြီး သေဒဏ် အမိန့် ချမှတ်ခဲ့သည်။ ထိုသို့ ပြစ်ဒဏ် စီရင်မှု အား ဗြိတိန် နိုင်ငံသား အတော်များများက ကန့်ကွက်ခဲ့ကြသည်။

 

၁၆၄၉ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ချားလ် ဘုရင်အား ခေါင်းဖြတ်သတ်ကာ ကွပ်မျက်ခဲ့ကြသည်။ ထိုသို့ လူထု ရှေ့မှောက်တွင် ကွပ်မျက်ခဲ့ခြင်းသည် လူတ‌ဦး သေဆုံးသွားခဲ့သည် ဆိုသည်ထက် ပို၍ အဓိပ္ပါယ်များစွာ သက်ရောက်သွားခဲ့သည်။

 

ဘုရင်သည် နတ်ဘုရားတို့ အပ်နှင်းသော အခွင့်အာဏာ ပိုင် ဆိုသော အယူအဆအား နင်းခြေ ပျက်စီးပစ်နိုင်ခဲ့သည်။ ယင်းနှင့်အတူ ပေါက်ဖွားလာခဲ့သော စနစ်ကြီး တခုလုံး ပျက်သုန်းသွားခဲ့ခြင်း ဖြစ်ယုံမက ယခင်က ဘုရားကျမ်းဂန်များအလား ဆစ်ဆစ်ထိ မခံ ဖြစ်ခဲ့သည့် အတွေးအခေါ်များကိုပါ ငြင်းပယ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

 

ရှေ့ကို ဆက်၍ လုပ်စရာ ရှိသည်များကို လုပ်နိုင်ဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။

 

ကရွန်းဝဲလ် သည် အင်္ဂလိပ် ထီးနန်းသာမက အထက် နှင့် အောက်လွှတ်တော်တို့ကိုပါ ဖျက်သိမ်းပစ်ခဲ့သည်။ ထိုနေရာများတွင် ဓနသဟာယ အုပ်ချုပ်ရေး ဖြင့် အစားထိုးလာခဲ့သည်။

 

သို့သော် ပြီးဆုံးသွားခဲ့သည့် ပြည်တွင်းစစ်ကြီးတွင် အင်္ဂလန်၊ အိုင်ယာလန် နှင့် စကော့တလန် တို့မှ လူပေါင်း ၂၀၀,၀၀၀ ခန့် သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံခဲ့ရပြီး ဘာသာရေး ပိုင်းတွင် အကွဲအပြဲများ အသစ်တဖန် ပေါ်ထွက်လာခဲ့ပြန်သည်။

 

ဗြိတိန် တနိုင်ငံလုံးလည်း ကဗြောင်းကဗြန် ဖြစ်လာခဲ့သည်။ ပြည်တွင်းစစ်ကြောင့် အယူအဆတွင် တဖက်စွန်း ရောက်သူများ ပြန်လည် ခေါင်းထောင်လာခဲ့ပြီး Levelers ဆိုသည့် အဖွဲ့ ပေါ်ထွက်လာခဲ့သည်။

 

ထိုအဖွဲ့သည် ဘုရင်ကို ဆန့်ကျင်သည့် ပါလီမန်ကို ထောက်ခံခဲ့သူများ ဖြစ်သည်။ ထို့နောက်တွင် ပါလီမန်ကို ဒီမိုကရေစီ နှင့် ကိုက်ညီမှု ရှိအောင် ကြိုးပမ်းခဲ့ကြသည်။ မဲပေးနိုင်ခွင့် ရရှိရန် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုရှိရမည် ဆိုသည့် လိုအပ်ချက်ကိုလည်း ဖျက်သိမ်းခြင်းဖြင့် နိုင်ငံရေး အရွေ့တခု ထွက်ပေါ်လာအောင်လည်း အားထုတ်လာကြသည်။ သို့မှသာ ပို၍ သာတူညီမျှ ရှိလာမည့် လူ့အစည်းအရုံးကြီး ဖြစ်ပေါ်လာမည်ဟု ယုံကြည်ခဲ့ကြသည်။

 

ဘုရားသခင်သည် ကျိုးကြောင်းဆင်ခြင်တတ်မှုဖြင့်သာ ဘာသာတရား အပေါ် ယုံကြည်နိုင်စွမ်းကို လူသားများ၏ အသိညဏ်ထဲ သွတ်သွင်းထားပြီး ဖြစ်သည်ဟု Levelers များက ယုံကြည်ထားကြသည်။ ဤသည်ကို အခြေခံပြီး လူသားများသည် မိမိတို့ ကြမ္မာကို မိမိတို့ ဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိသည်ဟု ပါ တဆင့်တက်၍ တွေးခေါ် ယူဆလာကြသည်။ ထိုမှတဖန် လူတို့သည် နိုင်ငံ အရေးတွင် ဆုံးဖြတ်နိုင်စွမ်း ရှိသူများဖြစ်၍ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပဲ လူတိုင်းသည် ပါလီမန် အမတ်များကို မဲပေးရွေးချယ်နိုင်စွမ်း ရှိသည်ဟု နောက်တဆင့် ထပ်တက်ကာ ခံယူခဲ့ကြသည်။ 

 

အိုလီဗာ ကရွန်းဝဲလ်သည် ထိုအယူအဆများ အား အစွန်းရောက်လွန်းသည်ဟု ယူဆလာသည်။ သူ့တွင်ရှိ တော်လှန်သော အတွေးအခေါ်များနှင့်သာ အင်္ဂလိပ်တို့ အတွက် လိုအပ်သော အစိုးရ ပုံစံမျိုးကို တည်ဆောက်သွားရန် စိတ်ကူး ရှိကောင်း ရှိနေပြီး ဖြစ်မည်။ ထို့အတွက် Levelers တို့၏ ဒီမိုကရေစီ ကျကျ အတွေးအခေါ်များကို လက်ခံလိုစိတ် မရှိခြင်းပင် ဖြစ်မည်။ အင်္ဂလိပ် ထီးနန်းကို ဖျက်သိမ်းပစ်ခဲ့ပြီးနောက်တွင် ကရွန်းဝဲလ်သည် သူနှင့် အမြင်မတူသူများ အသံထွက်မလာနိုင်အောင် ကြိုးပမ်းလာခဲ့သည်။