တပ်ပျက်ခြင်း ၏ အစ လော

by Hla Soewai - Sep 14 2022

အာဏာသိမ်း ခေါင်းဆောင်သည် ယခုတခါ ရုရှား မှ အပြန်တွင် ပူတင်နှင့် အလ္လာပ သလ္လာပ ပြောဆိုခဲ့မှုကို မဟာအောင်ပွဲကြီးအလား ယူဆ၍ သူ၏ အပြန်ခရီးတွင် လူအများ သောင်းသောင်းဖျဖျ ကြိုဆိုနိုင်ရန် စီစဉ် ခဲ့သော်လည်း စုစုပေါင်း ၁,၆၉၀ ဦးသာ တက်ရောက်ခဲ့ပြီး ထုံးစံအတိုင်း အခကြေးငွေပေး ခေါ်ယူခဲ့ရသည်ဟု အတွင်း သတင်းထွက်ပေါ်လာခဲ့သည်။ ဤသည်ကို ကြည့်လျှင် နောက်လိုက်ငယ်ပါ များက ခေါင်းဆောင်ကြီး စိတ်အား တက်ကြွလာအောင် လက်သီးလက်မောင်းတန်းကာ အတင်းအဓမ္မ ပံ့ပိုး ပေးနေရသည့် အဖြစ်မှာ ပေါ်လွင်ထင်ရှားလာခဲ့သည်။ ရုရှား သမ္မတ နှင့် တွေ့ဆုံ ခွင့် ရခဲ့သည့် အရေးသည် တိုင်းပြည်အတွက် မဟာ အောင်မြင်မှု ကြီး အဖြစ် ဂုဏ်ယူနေကြရသည့် ဘဝပင် ဖြစ်သည်။

 

သို့သော် ပူတင်သည် မင်းအောင်လှိုင် နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့၍လော မသိ၊ တနင်္ဂနွေနေ့ တရက်တည်း မှာပင် မြို့ရွာပေါင်း နှစ်ဆယ်ကျော်ကို ယူကရိန်းတို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှား နယ်စပ်နှင့် ကီလိုမီတာ ၅၀ အထိ ချဥ်းကပ်လာခဲ့ပြီ ဖြစ်သည်။ 

 

မြန်မာပြည်တွင်လည်း မုတ္တမ တွင် အခြေစိုက်သော ခြေမြန်တပ်ရင်း ၁၀၂ မှ ကရင်ပြည်နယ် မြဝတီ နယ်မြေ အတွင်း ထိုးစစ်ကို ဆက်လက် မပါဝင်နိုင်ဟု ဆိုကာ တပ်ရင်း တခုလုံး က ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ကျော်ဝါဖိုး တောင်ကုန်းတွင် တပ်ရင်းမှူး ဗိုလ်မှူး အောင်သူမှ လက်နက်များ ကို ဗျူဟာမှူးထံ အပ်ပြီး ဆုတ်ခွာ သွားသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

မြဝတီ-ဝေါလေ လမ်းတွင် စစ်ကောင်စီ တပ်မ ၄၄ နှင့် ကော်ဘရာ တော်လှန်ရေး စစ်ကြောင်း များ ထိတွေ့ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေ၍ စစ်ကောင်စီ တပ်သားများ အသေအပျောက် များလာ နေပြီး တပ်ကို စွန့်ခွာ ထွက်ပြေးမှုများ ရှိလာနေပြီ ဖြစ်သည်။ စက်တင်ဘာ ၉ ရက်နေ့တွင် မြဝတီ-ဝေါလေ လမ်းပေါ်တွင် ဗိုလ်ကြီး ရဲရင့်မောင် နှင့် အပေါင်းအပါ ၆ ဦး အား လက်နက်ခဲယမ်း မီးကျောက် တပုံတပင်ကြီး နှင့် အတူ လက်ရ ဖမ်းဆီးရမိခဲ့သည်။

 

နှစ်လ ကြာ အဆင့် သုံးဆင့် ဖြင့် စစ်ကောင်စီ မှ ထိုးစစ်ဆင်နေရာ နှစ်လကြာညောင်းလာပြီ ဖြစ်သော်လည်း လေတပ် အင်အား အလုံးအရင်း နှင့် တောင်ကုန်း တခုသာ သိမ်းယူနိုင်ဆဲ ဖြစ်သည်။ သေဘောဘိုး ရွာကို သိမ်းယူနိုင်ရန် နောက်ထပ် တောင်ကုန်း ၆ ကုန်း ကို သိမ်းယူရဦးမည် ဖြစ်သည်။

 

အနောက်ဖက် ခြမ်းတွင်လည်း ရခိုင် တပ်တော် မှ မောင်းတော ရှိ စစ်ကောင်စီ တပ်စခန်း တခုအား ဩဂုတ် ၃၁ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြန်သည်။ ရဲတပ်သား ၁၉ ဦးသည် စစ်တပ်မှ စစ်ကူများ ရောက်ရှိမလာ၍ ကျဆုံးသွား ခဲ့သည်ဟု သိရသည်။

 

ထိုသို့ အနောက်ဖက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ဘင်္ဂလားဒေ့ရှ် လေကြောင်း ပိုင်နက် သို့ အကြိမ်ကြိမ် ချိုးဖောက် နေ၍ ကန့်ကွက်မှုများ ရှိနေသည်။ ဘင်္ဂလားဒေ့ရှ် အတွက် နာလိုခံခက် ဖြစ်နေသည်က ထိုင်းကို တကြိမ် ကျူးကျော် ရုံမျှဖြင့် ချက်ချင်း တောင်းပန်ခဲ့သော်လည်း ၎င်းတို့အား ဖုတ်လေသည့် ငပိ ရှိသည် ဟုပင် မထင်အောင် တောင်းပန်ခြင်း မရှိသည့် အပြင် ဆက်လက် ကျူးကျော်နေဆဲ ဖြစ်သည်။ ထို့အတွက် ဘင်္ဂလား ဒေ့ရှ် စာနယ်ဇင်းများက ယခုလို လက်တုန့်မပြန်ခြင်း အပေါ် မြန်မာ စစ်တပ်မှ မိမိတို့ကို အားပျော့၍ဟု သတ် မှတ်နေပါက လွန်စွာ မိုက်မဲရာ ကျမည် ဖြစ်ကြောင်း သတိပေး ရေးသားနေကြသည်ကိုလည်း ဖတ်ရှု နေရသည်။

 

တကယ်တမ်း စဉ်းစားကြည့်မည် ဆိုလျှင် မင်းအောင်လှိုင်သည် ဒုတိယ ကမ္ဘာစစ် အပြီး အမေရိကန်တို့ ကမကထ ပြုခဲ့သော ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း World Order ဖြင့် ဆက်လက် ရပ်တည်ခွင့် ရနေခြင်းသာ ဖြစ်သည်။ အဆိုပါ world order သည် လွတ်လပ်စွာ ကုန်သွယ်ကူးသန်း ရောင်းဝယ်နိုင်သည့် ဈေးကွက်စနစ်၊ လစ်ဘရယ် ဒီမိုကရေစီ ဖြင့် လူတဦးချင်းစီသည် မိမိတို့ ကံကြမ္မာကို မိမိတို့ ရွေးချယ်ဖန်တီးနိုင်ခွင့်များကို အခြေခံပြီး နိုင်ငံအချင်းချင်း လိုက်နာ စောင့်ထိန်းရမည့် စည်းမျဉ်း များ၊ အဖွဲ့အစည်းများ ရေးဆွဲ ဖွဲ့စည်းကာ အာမခံ သည့် စနစ်ဖြစ်သည်။

 

ယခုအခါ ၎င်းမှ အဆိုပါ စနစ်ကို unipolar ဟု စွပ်စွဲကာ ကြီးနိုင်ငယ်ညှင်း ဝါဒဖြင့် မှောက်လှန်ပြစ်ရန် ကြံနေ သည့် ရုရှား၊ တရုတ်ကဲ့သို့ နိုင်ငံများအား ထောက်ခံနေခြင်းသည် နိုင်ငံတကာ စနစ် ကြောင့် ယခုလို ကျား သနားမှ နွားချမ်းသာ အဖြစ်နှင့် ရပ်တည်နေနိုင်ခွင့် ရှိနေခြင်းကို မသိကျိုးကျွံ ပြုနေခြင်းဟု ဆိုရမည် ဖြစ်သည်။ 

 

တရုတ်သည်လည်း မည်သို့ပင် ပြောနေစေကာမူ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကြောင့်သာ စီးပွားတိုးတက် လာခြင်းကို ငြင်းနိုင်မည် မဟုတ်ပေ။ ထိုစနစ်၏ အာမခံချက် ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကုန်သွယ်ရေး အဖွဲ့ ကြီးသို့ ဝင်ရောက်ခွင့် ရရန် အသည်းအသန် ကြိုးပမ်းခဲ့ရသည် မဟုတ်ပါလော။

 

ယနေ့ တွင် ကမ္ဘာ့ လူ့အခွင့်အရေး ကောင်စီမှ ဗုဒ္ဓဘာသာ နှစ်နိုင်ငံ ဖြစ်သည့် မြန်မာ နှင့် သီရိလင်္ကာတွင် လူ့အခွင့် အရေး ဖေါက်ဖျက်နေမှု မှတ်တမ်းများကို သီးခြား အစည်းအဝေးထိုင်ကာ ပြန်လည် သုံးသပ်နေသည်။

 

မြန်မာ အရေးတွင် ကုလသမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြီး အကဲ နီကိုလပ်စ် ကိုဂျီမန် အား ခေါ်ယူ ကြားနာလာခဲ့သည်။ ကိုဂျီမန် မှ အဘယ်ကြောင့် မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေမှုများကို ကမ္ဘာကြီး အနေဖြင့် မျက်နှာလွှဲ နေ၍ မဖြစ်တော့ကြောင်း အထောက်အထား ပေါင်း များစွာဖြင့် ရှင်းလင်း တင်ပြသွားခဲ့သည်။

 

ထို့အပြင် တရုတ်အပါအဝင် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရ သည်။ ကိုယ်စားလှယ်များက နိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်နေမှုများ၊ အရပ်သားများအား စစ်တပ်မှ တရားလက်လွတ် သတ်ဖြတ်နေမှုများကို ပြစ်တင်ရှုတ်ချပြီး နိုင်ငံရေးအရ ဖြေရှင်းခြင်းသည်သာ တခုတည်း သော နည်းလမ်း ဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့ကြသည်။

 

ကမ္ဘာတဝှမ်း တွင် ဖြစ်ပွားခဲ့သည့် အမျိုးသား လွတ်မြောက်ရေး စစ်ပွဲများတွင် ယခုအချိန်အထိ ပြည်ပ အကူအညီ တပြားတချပ်၊ ကျည်ဆံတတောင့်မျှပင် လက်ခံရရှိခြင်း မရှိပဲ အောင်လံတလှုလှု လွှင့်ထူလာနိုင်ခဲ့သည့် မြန်မာတို့ ၏ ခုခံတွန်းလှန်စစ်သည်သာ ရှိသည်ကိုကပင် ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်နေပေတော့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo – UN NEWS CENTRE