ပေးတာယူ ကြွေးတာစား

by Hla Soewai - Sep 11 2022

မင်းအောင်လှိုင်သည် ဗလာဒီဗော့စတော့ တွင် ပူတင်၏ အနောက်အုပ်စု အပေါ် ပြစ်တင်ရှုတ်ချသည့် စကားလုံး တိုင်းကို ပုံတူ ကူးယူကာ ၎င်း၏ အာဏာတည်မြဲရေး သက်သက် ဖြင့် ကျွန်ယုံကျွန်ကောင်း တဦး အဖြစ် ဗြောင်ကျကျ ခံယူလိုက်ပြီ အဖြစ်ကို တနိုင်ငံလုံး စိတ်မသက်မသာ ဖြင့် ရင်‌မောနေရပြီ ဖြစ်သည်။

 

ထိုသို့ ခံယူနိုင်ရန်လည်း လက်ရှိ အိမ်နီးချင်း နိုင်ငံတခုကို ဗြောင်ကျကျ ကျုးကျော်တိုက်ခိုက်နေသူ တဦးအား ငြိမ်းချမ်းရေး ဗိသုကာ ကြီး ဟူ၍ပင် ဂျပိုးကို လိပ်ဖြစ်အောင် ပြောဆိုသွားခဲ့သူ ဖြစ်သည်။

 

တကယ်တမ်းတွင် ၎င်းအားကိုးနေသော ရုရှား သည် ပိုင်ဆိုင်နေသော နျူကလီယား လက်နက်များကို ဖယ်ထုတ် စဉ်းစားမည် ဆိုက ဆော်ဒီအာရေဗီယား အဆင့်လောက်ပင် ရှိသေးသည်ကို တွေ့ရမည် ဖြစ်သည်။

 

စီးပွားရေး ဖက်တွင် တရုတ်၏ ခြေဖျားကိုပင် မှီရန် အဝေးကြီး လိုနေပေသေးသည်၊ ယခုအခါ စစ်စရိတ်များ ထောင်းလာနေပြီး ယူကရိန်းကပင် နယ်မြေများကို ပြန်လည် သိမ်းပိုက်လာနိုင်နေပြီ ဖြစ်သည်။ ထို့အပြင် အနောက်နိုင်ငံများက ရေနံတင်ပို့နေသည့် ဈေးကွက် ကို ဖြတ်တောက်ပစ်လာကြသည်။ ရုရှား အပ်နှံထားငွေ များ၏ ၆၀ ရာနှုန်းခန့် ကိုလည်း နိုင်ငံတကာ ဘဏ်များက ထိန်းချုပ်ထားပြီး ဖြစ်သည်။ အတိုးနှုန်းကို ၂၀ ရာနှုန်း အထိ မြှင့်တင်ပေးကာ ရုရှား နိုင်ငံသားများအား ဘဏ်များမှ ငွေမထုတ်ရန် မြူဆွယ်နေရသည်။

 

ရုရှား၏ စီးပွားရေးသည် အဓိက အားဖြင့် အချက် သုံးချက် ကြောင့် ထိခိုက်လာတော့မည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

(၁) စစ်ပွဲကြီး ရေရှည်လာသည်နှင့်အမျှ နိုင်ငံ၏ စီးပွားရေး အပေါ် လူထုက စိုးရိမ်မကင်း ဖြစ်လာကြခြင်း (လက်ရှိ တွင် ဗောဒကာ အရက်မှ လွဲ၍ ကျန်သည့် ကုန်ပစ္စည်းများ ဈေးတက်လာနေပြီ ဖြစ်သည်။)

(၂) အနောက်နိုင်ငံများ မှ စက်မှုသုံး အပိုပစ္စည်းများ ရောင်းချခြင်း မရှိတော့၍ ရုရှားစက်မှုလုပ်ငန်းများ တဖြေးဖြေး လည်ပတ်နိုင်စွမ်း လျော့နည်းလာတော့မည် ဖြစ်သည်။ အထူးသဖြင့် လေယာဉ်နှင့် ကားထုတ်လုပ်ရေး လုပ်ငန်းများ ပင် ဖြစ်သည်။

(၃) ရုရှားသည် အနောက်အုပ်စုမှ ပိတ်ဆို့ထားသော်လည်း တလလျှင် ဒေါ်လာ ဆယ် ဘီလီယံ ခန့် တန်ဖိုးရှိ ရေနံများ ပြည်ပ ကို ရောင်းချ၍ ရနေဆဲ ဖြစ်သည်။ သို့သော် ထိုပမာဏသည် ယူကရိန်း စစ်ပွဲ မဖြစ်မီ ၏ လေးပုံတပုံခန့်သာ ရှိတော့သည်။ သဘာဝ ဓါတ်ငွေ့များ နှင့် ရေနံထွက်ကုန်များမှ ဝင်ငွေများလည်း ရရှိနေဆဲ ဖြစ်သည်။ ဤသည်တို့ကို အနောက်အုပ်စုမှ မရရအောင် ဖြတ်တောက်လာမည့် အရေးပင် ဖြစ်သည်။

 

အနောက်အုပ်စုအား ရုရှားအားကိုးဖြင့် တမင်တကာ ပုဆိုးလှန်ပြလိုက်သည့် လုပ်ရပ်အဖြစ် နိုင်ငံတွင်း နေထိုင်နေသော ဗြိတိသျှ သံအမတ်ဟောင်းကိုပင် မည်မည်ရရ ပြစ်မှု ကျုးလွန်ခြင်း မရှိပဲ အကြောင်းမဲ့ ဖမ်းဆီးပြလိုက်သည်။ ထို့အတွက် ငါတို့ ခေါင်းဆောင်ကြီးသည် ဘာမဆို လုပ်ရဲသူ ဖြစ်သည် ဆိုကာ ဝိုင်းဝန်းချီးကြူးထောပနာ ပြုခြင်းတော့ ခံရမည် ဖြစ်သည်။

 

ဗြိတိသျှ သံအမတ်ကြီးဟောင်း မစ္စက် ဗစ်ကီ ဗိုမင်းသည် ပြည်တွင်း ပြည်ပ ရှိ ရင်းနှီးမြုပ်နှံနေသော ကုမ္ပဏီများ အား နိုင်ငံတကာ စံနှုန်းများ၊ ဥပဒေများ အား ဖေါက်ဖျက်ညိစွန်းခြင်း မရှိပဲ တာဝန်သိသိ လုပ်ကိုင်နိုင်ရန် အကြံပေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဖြစ်သည်။

 

သူမအား ဖမ်းဆီးလိုက်သည့် ရလဒ် အဖြစ် G-7 နိုင်ငံများမှ စတင် အဆိုပြု၍ ဖွဲ့စည်းလာသည့် နိုင်ငံတကာ ဘဏ္ဍာငွေကြေး ခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ Financial Action Task Force (FATF) သည် မြန်မာအား မြောက်ကိုရီယား၊ အီရန် တို့နှင့် အတူ နာမည်ပျက် စာရင်း ထဲ ထည့်ဖို့ တာစူနေပြီ ဖြစ်သည်။ ယခင်က မြန်မာ အား မီးခိုးရောင် အဆင့် သတ်မှတ်ထားရာမှ အမည်းရောင် အဆင့် သတ်မှတ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ မီးခိုး‌ရောင် အဆင့်သည် လက်ရှိ လုပ်ရပ်များ ပြန်လည် ပြင်ဆင်နိုင်ရန် ပဏာမ သတိပေး သည့် အဆင့် ဖြစ်သည်။ ထို့အတွက်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမှ ငွေကြေး ခဝါချမှု ဥပဒေ တင်သွင်းလာခဲ့ခြင်းပင် ဖြစ်ပေသည်။

 

ယခုအခါ ထိုစာရင်းထဲ ထဲ့ရန် ဆုံးဖြတ်လိုက်ခြင်းသည် အနောက်အုပ်စုမှ မြန်မာ အား ကမ္ဘာ ဘဏ္ဍာရေး စနစ်ကြီးထဲမှ လုံးဝ ဖယ်ထုတ်လိုက်ရန် ရည်ရွယ်လာခြင်းပင် ဖြစ်သည်၊ နိုင်ငံတကာ ဘဏ်များ မှလည်း မြန်မာ နှင့် ပတ်သက်ရမည့် အရေးကို စိုးရွံ့လာပေတော့မည်၊ ယင်းနှင့်အတူ တိုင်းပြည် စီးပွားရေး နာလံ ပြန်ထူနိုင်အောင် လုပ်နိုင်ကောင်းရဲ့ ဟု စိတ်ကူးယဉ်နေမှုများ ပြိုလဲသွားပေတော့မည်။ ၂၀၁၉ ခုနှစ် စာရင်းဇယား များ အရ နိုင်ငံတကာ ဘဏ်များ သည် ထိုသို့ အပ်နှံငွေများကို စီစစ်ရန် ပျက်ကွက်ခဲ့မှုကြောင့် ဒဏ်ငွေ ဒေါ်လာ ၁၀.၉ ဘီလီယံ ပေးဆောင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ နာမည်ပျက်စာရင်း ဝင်သွားပါက မပြေးသော် ကန်ရာရှိ မည်သည့် ဘဏ္ဍာရေး အဖွဲ့အစည်းများကကော ၎င်းတို့နှင့် ဆက်ဆံလိုကြပေမည်နည်း။

 

ဆက်ဆံလိုသူ ရှိကောင်း ရှိပါကလည်း စားပွဲအောက်မှ ငွေများ အပိုဆောင်း၍ မတန်တဆ လဒ်ထိုးရပေတော့မည်။

 

အင်ဂျီအို အဖွဲ့များလည်း နာမည်ပျက် စာရင်းဝင် နိုင်ငံများ အပေါ် အဆိုပါ အဖွဲ့ကြီးမှ တင်းကျပ်စွာ ချမှတ်ထားသည့် ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းများ ကြောင့် ရံပုံ‌ငွေ များ ထုတ်ယူ သုံးစွဲနိုင်ရန် အခက်အခဲပေါင်း များစွာ ကြုံလာကြရတော့မည် ဖြစ်သည်။

 

“Know Your Customer” စည်းမျဉ်းဖြင့် စုံစမ်းစစ်ဆေးလာရာမှ ဥပဒေပြင်ပမှ ရရှိလာသော အမြတ်ငွေများ တွေ့ရှိလာပါက Asset Recovery လုပ်ပိုင်ခွင့်အရ သိမ်းဆည်း နိုင်ခွင့် လည်း ရှိနေသည်။ သို့သော်လည်း သိမ်းဆည်းရမိသည်က စုံစမ်းခ ထက် နည်းနေဆဲဟု ငြည်းတွားမှုများလည်း ရှိနေသည်။ အဓိက အားဖြင့် ဘဏ်စာရင်း ဖွင့်ထားသူ၏ နောက်ကွယ်တွင် မည်သူရှိနေလဲဟု စုံစမ်းနေရ၍ ဖြစ်သည်။ လက်ရှိ တွင် အဓိက ပြစ်မှတ်ထား စစ်ဆေးခံနေရသည်က ဒူဘိုင်း ဘဏ်များပင် ဖြစ်သည်။

 

FATF ဥက္ကဌ အဖြစ် ဇူလိုင်လဆန်းမှစ၍ တာဝန်ယူလာရသည့် စင်္ကာပူ မှ မစ္စတာ ရာဂျာ ကူးမား သည် ထိုအရေး အပေါ် ကန့်ကွက်ခြင်း မရှိသည်က လည်း အထူး စိတ်ဝင်စားဖို့ ကောင်းနေရသည်။ စင်္ကာပူ ဘဏ်များ တွင် စစ်ခေါင်းဆောင်များ အပ်နှံငွေများစွာ ရှိနေပြီး ထိုကိစ္စ အပေါ် FATF အား တဖက်လှည့်နှင့် စုံစမ်း ဖေါ်ထုတ်ရန် ခွင့်ပြုလိုက်ခြင်းဟု ယူဆစရာ ဖြစ်လာနေသည်။

 

အနောက် အုပ်စု သည် နိုင်ငံတနိုင်ငံအား ထိရောက်စွာ အရေးယူနိုင်ရန် လုပ်နည်း လုပ်ဟန်ပေါင်း များစွာ ရှိနေပြီး ဖြစ်သည်၊ နိုင်ငံတကာ အခြေအနေများ စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းလာသည့်အပြင် ပြည်တွင်း အခြေအနေများ လွန်စွာ ဆိုးဝါးလာနေသည့် အချိန်တွင် မင်းအောင်လှိုင်က သူ၏ တထွာတမိုက်မျှ ရှိသော အသိညဏ်လေးဖြင့် ရုရှားအားကိုးကာ ကမ္ဘာကို အံတုရန် ကြံစည်နေခြင်း ဖြစ်သည်။

 

နောက်ထပ်ရရှိသော RFA သတင်းအရ ဩဂုတ်လ အတွင်း မင်းအောင်လှိုင် မှ ၎င်းနှင့် လာရောက် တွေ့ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်သား များ အဖြစ် စစ်တပ်ထဲ ထည့်သွင်းရန် အဆိုပြုထားသည်ကို နိုင်ငံရေး ဖြေရှင်းချက် တစုံတရာ မထွက်ပေါ်မချင်း မဖြစ်နိုင်ဟု ဆိုကာ ပအို့ PNLO အဖွဲ့ အပါအဝင် အသီးသီးက ပယ်ချလိုက်ပြီ ဖြစ်သည်ဟု သိရသည်။ ယခင် စစ်အစိုးရနှင့် NCA လက်မှတ်ထိုးထားသော ချင်း အမျိုးသား တပ်ဦး သည် NUG နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိရာ ယခုအခါ ချင်းပြည်နယ် အတွင်း နယ်မြေ ၇၀ ရာနှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

စစ်တပ်သည် ၎င်းတို့ အတွက် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက် အဖြစ် မှားယွင်းစွာ ယူဆနေဆဲ ဖြစ်သည်။ ၎င်းတို့ အလိုကျ ရုပ်သေး အစိုးရ တင်မြှောက်လာပြီး ဒီပုပ်ထဲက ဒီပဲများ သာ ဖြစ်၍ ထိုရွေးကောက်ပွဲအားလည်း နိုင်ငံတကာ က မည်သို့မျှ အသိအမှတ် ပြုလာကြမည်လည်း မဟုတ်ပေ။

 

ဤသည်ကို ကြည့်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တို့ဖက်တွင် အဖက်ဖက် ကျရှုံးလာပြီ ဖြစ်ပြီး မြန်မာပြည်အားလည်း တရုတ် နှင့် ရုရှားတို့၏ ပေးတာယူ ကြွေးတာစား ဘဝ သို့ တွန်းပို့နေပြီ ဖြစ်သည်။

 

သို့သော် မြန်မာ ပြည်သူများအား ၎င်းတို့၏ ထားရာနေ စေရာသွား ဘဝမှ လွတ်မြောက်ရေး အတွက် ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များအား ရုရှား တို့၏ လက်နက်ခဲယမ်း များဖြင့် မည်မျှပင် တိုက်ခိုက်နေသည် ဖြစ်စေ မြဲမြံ ခိုင်မာသော မိုးထက်မြင့်သည့် စိတ်ဓါတ် များသည်ကား စိုးစိမျှပင် ယိမ်းယိုင်ပြိုလဲသွားမည် မဟုတ်သည်ကား ထင်ရှားစွာ တွေ့မြင်လာနေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image credit – The Economist & Thadin