မင်းအောင်လှိုင် ၏ အပြောအား “ကပ်ဖားယပ်ဖါး လုပ်မှု” ဟု ကမ္ဘာမီဒီယာများ က ရေးသား

by Hla Soewai - Sep 09 2022

မြန်မာ၏ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် တကမ္ဘာလုံး မှ စစ်သွေးဆာသူ တဦး အဖြစ် ရှုတ်ချခြင်း ခံထားရသော ပူတင်အား ကမ္ဘာခေါင်းဆောင်ကြီး အဖြစ် ရပ်တည်နိုင်ခဲ့မှု အတွက် သူ အနေဖြင့် ဂုဏ်ယူကြောင်း ချီးမွမ်းခန်း ဖွင့်လိုက်ပြီ ဖြစ်သည်။

 

ထိုမျှ နှင့် ရပ်မသွားသေး။ “အဆွေတော် နိုင်ငံကို စတင် အုပ်ချုပ်လာခဲ့သည့် အချိန်မှစ၍ ကမ္ဘာတွင် ထိပ်တန်း ရောက်လာခဲ့သည်ဟု ပြော၍ ရကြောင်း” ဟု ဆိုပြန်သည်။

 

ထိုသို့ ပြောထွက်သည်ကပင် ကမ္ဘာ ရေးရာ များကို နားကန်းတလုံးမျှ သိသူ မဟုတ် ဆိုသည်ကလည်း ပေါ်လွင်သွားခဲ့သည်။

 

ရုရှားသည် ယခုထိ စီးပွားရေး အရ တရုတ် ကို ခြေဖျားပင် မမှီသေးဘဲ သာမန် ရေနံ ရောင်း နိုင်ငံ အဆင့်ထက် တက်မလာခဲ့သေးသည်ကို အားလုံး အသိပင် ဖြစ်သည်။

 

ထိုကဲ့သို့သော စကားလုံးများကို သူကိုယ်တိုင်၊ တကမ္ဘာလုံး၏ ရွံရှာ မုန်းတီး ခံနေရသူ တဦး၏ ပါးစပ်မှ ထွက်လာသည် ဖြစ်၍ “ကပ်ဖါးရပ်ဖား လုပ်မှု” (cringe display) အဖြစ် ‌ရေးသား ဖေါ်ပြလာကြသည်။

 

သူ၏ အပြောကို ပူတင်က ခေါင်းတငြိမ့်ငြိမ့် ဖြင့် ရှိနေခဲ့၍ မင်းအောင်လှိုင်က အားတက်လာပြီး “တကယ်တော့ အဆွေတော်သည် ရုရှား ခေါင်းဆောင် တဦးပင် မဟုတ်တော့ပဲ ကမ္ဘာတဝှမ်း တည်ငြိမ်မှု ရှိအောင် ထိန်းသိမ်း လုပ်ဆောင်နိုင်ခဲ့၍ ကမ္ဘာ့ခေါင်းဆောင်ကြီး ဟုပင် ပြော၍ရကြောင်း” ဆက်၍ ပြောပြန်သည်။

 

ပူတင်ကလည်း ၎င်းကို အရှေ့တောင်အာရှ၏ ခေါင်းဆောင်ကြီး ဟု ပြန်လည် ပြောဆိုသင့်သည် မဟုတ်ပါလား၊ ထိုအစား “အရှေ့တောင် အာရှ ၏ ယုံကြည်စိတ်ချရသော ရေရှည် လက်တွဲဖေါ်” ဟု ပြောဆိုသွားခဲ့သည်။

 

မင်းအောင်လှိုင်က “ပြီးခဲ့သည့် နှစ်သုံးဆယ်က တိုင်းပြည်သည် အခက်အခဲများ နှင့် ကြုံလာခဲ့ရသော်လည်း အဆွေတော်ကြောင့် ရုန်းထွက်နိုင်ခဲ့ကြောင်း၊ ရုရှားသည် ယခုအခါ အလွန်ကို ဖွံ့ဖြိုးတိုးတက်လာနေပြီ ဖြစ်ပြီး တိုးတက်မှု မြန်ဆန်မှုကို လေ့လာစောင့်ကြည့်နေရသည့် အထိပင်” ဟု ဆိုသည်။ ထိုစကား လောက် နှင့် ရပ်သွားမည် ဆိုလျှင် မင်းအောင်လှိုင် အဖို့ ဂုဏ်သိက္ခာ ရှိပေသေးသည်။ သို့သော် အလွန်အကျွံ စကားများဖြင့် ဖော်လံဖားခဲ့မှု အတွက် ကမ္ဘာအလယ်တွင် ပြောသင့်သည် မပြောသင့်သည် ကို မသိသည့် ပညာမဲ့ တယောက် အဖြစ် ယူဆခံရခြင်းသာ အဖတ်တင်သွားခဲ့သည်။

 

၎င်း အနေဖြင့်က ပူတင် နှင့် ဓါတ်ပုံ တွဲရိုက်ခံရသည့်အတွက် ကျေးဇူးဆပ်သည့် အနေဖြင့် ထိုမျှလောက်တော့ ပြောရပေမည်ဟု လူပြိန်းတွေး တွေးကာ တွက်ဆထားပုံရှိသည်။ ရုရှား မှ ဒီဇယ် များကို ရုရှား လက်ခံသည့် မည်သည့် ငွေကြေး နှင့် မဆို ပေး၍ ဝယ်ပါရစေဟု လည်း မင်းအောင်လှိုင်က ပြောခဲ့ကြောင်း ရုရှား သတင်း ဌာနက အတည်ပြုခဲ့သည်။

 

မိမိတို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုအား အမေရိကန်မှ ရှုတ်ချနေခြင်းမှာ ကမ္ဘာကြီး မတည်မငြိမ် ဖြစ်ရန် ဆန္ဒရှိနေ၍ ဖြစ်ကြောင်း၊ ထို့သို့ ဖြစ်အောင်လည်း အာဆီယံ က ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမေရိကန်သည် ကမ္ဘာကြီးကို သူတယောက်တည်း စိုးမိုးလို၍ သာ မကျေမနပ် ဖြစ်နေခြင်း ဟု လည်း သူ၏ ကမ္ဘာအမြင်ကို ပူတင် မသိမှာစိုး၍ ရှင်းလင်းပြောပြသွားခဲ့ပြန်သည်ဟု တောင်အာဖရိက ရှိ Independent Online (IOL) သတင်းတွင် အသေးစိတ် ဖေါ်ပြထားသည်။

 

ဤသည်ကပင် အမေရိကန် နှင့် အာဆီယံ အပေါ် ၎င်း၏ ရှုမြင်ချက်ကို လူသိရှင်ကြား ထုတ်ဖေါ်လိုက်ခြင်း ဖြစ်သည်။

 

မိမိအနေဖြင့်မူ တချိန်က မူဆိုလိုနီ မှ ဟစ်တလာအား ချီးကျူး ပြောဆိုခဲ့သည်ကို အမှတ်ရမိလိုက်သည်။

 

နောက်ဆုံးတွင် ဟစ်တလာသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သလို မူဆိုလိုနီ လည်း အီတလီ တော် လှန်ရေးသမားများ၏ လက်ချက် ဖြင့် အသတ်ခံရကာ အလောင်းအား မီလန် မြို့လယ် ဓါတ်တိုင် တတိုင်တွင် ဇောက်ထိုး ချိတ်ဆွဲ ပြသ ခံခဲ့ရသူ ဖြစ်သည် မဟုတ်ပါလား။

 

ပူတင် နှင့် တွေ့ခွင့်ရ၍ ပျော်မဆုံး မော်မဆုံး ဖြစ်နေသော်လည်း ပူတင် ကိုယ်နှိုက်က ကျန်းမာရေး ဆိုးရွားလာ နေသည့်အပေါ် ထိုအခမ်းအနားသို့ သတင်းယူရန် ရောက်ရှိနေကြသော သတင်းထောက်များ အားလုံးက တညီ တညွတ်တည်း သဘောတူခဲ့ကြသည်။ သူ့တွင် ရှိ ကျောက်ကပ်ရောဂါသည် ဆိုးဝါးလာနေပြီ ဖြစ်သည်ကို ဖောရောင်နေသော ပူတင်၏ မျက်နှာကြီးက သက်သေခံနေသည်။ ဆေးဝါးများကလည်း ကုစားနိုင်ခြင်း မရှိ တော့ဟု ဆိုသည်။ လေယာဉ် ပေါ်မတက်မီ ကပင် ခံနိုင်ရည် မရှိတော့သော်လည်း စီစဉ်ပြီးသား ဖြစ်၍ အရောက်သွားမည် ဆိုကာ ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ အခြေအနေ ဆိုးလာသည်ကို တွေ့ရ၍ ရုရှားတို့က doppelganger ခေါ် လူတူ တဦးအား လိုအပ်လျှင် ချက်ချင်း အစားထိုးဖို့ တပါတည်း ခေါ်လာခဲ့သည် ကိုလည်း ရုရှား၏ တယ်လီဂရမ် ချန်နယ် ဖြစ်သည့် SVR တွင် ဖေါ်ပြထား၍ သိနေခဲ့ကြပြီး ဖြစ်သောကြောင့်ပင်။

 

အကယ်၍ အစားထိုးခဲ့သည် ဆိုလျှင်ပင် ပူတင် နှင့် တခါဖူးမျှ အနီးကပ် ထိတွေ့ စကားပြောဆိုခဲ့ဖူးခြင်း မရှိသော မင်းအောင်လှိုင်ကတော့ ရိပ်စားမိမည် မဟုတ်ပေ။

 

ပူတင် ခေါင်းငြိမ့်နေသည် ဆိုခြင်းမှာလည်း မြန်မာတွေ ပြောတဲ့ မြင်းထိန်း ငတာ ဆိုတာ သူများလားဟု တွေးနေ၍ပင် ဖြစ်မည်။ သို့မဟုတ်ပါက အိပ်ငိုက်နေခြင်းသာ ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ပူတင်၏ နောက်လိုက် နောက်ပါ များက ခေါင်းဆောင်ကြီးသည် ပင်ပန်းနွမ်းနယ်နေပြီး အသက်ရှု မဝ ဖြစ်နေသည်ဟု ဆရာဝန်အား ပြောသည်ကို နားနှင့် ဆတ်ဆတ် ကြားခဲ့ရသည်ဟု ဆိုသည်။

 

စာနာ ထောက်ထားတတ်သော နှလုံးသား ကင်းမဲ့နေရုံမက တိုင်းပြည်၏ အနာဂတ်ကို အသာထားဘိဦး မိမိ ရှေ့ရေးကိုပင် တွေးတော ဆင်ခြင် နိုင်စွမ်း မရှိရှာသည့် အာဏာရှင် ပေါက်စလေး နှင့် အာဏာရှင် အကြီးစား တို့ တဦးကို တဦး လ္ဘက်ရည်ဆိုင် ထိုင်နေကြသည့် အလား ကျောသပ်ရင်သပ် လုပ်နေချိန်တွင် အင်ဒိုနီရှား၌ မင်းအောင်လှိုင်အား တရားစွဲရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။

 

ထိုသို့ ပြုလုပ်နိုင်ရန် လူ့အခွင့်အရေး ဥပဒေ ပါ စွပ်စွဲခံရသူသည် အင်ဒိုနီးရှား နိုင်ငံသား ဖြစ်ရမည် ဆိုသည့် အပိုဒ်ကို ပြင်ဆင်ပေးရန် အင်ဒို ရှေ့နေချုပ် ဟောင်းက ဦးဆောင်လှုပ်ရှားနေပြီ ဖြစ်သည်။

 

လာမည့်အပတ်တွင် တရုတ် သမ္မတရှီကျင့်ဖျင်သည် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက် ရန် ဥဘက်စတန်သို့ ရောက်ရှိလာပြီး ပူတင် နှင့် တွေ့ဆုံမည် ဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ် အတွင်း မင်းအောင်လှိုင်သည် မြှောက်ပင့် ပေး၍ ပေးမှန်း မသိသည့် အတွက် မြန်မာပြည် အခြေအနေ ပို၍ ဆိုးမလာစေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ သတိပေးကောင်း ပေးလာနိုင်ဖွယ် ရှိနေသည်။

 

ပြည်သူတို့၏ တရားသော ခုခံစစ်မုချအောင်ရမည်!!!