ရုရှား တပ်များ ဆုတ်ခွာနေကြရပြီလော

by Hla Soewai - Sep 14 2022

စက်တင်ဘာ ၆ ရက်နေ့တွင် ယူကရိန်းတပ်များက မထင်မှတ်ပဲ တန်ပြန် ထိုးစစ်ကြီးကို စတင် ဆင်နွှဲလာခဲ့ကြပြီး ရုရှား ခံစစ် စည်းများကို ဆက်တိုက်ဆိုသလို ဒလကြမ်း ဖြတ်ကျော်လာနိုင်ခဲ့သည်။

 

စက်တင်ဘာ ၁၁ ရက်နေ့တွင် တော့ ယူကရိန်း စစ်ဦးစီးချုပ် ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူရှနီ မှ မိမိတပ်များသည် ဆယ်တစ်ရက် အတွင်း စတုရန်း ကီလိုမီတာ ၃,၀၀၀ ကျော်ကိုပြန်လည် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် လေ့လာသူများကမူ စတုရန်း ကီလိုမီတာ ၉,၀၀၀ ကျော် မည်ဟု ထင်ကြေးပေးနေကြသည်၊ ထိုအကျယ်အဝန်းသည် ဆိုက်ပရပ်စ် ကျွန်းနိုင်ငံမျှ ရှိနေပြီး ရုရှား တပ်များ လပေါင်းများစွာ ကြာအောင် ကျားကုတ်ကျားခဲ တိုက်ယူခဲ့ရသော နယ်မြေများလည်း ဖြစ်နေသည်။

 

စစ်မြေပြင် သတင်းများအရ ရုရှား တပ်များသည် ကြောက်လန့်တကြား ပြန်ဆုပ်နေကြပြီး၊ အဝိုင်းခံနေရသည့် တပ်များလည်း ရှိနေသည့်အပြင် လက်နက်ကြီး အမြောက်အမြားကို စွန့်ပစ်ခဲ့ကြသည်ဟု သိရသည်။

 

ရုရှား တို့ ထောက်ပံရေး လမ်းကြောင်း၏ ဗဟို အချက်အခြာ ဖြစ်သော အိုင်ဇွန် နှင့် ကူပီယန့်စ် တို့အား ယူကရိန်း တို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြန်သဖြင့် ဒွန်ဘတ်စ် ဒေသတခုလုံးအား သိမ်းယူမည့် ရုရှား၏ မဟာစီမံကိန်းကြီး အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။ ယင်းနှင့်အတူ ရုရှားတို့ အကျအဆုံးများစွာ နှင့် တိုက်ယူထားခဲ့ရသည့် ဆဗာဒိုနက်စ် မြိုအား ပြန်လည် သိမ်းယူနိုင်ရန် လမ်းပွင့်သွားခဲ့ပြန်သည်။

 

ကရင်မလင်သည် ထိုအဖြစ်သနစ် များကို "တပ်များ ပြန်လည် စုစည်းခြင်း" ဟု လိမ်ညာနေသော်လည်း ခုနှစ်လ ကြာခဲ့သည့် စစ်ပွဲကြီးသည် ကြီးမားသော အလှည့်အပြောင်းကြီး တရပ် ဆီ ဦးတည်နေပြီ ဆိုသည်ကား သေချာနေပြီ ဖြစ်သည်။ ကာကစ် ဒေသ တွင် ဆင်နွှဲလာသော ယူကရိန်း၏ တန်ပြန် ထိုးစစ်ကြီးကြောင့် ရုရှား ဗိုလ်ချုပ်ကြီးများ ကြက်သေ သေသွားခဲ့ကြရသည်။ ယူကရိန်းတို့ဖက်မှ နှစ်ရက်ကြာမျှ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့တွင် ထိုးစစ်ကြီး စတင်လာခဲ့ပြီး သုံးရက်အကြာတွင် အရှေ့ဖက်ရှိ မီးရထား နှင့် ကားလမ်းဆုံရာ အချက်အခြာ မြို့ ဖြစ်သည့် ကူပယန့်စ် ကို သိမ်းယူ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

စက်တင်ဘာ ၁၀ ရက်နေ့တွင် အနီးအနားရှိ နောက်ထပ် အချက်အခြာ ကျသော အိုင်ဇွန် အား ရုရှားတပ်များ အရှေ့ဖက်သို့ ထွက်ပြေးသွားပြီးနောက် ဝိုင်းရံနိုင်ခဲ့ကြသည်။ စက်တင်ဘာ ၁၁ ရက် နေ့ မနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး၊ ညနေပိုင်းတွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ မြေပုံကားချပ် နှင့်တကွ သတင်းထုတ်ပြန်လာခဲ့သည်။ ထိုသတင်းတွင် ရုရှားတပ်များသည် ကာကစ် ပြည်နယ် တခုလုံးနီးပါးအား လက်လွှတ်ပေးခဲ့ပြီး အော့စ်ကို မြစ် တလျောက် ခံစစ် တည်ဆောက်၍ ခုခံသွားမည်ဟု ပါရှိလာသည်၊ သို့သော် ယူကရိန်း တပ်များက အရှေ့ဖက်သို့ ဆက်လက် ချီတက် လာနေပြီ ဖြစ်၍ အဆိုပါ ခံစစ်မျဉ်းအား မည်မျှထိ တောင့်ခံထားနိုင်မည်ကိုမူ သဲသဲကွဲကွဲ မသိရသေးပေ။

 

အဓိကအားဖြင့် ရုရှား စစ်လေယာဉ်များ ရှေ့တန်းစစ်မြေပြင်တလျောက် လွတ်လပ်စွာ လှုပ်ရှားခွင့် မရအောင် ပြုလုပ်ထားနိုင်ခဲ့သဖြင့် ယူကရိန်း တပ်များ ရုရှားတို့ မရိပ်စားမိအောင် လျို့ဝှက် ထိုးစစ် ဆင်နွှဲ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ ရုရှားတို့ မရိပ်စားမိအောင် အမေရိကန်မှ အသစ် ပို့ပေးလာသည့် ဝေဟင်မှ မြေပြင်ပစ် High-speed Anti-radiation Missile (HARM) များကြောင့် လည်း ဖြစ်သည်။ အဆိုပါ ဒုံးကျည်များသည် ရုရှားတို့၏ ရေဒါ ဆက်သွယ်ရေး စနစ် နှင့် လေယာဉ်ပစ် အမြှောက်ကြီးများကို ဖျက်ဆီးပစ်နိုင်ခဲ့ကြသည်။

 

နောက်တကြောင်းကလည်း ရုရှားတို့အား ပိပိရိရိ လှည့်စားနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ယူကရိန်းသည် ဘာလကီယာကို ထိုးဖေါက် နိုင်ခဲ့ပြီးနောက် တပ်များမှ တမင်တကာ လက်နက်ကြီးများကို ထုတ်နှုတ်ယူပြခဲ့ကြပြီး တင့်ကား အစီးရေ ၁၅ စီးမျှသာ ကျန်ရှိတော့သည် ဟု ရုရှား သတင်းများက ဆိုသည်။ တကယ်တမ်းတွင် ရုရှားတပ်များ အဓိက ထိုးစစ် ကြီး ဆင်မည့် တောင်ပိုင်းရှိ ကာဆွန် ဒေသတွင် လာရောက်စုစည်း မလာစေရေး အတွက် လက်နက်ကြီးများဖြင့် ခေါင်းမဖေါ်နိုင်အောင် ဖိပြစ်ထားရန် စုစည်းခြင်းဟု ထင်မြင်လာအောင် ဖြစ်သည်။ ရုရှား စစ်ဌာနချုပ်၏ မောက်မာစွာ အထင်သေးထားခဲ့မှုသည်လည်း တစိတ်တပိုင်း ပါဝင်နေသည်။

 

ယူကရိန်း တပ်များက လျင်မြန်စွာ ချီတက် တိုက်ခိုက်နိုင်လာ၍ အနေအထားပြ မြေပုံများကို ပြင်ပရှိ စစ်ရေး သုတေသီများက တနာရီ တခါ ပြန်ဆွဲနေရသည်ဟု ဆိုသည်။

 

ဒွန်ဘတ်စ် မြစ်ကို ဖြတ်ကျော်ပြီး လူဟန့်စ် ဒေသသို့ ဝင်ရောက်နိုင်ရန် အချိန်ပိုင်းသာ လိုတော့သည်ဟု လူဟန့်စ် ပြည်နယ် အုပ်ချုပ်ရေးမှုးက ဆိုသည်။

 

ယူကရိန်းသည် ယခုအခါ အသေအပျောက် နည်းနိုင်သမျှ နည်းရန် ချင့်ချင့်ချိန်ချိန် လုပ်လာကြပြီ ဖြစ်သည်။ ပြန်လည် သိမ်းယူနိုင်ခဲ့သော နေရာများတွင် ခံစစ်ကို အခိုင်အမာ ပြန်တည်ဆောက်ရမည် ဟု ယူကရိန်း စစ်ခေါင်းဆောင်များက ယူဆခဲ့ကြသည်။

 

ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေသော်လည်း ယူကရိန်း စစ်ဖက် ခေါင်းဆောင်များသည် စစ်ရေး မဟာဗျုဟာ နှင့် ပတ်သက်ပြီး အထူး ရေငုံနှုတ်ပိတ်နေကြသည်။

 

ယူကရိန်း ၏ ထိုးစစ်ကြောင့် ကရင်မလင်သည် အငိုက်မိသွားခဲ့ရပြီး မည်သို့ မည်ပုံ တုန့်ပြန်ရမည်ကို အ‌ကြံအိုက်နေကြသည်။ စစ်လိုလားသော ရုရှား ဘလောဂါများကမူ ထိုသို့ အရှက်တကွဲ ဖြစ်ခဲ့ရခြင်းကို ဆွေ့ဆွေ့ခုန်နေကြသည်။ ရုရှား ဗိုလ်ချုပ်ကြီးများ၊ ကာကွယ်ရေး ဝန်ကြီး တို့ကို အပြစ်ဖို့လာကြပြီး နောက်ဆုံးတွင် ပူတင်ကိုပါ လက်ညိုးထိုးလာခဲ့ကြသည်။ 

 

၂၀၁၄ ခုနှစ် အတွင်း ဒွန်ဘတ်စ် ဒေသတွင် ရုရှား ထိုးစစ်ကို ဦးဆောင်ခဲ့သည့် တဖက်စွန်းရောက် အမျိုးသားရေး ဝါဒီ အီဂေါ ဂီကင် မှ "မိမိတို့ဖက်မှ အရေးနိမ့်သွားခဲ့ပါပြီ၊ အလုံးစုံ ရှုံးနိမ့်ဖို့က အချိန် မည်ရွေ့မည်မျှ ရှိတော့သည် ကိုသာ ခန့်မှန်းဖို့ လိုပါတော့တယ်" ဟု တယ်လီဂရမ် တွင် ရေးသားလာခဲ့သည်။

 

ရုရှားရေးရာ ကျွမ်းကျင်သူ မိုက်ကယ် ကော့ဖ်မင်းသည် ရုရှားတပ်များ၏ အရည်အသွေး ကျဆင်းလာနေပြီး တပ်များကို အလဲအလှယ် မလုပ်နိုင်ခဲ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်လာခဲ့ကြသည်ဟု ထောက်ပြခဲ့သည်။ ထိုသို့ အလဲအလှယ် လုပ်နိုင်ဖို့ စစ်အင်အားလည်း မရှိ‌ တော့ ဟု ဆိုသည်။

 

ပူတင်သည် ၎င်း၏ တပ်များ အရေးနိမ့်လာနေသည်ကို သတိမူမိပုံမရ၊ ယူကရိန်းတပ်များ အိုင်ဇွန်သို့ ဦးတည်လာနေချိန်တွင် ပူတင်သည် မော်စကိုရှိ စတာလင် ခေတ် ပန်းခြံ ထဲရှိ ချားရဟတ်ကြီး ဖွင့်ပွဲသို့ ရောက်ရှိနေသည်။ ထို ချားရဟတ်ကြီးသည် ဥရောပတွင် အကြီးဆုံးဟု လည်း ဂုဏ်ယူ ပြောဆိုနေဆဲပင် ဖြစ်သည်။

 

တခါက ယုံကြည်မှု အပြည့်နှင့် ပြောဆိုလေ့ ရှိသည့်ရုရှား နိုင်ငံခြားရေး ဆာဂျေ လက်ဗ်ရော ကမူ စေ့ဆပ် ဆွေး‌နွေးဖို့ အရိပ်အမြွက် ပြောဆိုလာခဲ့သည်။

 

လောလောဆယ်တွင်တော့ ယူကရိန်း ခေါင်းဆောင်များသည် စစ်မြေပြင်တွင် ဆွေးနွေးကြခြင်းသည်သာ အကောင်းဆုံးဟု ယုံကြည်နေကြသည်။ ယူကရိန်း သမ္မတ ဇာလင်စကီးမှ ရုရှားတို့နှင့် ဆွေးနွေးရန် သူ့အား တွန်းအားပေးနေသော အမည်မဖေါ်လိုသည့် အနောက်တိုင်း ခေါင်းဆောင် အချို့ကိုပင် ပြစ်တင် ရှုတ်ချ ပြောဆိုလာခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၂ စက်တင်ဘာ ၁၁ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ "Is Russia on the run" ကို ပြန်လည် တင်ပြသည်)