သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(39)

by Hla Soewai - Sep 10 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (နိဂုံး)

 

လူမှု ရပိုင်ခွင့် အက်ဥပဒေ ပြဋ္ဌာန်းပေးလာခဲ့မှု နှင့် အတူ ၁၉၆၄ နွေရာသီ တွင် လူမည်းတို့၏ ရုန်းကန်လှုပ်ရှားမှုကြီးသည် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ လူမည်း ‌ဗော်လံတီယာ ၇၀၀ ခန့်သည် မစ္စစပီ သို့ စုရုံးရောက်ရှိလာကြပြီး မဲစာရင်း တွင် မှတ်ပုံတင်လာကြသည်။ ထို့အပြင် လူမည်း ကျောင်းသား လူငယ် ၃,၀၀၀ ခန့်ကို လက်ခံသင်ကြားပေးမည့် ဖရီးဒမ်း စာသင်ကျောင်းများကို ယာယီ ထူထောင်လာခဲ့သည်။ ထိုကျောင်းများတွင် လုပ်အားပေး အဖြစ် သင်ကြားပေးမည့် ဆရာများသည် မြောက်ပိုင်းရှိ ကောလိပ်များ မှ ကျောင်းသားများ ဖြစ်ပြီး ၎င်းတို့ ကြီးပြင်းခဲ့ရာ အရပ်တွင် လူဖြူ လူမည်း ခွဲခြားဆက်ဆံမှုကို ကြုံတွေ့ခဲ့ကြရသူများ မဟုတ်ပေ။

 

ကျောင်းသားများ အကြမ်းမဖက်ရေး လှုပ်ရှားမှု ညှိနှိုင်းကော်မတီ SNCC ၏ မစ္စစပီ ဒေသ ဥက္ကဌ ဖြစ်သူ ရော်ဘတ် မော့စ်သည် အကယ်၍ တောင်ပိုင်းတွင် လူဖြူ ကျောင်းသား များ အတိုက်ခိုက်ခံရပါက ဖက်ဒရယ် အစိုးရ၏ အာရုံစိုက်ခြင်း ခံရလိမ့်မည်ဟု ယုံကြည်နေသည်။

 

မော့စ်အဖို့ သူ၏ ယုံကြည်နေမှု မှန်မမှန် သိရရန် အချိန်ကြာကြာ မစောင့်ခဲ့ရပေ။ ဇွန်လ အတွင်းမှာပင် လူဖြူ ကျောင်းသား သုံးဦး ပျောက်ဆုံးသွားခဲ့သည်။ ထိုအထဲတွင် ဂျိမ်းစ် ရှာနေး သည် လူမည်းတဦး ဖြစ်သည်။ ကျန် နှစ်ဦး မှာ အင်ဒရူး ဂွတ်မင်း နှင့် မိုက်ကယ် ရွှာနာ ဆိုသည့် မြောက်ပိုင်းမှ လူဖြူ ကျောင်းသား နှစ်ဦး ဖြစ်သည်။ ထိုသို့ ပျောက်ဆုံးသွားပြီး ခြောက်ပတ်ခန့် အကြာတွင် အက်ဘီအိုင်သည် ၎င်းတို့၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့သည် လူမည်း ဘုရားကျောင်းအား ဗုံးဖြင့်တိုက်ခိုက်ခံရမှုကို စုံစမ်းနေစဉ် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ဒေသခံ ရဲအဖွဲ့ ပါဝင် ပတ်သက်နေသည်ကိုလည်း ရိပ်စားမိခဲ့ကြသည်။

 

ထို့အတွက် လုပ်အားပေး လူဖြူ ကျောင်းသားများအား အကယ်၍ မိမိတို့ အသက်အန္တရာယ် ကို စိုးရိမ်၍ ပြန်မည် ဆိုက နားလည်ပေးနိုင်ကြောင်း ဘော့ မော့စ် က အသိပေးခဲ့သည်။ သို့သော် အများစု က ဆက်လက် လုပ်ကိုင်ခဲ့ကြပြီး အနှောက်အယှက် အမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြသည်။

 

၁၉၆၅ ခုနှစ်တွင် မဲစာရင်းတွင် မှတ်ပုံတင်ရန် လှုပ်ရှားမှုသည် အယ်လာဘာမား သို့ ရောက်ရှိလာခဲ့သည်။ ထို့အတွက် မာတင် လူသာ ကင်းသည် အယ်လာဘာမား ရှိ ဆဲလ်မာ သို့ ရောက်ရှိလာခဲ့သည်၊ ထိုမြို့ရှိ ရဲမှုး မှ ဦးဆောင်ပြီး မဲစာရင်း မှတ်ပုံတင်မှုကို အနှောက်အယှက် ပေးနေကြောင်း ကြားသိလာ၍ ဖြစ်သည်။ ကင်း ရောက်ရှိလာအောင် ဆဲလ်မာတွင် သတ္တိပြောင်မြောက်စွာ လှုပ်ရှားနေသည့် ဒေသခံ မဲဆန္ဒရှင်များ အသင်းချုပ် ၏ ခေါင်းဆောင် အေမီလီယာ ဘွိုင်တွန်၏ ပန်ကြားခဲ့၍ ဖြစ်သည်။

 

ထိုနှစ် ဖေဖေါ်ဝါရီလ တွင် အယ်လာဘာမား ပြည်နယ် ရဲတပ်ဖွဲ့ဝင် တဦးက အသက် ၂၆ နှစ်ရှိ ဒေသခံ လူမည်း ကန့်ကွက်ဆန္ဒပြသူ တဦး ဖြစ်သည့် ဂျင်မီ လီး ဂျွန်ဆင် ဆိုသူအား ပစ်သတ်ခဲ့မှုကြီး ဖြစ်ပွားခဲ့သည်။ ထိုသို့ အကြမ်းဖက်မှုကြီးအား တုန့်ပြန်သည့် အနေဖြင့် ဆဲလ်မာ မှ အယ်လာဘာမား ပြည်နယ် မြို့တော် မွန်ဂိုမာရီသို့ လူထု ချီတက်ပွဲကြီး ဆင်နွှဲလာခဲ့ကြသည်။

 

ချီတက်လာသော လူတန်း ရှည်ကြီးသည် ဆဲလ်မာ မြို့ပြင် တံတား ထိပ်သို့ အရောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ နှင့် ဒေသခံ ရဲအဖွဲ့က မျက်ရည်ယိုဗုံးများ၊ နံပတ်တုတ်များ နှင့် ပစ်ခတ် ရိုက်နှက် ဖြိုခွင်းလာခဲ့သည်။ ထိုသို့ နှိမ်နှင်းခဲ့သည့် ဖြစ်ရပ်အား သွေးစွန်းသည့် တနင်္ဂနွေ့နေ့ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုသို့ တိုက်ခိုက်ခံခဲ့ရသူများတွင် နောက်တကြိမ် ပါဝင်ခဲ့သူသည် နောင်တွင် ကွန်ဂရက် အမတ် ဖြစ်လာမည့် ဂျွန် လူးဝစ်ပင် ဖြစ်သည်။ ရိုက်နှက်ခံခဲ့ရသဖြင့် ဦးခေါင်းခွံ အက်သွားသည် အထိ ဖြစ်ခဲ့သည်။ ထိုသို့ အကြမ်းဖက် ဖြိုခွင်းမှုကြီးအား ရုပ်မြင်သံကြား ရိုက်ကူး ထုတ်လွှင့်ပြသနိုင်ခဲ့ဖြင့် ဝိုင်းဝန်း ရှုတ်ချခြင်းကို ခံခဲ့ရသည်။

 

ထိုသို့ တိုက်ခိုက်ခံခဲ့ရသဖြင့် သမ္မတ ဂျွန်ဆင် နှင့် ကွန်ဂရက်အဖို့ မသိချင်ယောင် ဆောင်နေ၍ မရတော့ပဲ တခုခု လုပ်မှ ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့ကြရသည်။ သမ္မတ လင်ဒန် ဂျွန်ဆင်သည် တွေ့မြင်နေရသော ရုန်းကန်လှုပ်ရှားမှုကြီးသည် ပြည်နယ် သို့မဟုတ် နိုင်ငံ အခွင့် အရေး အတွက် မဟုတ်ပဲ လူ့အခွင့်အရေး အတွက် ဖြစ်သည်ဟု ပြောဆိုလာခဲ့သည်။

 

ဤသို့ဖြင့် ၁၉၆၅ ဩဂုတ်လ ၆ ရက်နေ့တွင် နောက်ထပ် အရေးပါသော လူမှု ရပိုင်ခွင့်များ ဖြစ်သည့် မဲပေးပိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေအရ မည်သည့် ပြည်နယ်၊ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ မဆို အသားအရောင် ကို မူတည်ပြီး နိုင်ငံသားများ၏ မဲပေးပိုင်ခွင့်ကို ငြင်းပယ်ခွင့် မရှိဟု ပါရှိခဲ့သည်။ အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီး လပေါင်း များစွာ အကြာ ဖွဲ့စည်းပုံ ပြင်ဆင်ချက် အမှတ် (၁၅) အရ မူလ ပေးအပ်ထားသော ရပိုင်ခွင့်ကို အသုံးချပြီး လူမည်း ၂၅၀,၀၀၀ သည် မဲဆန္ဒရှင်များ အဖြစ် မှတ်ပုံတင်ခဲ့ကြသည်။

 

သို့သော်လည်း ဝင်ငွေ ညီမျှမှု မရှိခြင်း နှင့် တရားမျှတစွာ ဆက်ဆံ မခံရမှုများက ဆက်လက် ရှိနေဆဲ ဖြစ်သည်ကို စိတ်ပျက်လက်ပျက် ဖြစ်လာကြသည်။ မဲပေးပိုင်ခွင့် သည် ဥပဒေ အဖြစ် အကျုံးဝင်လာပြီး ငါးရက်အကြာတွင် လော့စ် အိန်ဂျယ်လိစ် ရှိ လူမည်းအများဆုံးနေထိုင်ရာ ဝပ် ရပ်ကွက်တွင် အဓိကရုဏ်းကြီး ဖြစ်ပွားလာခဲ့သည်။ လူမည်း အများဆုံးဟု သုံးနှုံးရသော်လည်း တကယ်တမ်းတွင် ထိုရပ်ကွက်ကြီးတွင် နေထိုင်သူ ၉၉ ရာနှုန်းသည် လူမည်းများ ဖြစ်ကြသည်။ ထိုရပ်ကွက်တွင် အလုပ်လက်မဲ့များ၊ စုတ်ပြတ်နေသော အိမ်ယာများ နှင့် အဆင့်အတန်း မမှီသော စာသင်ကျောင်းများ သာ ရှိနေသည်။

 

ခြောက်ရက်ကြာ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးတွင် လူပေါင်း ၃၄ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။ ဒေါ်လာ သန်း ပေါင်းများစွာ ပျက်ဆီးဆုံးရှုံးသွားခဲ့သည်။ ထိုအဓိကရုဏ်းကြီးသည် လူမည်း တို့၏ ခံစားနေရသော ဒုက္ခများကို လှစ်ဟပြလိုက်ခြင်းပင် ဖြစ်သည်။ ထိုအချိန်အထိ လူမည်းတို့၏ တန်းတူညီမျှ ခွင့်ကို ဥပဒေကြောင်းအရ ပေးထားခဲ့သော်လည်း စီးပွားရေး တွင် မညီမျှမှုများ ဆက်လက်ရှိနေ၍  ဒေါသများ၊ မုန်းတီးမှုများ ကိန်းအောင်းလာနေခဲ့ပြီ ဖြစ်သည်။

 

၁၉၆၆ အောက်တိုဘာလ တွင် ကျားသစ်နက် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ကို ကာလီဖိုနီယား ပြည်နယ် အုတ်ကလန် တွင် ဖွဲ့စည်းလာကြသည်။ အဆိုပါ အဖွဲ့သည် အကြမ်းမဖက်ရေး လှုပ်ရှားမှု၏ တိုးတက်မှု နှေးကွေးနေခြင်းကို လက်မခံနိုင်ပဲ ဖြစ်လာသောကြောင့်ပင်။

 

ကျားသစ်နက် နှင့် အခြား အဖွဲ့များသည် စီးပွားရေးအရ အပြည့်အဝ တန်းတူညီမျှခွင့် ရရှိရေး၊ လူမျိုးရေး တန်းတူ တရားမျှတစွာ ဆက်ဆံရေး တို့ကို တောင်းဆိုလာကြသည်။ ထိုတောင်းဆိုချက်များ ရရှိရေး အတွက် လိုအပ်လျှင် အကြမ်းဖက်ရန် လှုံ့ဆော်လာခဲ့ကြသည်။ ဤသို့ဖြင့် လူမျိုးရေး ပဋိပက္ခများ အရှိန်ရလာခဲ့တော့သည်။

 

၁၉၆၈ ဧပြီလ ၄ ရက်နေ့တွင် မမ်ဖီစ် မြို့တွင် မာတင် လူသာ ကင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထိုသို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း လူမှုရပိုင်ခွင့်များ ရရှိရေး ရုန်းကန်တိုက်ပွဲဝင်မှုများသည် ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ထိုလှုပ်ရှားမှုကြီးအား ကိုယ်စားပြုကာ ရှေ့တန်းမှ အင်နှင့် အား နှင့် တိုက်ပွဲဝင်နေသည့် အသံကတော့ ဆိတ်သုန်းသွားခဲ့ရပြီ ဖြစ်သည်။ ၁၉၆၀ ကျော် နှစ်များ အတွင်း ရရှိထားပြီးသား အောင်မြင်မှုများကို ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့တော့ပေ။

 

နောက်ပိုင်း ဆယ်စု နှစ်များ အတွင်း အမေရိကန်တို့၏ လူ့အစည်းအရုံးကြီးသည် အချို့နေရာများတွင် ပေါင်းစည်းမှုများ ရှိလာသော်လည်း အခြေခံ မညီမျှ မှုများက ကျန်ရှိနေဆဲပင် ဖြစ်သည်။ ကင်း ကွယ်လွန်သွားပြီး နှစ်ငါးဆယ် ခန့် အကြာတွင် လည်း တန်းတူညီမျှ ခွင့် များ အား ဆုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသေးပေ။

 

အမေရိကန် စာရေးဆရာ နှင့် တက်ကြွလှုပ်ရှားသူ ဂျိမ်း ဘော်ဒွင်က “အမေရိကား ဖြစ်လာမည့် အကြောင်းအရာများကိုသာ ကျွနုပ်တို့ ဖန်တီးပေးနိုင်ခဲ့သည်” ဟု ပြောလာမှသာ လူမျိုးရေး ဖိနှိပ်မှုများ ရှိခဲ့သော ကျွနုပ်တို့၏ သမိုင်းကို သဘောပေါက် လာခဲ့ရသည်။