နိုင်ငံတော် အတိုင်ပင်ခံ အတွက် ရပ်တည်ပေးလာကြပြီ

by Hla Soewai - Sep 13 2022

ပြည်ထောင်စု မိခင်ကြီးဟု မြန်မာ ပြည်သူ အများစုက တင်စား ခေါ်ဝေါ် ချစ်မြတ်နိုးခြင်း ခံနေရသည့် အသက် ၇၇ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံဖန်တီးထားသော ပြစ်မှု မျိုးစုံ ဖြင့် ထောင်ဒဏ်များ ချမှတ်လာခဲ့ သည်မှာ စက်တင်ဘာ ၂ ရက်နေ့က ချမှတ်သော ၃ နှစ် အပါအဝင် ဆိုလျှင် စုစုပေါင်း ၁၇ နှစ် အထိ ရောက်လာ ခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့ ဖန်တီးခဲ့သော ရိုဟင်ဂျာ အရေးအခင်းကို အကြောင်းပြု၍ နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုခံရ သည့် အခါတွင် နိုင်ငံအား ဂျီနိုဆိုက် ကျူးလွန်သည်ဟု သတ်မှတ်ခံရမည် ကို စိုးရိမ်စိတ်ဖြင့် ဟိဂ် ကို သွား ရောက်ခုခံ ချေပခဲ့သည်။ သို့သော် သူမသည် ရွေးကောက်ပွဲ အနိုင်ရရေး အတွက် သူမ၏ တန်ဖိုးထားသော မူ များ ကို စွန့်လွှတ်ခဲ့သည်ဟု ကမ္ဘာက ယူဆခဲ့ပြီး သူမကို ကျောခိုင်းခဲ့ကြသည်။ ပေးအပ်ထားသော ဆု အချို့ကိုပင် ပြန်လည် ရုပ်သိမ်းသွားခဲ့ပြန်သည်။

 

ဤသည်ကို အခွင့်ကောင်းယူကာ ရှုံးမဲ မဲလာသော စစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီ လ တွင် ရွေးကောက်ပွဲ မဲလိမ် သည် ဟု ခိုင်မာသော သက်သေ အထောက်အထား ပြနိုင်ခြင်း မရှိဘဲ အာဏာသိမ်းယူလိုက်သည်။ ယင်းနှင့် အတူ တိုင်းပြည်၏ အညွန့်ထွက်ခါစ ဒီမိုကရေစီကို ပါ နင်းခြေ ပြစ်လိုက်သည့်အခါ တွင်တော့ သူမအပေါ် ကျောခိုင်းရန် ကြံနေသူများ အနေနှင့် မျက်နှာပြန်လှည့်လာခဲ့ရန် လုံလောက်သော အကြောင်းပြချက်များ ဖြစ်လာခဲ့ရသည်။

 

စစ်တပ်၏ သူမအပေါ် ကြောက်ရွံ့နေမှုသည် ကမ္ဘာက တွေးဆထားသည်ထက် အဆမတန် ပို၍ကြီးမားနေသည်။ သူမအပေါ် လူထုတရပ်လုံး၏ မယိမ်းမယိုင် ချစ်ခင် ထောက်ခံနေမှု အပါအဝင် အာဏာသိမ်းပြီး နောက် နိုင်ငံရေး အရ တကျော့ပြန်လည် ရှင်သန်လာမည့် အရေးကို ကာကွယ်ရန်သည် ၎င်းတို့ အတွက် သေရေးရှင်ရေး ဖြစ်နေ သည်။ ဒီတခါတွင်တော့ ကြိမ်းသေပေါက် သူမဖက် မှ လက်စားပြန်ချေလာတော့မည်ဟု လည်း ယုံကြည် နေကြ၍ ဖြစ်သည်။

 

ထို့အတွက် မည်သူမျှ လက်မခံနိုင်၊ မယုံကြည်နိုင်လောက်အောင်၊ မည်သို့မျှ ဖြစ်နိုင်မှု မရှိသည့် ပြစ်မှု များ ကျူးလွန်သည်ဆိုကာ ပုဒ်မ မျိုးစုံ ဖြင့် စွပ်စွဲလာခဲ့ပြီး နောက်ဆုံးတွင် အလုပ်ကြမ်း ဆိုသည့် ပြစ်ဒဏ်ကို ပါ ထည့်သွင်းလာခဲ့သည်။ ဖွဲ့စည်းပုံအရလည်း ပြစ်ဒဏ်ကျခံပြီးသူတိုင်း ရာထူး အာဏာရယူခြင်းကို တားမြစ် ထားသည့် အပိုဒ်လည်း ပါရှိနေသည်။

 

ဒေါက်တာ ဆာဆာ ၏ အဆိုအရမူ အာဏာသိမ်း အဖွဲ့သည် စုစုပေါင်း ထောင်ဒဏ် ၁၀၄ နှစ်အထိ ချရန် စစ်ဆင် ရေး တရပ်အသွင်ဖြင့် စနစ်တကျ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။ ယင်း၏ တစိတ်တပိုင်း အဖြစ် အဆိုပါ စစ်ဆင်ရေးကို ကွပ်ကဲနေသူများက အောက်တိုဘာလ တွင် သူမ၏ ရှေ့နေများကို သတင်းထုတ် ပြန်ခွင့် ပိတ်ပင်လိုက်ကြသည်။ နိုင်ငံတော်၏ သမိုင်းဝင် အမွေအနှစ် အဖြစ် ထင်ကျန်ခဲ့မည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ အောင်ဆန်းဦး အား မြှောက်ပင့်ပေးကာ ထုခွဲရောင်းချ ရန်ပင် စစ်ဗိုလ်ချုပ်များက မိုက်မိုက်မဲမဲ ကြံစည်လာကြသည်။

 

နောက်ဆုံး ထိုသို့ လူကြားမကောင်းအောင် လုပ်လာကြသည့် အခါတွင်တော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်၊ မကြာသေးမီကမှ ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မစ္စက် လစ်ဇ် ထရပ်ဇ်၊ ပြင်သစ် အစိုးရနှင့် ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မစ်ချယ် ဘချက်လက် တို့မှ နိုင်ငံတော် အတိုင်ပင်ခံအား ပြန်လွှတ်ပေးရန် တောင်းဆိုလာခဲ့ကြသည်။ သူမအပေါ် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး အမြဲလို ပြစ်တင် ရှုတ်ချခဲ့သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကပင် ကျယ်ကျယ်လောင်လောင် တောင်းဆိုလာပြီ ဖြစ်သည်။

 

မြန်မာ၏ အိမ်နီးချင်း နိုင်ငံကြီး နှစ်နိုင်ငံထဲတွင် တရုတ်ကို ထည့်မတွက်ဘဲ နေ၍ရစေကာမူ ကမ္ဘာ၏ အကြီး မားဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သည့် အိန္ဒိယမှ ရေငုံနှုတ်ပိတ်နေပြီး မည်သို့မျှ ပင် ထင်မြင်ချက် မပေးခဲ့သည့် အဖြစ်မှာလည်း အတော်ကို အံ့ဩဖို့ ကောင်းနေသည်။

 

သို့သော် အိန္ဒိယ သည် အချိန်အခါ ကို ကြည့်တတ်သူ ဖြစ်သည်။ သမ္မတ ဂျိုး ဘိုင်ဒင်၏ “ဒီမိုကရေစီ နိုင်ငံများ ထိပ်သီး တွေ့ဆုံပွဲ” မတိုင်မီ ပြီးခဲ့သည့် ဒီဇင်ဘာ လလယ်ပိုင်းလောက်တွင် တော့ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

လက်ရှိ နိုင်ငံတကာ အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် အရေးထက် နိုင်ငံတွင် ဒီမိုကရေစီ ကွယ်ပျောက် တော့မည့် အရေးကို ပို၍ အာရုံထားနေရသည်။ အဆိုပါ အကြောင်းချင်းရာ နှစ်ရပ်သည် တခုနှင့် တခု ခွဲမရ အောင် ချိတ်ဆက် မိနေသည် ဆိုသည်ကိုလည်း ယုံကြည်ထားကြ၍သာ ဖြစ်ပေမည်။ သူမအား ထောင်သွင်း အကျဉ်းချထားမှုသည် သူမအတွက် အကျိုးရှိရာ ရှိကြောင်းသာ ဖြစ်လာစေပြီး ဗိုလ်ချုပ်ကြီးများ အဖို့ တော့ လူလိမ် လူကောက်များ အဖြစ် ထင်ရှားသည်ထက် ထင်ရှားလာစေခဲ့ရသည်။

 

အသက် ၇၇ နှစ်ရှိ သူမသည် နေပြည်တော်ရှိ အချုပ်ထောင်ထဲတွင် ယခင်လို စာရေးစာဖတ်၊ ရေဒီယို နားထောင်၊ စန္ဒယား အိုကြီးကို တီးခတ်နေ၍ မရတော့၊ တကိုယ်တည်း သာမန် အကျဉ်းသားလို နေ နေရရှာပြီး သူမ အား အလုပ်ကြမ်းများ ခိုင်းစေမည်လား ဆိုသည်ပင် အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြရပြီ ဖြစ်သည်။

 

သူမနှင့် တွေ့ဆုံခွင့်ရရန် အာဆီယံ သာမက ကုလ အထူး သံတမန်ပင် အပူတပြင်း တောင်းဆိုလာနေသည်။ ဤသည်ကို ကြည့်လျှင် စစ်ဗိုလ်ချုပ်များ လုပ်ကြံစွပ်စွဲထားသော အမှုများကို ပြည်တွင်းရှိ MRTV ပရိသတ်များမှ အပ ကမ္ဘာက တစိုးတစိမျှပင် အယုံအကြည် မရှိ ဖြစ်နေသည်မှာ ပေါ်လွင်ထင်ရှားလာခဲ့ရသည်။ အားလုံးက စစ်တပ်သည် အာဏာသိမ်းရန် အကြောင်းပြချက် အဖြစ် ရွေးကောက်ပွဲ မသမာမှု ဆိုကာ အကြောင်းပြခဲ့ခြင်း ဖြစ်သည်ဆိုသည်ကိုလည်း လက်ခံထားကြပြီး ဖြစ်သည်။

 

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံအား ပြစ်ဒဏ်များ ဆက်လက် ချမှတ်နေခြင်းကပင် အားလုံး ပါဝင် ဆွေးနွေးပြီး နိုင်ငံရေး အရ ဖြေရှင်းချက် တခု ရရှိရန် စစ်ဗိုလ်ချုပ် များဖက်က ကြိုးပမ်းလာလိမ့်မည်ဟူသော နိုင်ငံတကာ၏ မျှော်လင့်ချက်များလည်း မှေးမှိန်စ ပြုလာနေပြီး ၎င်းတို့ အပေါ် ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများသာ တရစ်ပြီး တရစ် တင်းကျပ်လာပေတော့မည်။

 

သူမအား ပြည်သူများသာ မက ကမ္ဘာကပင် မည်သို့မျှ မေ့လျော့သွားကြမည်ကား မဟုတ်ပေ။ ထိုသို့ဖြစ်အောင် လည်း စစ်ဗိုလ်ချုပ်များ၏ ဆင်ခြင်တုံတရား မဲ့မှု ဖြင့် တဖက်တလမ်းမှ ပံ့ပိုးပေးနေရှာသည်။ နိုင်ငံတော် အတိုင် ပင်ခံ၏ သမိုင်းသည် အသစ်တဖန် ပြန်လည် ပေါ်ထွက်လာဦးမည်ကား ဧကန်မုချပင် ဖြစ်သည်။

 

ကိုးကား - The Spectator

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!