ဆုတောင်း ပြည့်ပြီထင်

by Hla Soewai - Sep 08 2022

ဗလာဒီဗော့စတော့တွင် ကျင်းပနေသည့် အရှေ့အာရှ စီးပွားရေး ဖိုရမ်သို့ တက်ရန်ဟု ဆိုကာ ရောက်ရှိနေသည့် မင်းအောင်လှိုင်အား ပူတင်မှ ဗုဒ္ဓဟုးနေ့တွင်လက်ခံ တွေ့ဆုံမည် ကရင်မလင်မှ ကြေညာချက် ထွက်လာ၍ မင်း‌ အောင်လှိုင် အဖို့သမ္မတ ဖြစ်ချင်သည့် ဆန္ဒပြီးလျှင် ဒုတိယ အပြင်းပြဆုံး ဆန္ဒပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။

 

ဤသည်ကား မင်းအောင်လှိုင် ကာချုပ် ဖြစ်လာချိန်မှစပြီး ပူတင် နှင့် ပထမဆုံး တွေ့ခွင့်ရသွားခဲ့ခြင်းပင် ဖြစ်သည်၊ သို့သော် သူ ဖြစ်စေချင်သလို ကရင်မလင် နန်းတော်တွင်တော့ မဟုတ်၊ အစည်းအဝေး ၏ ဘေးထွက် အဖြစ် ဗလာဒီဗော့စတော့တွင် အာမေးနီးယား၊ မွန်ဂိုလီယား ဝန်ကြီးချုပ်များ၊ တရုတ် ပြည်သူ့ ကွန်ဂရက် ဥက္ကဌ များကဲ့သို့ ဘေးထွက် တဦးချင်းစီ တွေ့ဆုံမည် ဖြစ်သည်။ 

 

အဆိုပါ အစည်းအဝေးသည် ရုရှား အရှေဖျားတွင် ပြည်ပရင်းနှီးမြုပ်နှံမှု များ အတွက် ခေါ်ယူခြင်း ဖြစ်ပြီး မင်းအောင်လှိုင်နှင့်က ထို့အတွက် ပူတင်အဖို့ ဆယ်မိနစ်ခန့် ထက် ပို၍ ဘာမှ ဆွေးနွေးစရာ ရှိမည် မဟုတ်ပေ၊ သို့သော် မင်းအောင်လှိုင်မှ မြန်မာပြည်မှ လျပ်စစ်ကား ထုတ်လုပ်သည့် စက်ရုံများ ဗလာဒီ‌ဗော့စတော့ တွင် လာရောက် ဖွင့်သွားမည်ဆိုက ဆယ်မိနစ် အဆင့်မှ တနာရီ အထိ ကြာသွားနိုင်ပေလိမ့်မည်။

 

မင်းအောင်လှိုင်အာဏာ သိမ်းရသည့် အကြောင်းပြချက် ကို အာဖရိက လူမည်း နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် မရိုးနိုင်သော ပျက်လုံး တခု အဖြစ် ပူတင် အနေဖြင့် လက်ခံ၍ ရသော်လည်း အသက် ၇၆ နှစ်ရှိ အမျိုးသမီးကြီး တဦးအား တမှုလည်း မဟုတ်အမှုပေါင်းစုံဖြင့် အောက်တန်းနောက်တန်း ကျစွာ လုပ်ကြံစွပ်စွဲထားသည်ကို ကိုယ်ကျင့် သိက္ခာပိုင်းအရ ပူတင် အနေဖြင့် မည်သို့မျှ လက်ခံနိုင်မဟုတ်ပေ။

 

ပူတင်သည် အာဏာရှင် ဆန်ဆန် ကျင့်သုံးနေသောလည်း စောင့်ထိန်းရမည့် ကိုယ့်ကျင့်တရားကိုတော့ အတိုင်းအတာ တခုထိ သတ်မှတ်ထားရှိသူ ဖြစ်နေသောကြောင့်ပင်။

 

ထွက်ပေါ်လာသော သတင်းများအရ ပြုလုပ်ရန် ကြိုးပမ်းနေသော လာမည့် နှစ် ဩဂုတ် လ ရွေးကောက်ပွဲတွင် စစ်တပ်၏ ကိုယ်ပွား ဖြစ်သော USDP ကြိမ်းသေပေါက် အနိုင်ရရှိရေး အတွက် ပြိုင်ဖက် အသင်း၏ ဂိုးပေါက် ကို နှစ်ဆ ချဲ့ပေးရန် PR စနစ် ကျင့်သုံးသွားဖို့ သေချာသလောက် ဖြစ်နေပြီ ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

 

ပြည်ပရှိ မြန်မာပြည်သူများက တော်လှန်ရေး ရံပုံငွေ ရရှိရေး အတွက် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလျက် ရှိနေရာ တွင် နိုင်ငံတော် အတိုင်ပင်ခံ၏ သားဖြစ်သူ ကိုထိန်လင်းလည်း ပါဝင်လာခဲ့သည်။ ၎င်း၏ သစ်ထွင်း ပန်းချီကား "ဆန်ရေ" သည် နှစ်ပတ် မပြည့်မီမှာပင် အမေရိကန် ဒေါ်လာ ၁.၇ သန်း ရရှိ‌ အောင် ကူညီ ပေးနိုင်ခဲ့ပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ နယူးယောက်ရှိ အမေရိကန် ဗဟိုဘဏ် မှ စစ်တပ် အာဏာသိမ်းပြီးချိန်ကတည်းက ထိန်းချုပ်ထားသော ဒေါ်လာ တစ်ဘီလီယံ ခန့်ရှိ အပ်နှံထားငွေများကို NUG မှ ထုတ်လုပ် ရောင်းချရန် ရှိနေသည့် ဒီဂျစ်တယ် ငွေကြေး အတွက် အာမခံ အဖြစ် သတ်မှတ်ပေးရန် NUG ၏ စီမံကိန်း ဝန်ကြီး ဦးတင်ထွန်းနိုင်မှ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

 

ရုရှား အကြောင်း ပြန်ဆက်ရမည် ဆိုလျှင် ရုရှားသည် ပင်လယ်ရေနွေး ဆိပ်ကမ်းတခု ပိုင်ဆိုင်ရန် နှင့် အိန္ဒိယ သမုဒ္ဒရာဖက်ခြမ်းတွင် ဝင်ထွက်နိုင်ခွင့်ရရန် ဆိုဗီယက် ခေတ်ထဲက ကြံစည်ခဲ့ပြီး အာဖဂန်နစ္စတန် ကို သိမ်းပိုက်ခဲ့ဖူးသည်၊ ၎င်းတို့၏ ဆိပ်ကမ်းများ ဖြစ်သော အာတိတ်ဖက်ခြမ်းရှိ မူမန့်စ် ဆိပ်ကမ်းသည် တနှစ်လျှင် လပေါင်းများစွာ ရေခဲနေပြီး၊ ဗလာဒီဗော့စတော့ ဆိပ်ကမ်းသည်လည်း တနှစ်လျှင် လေးလခန့် ရေခဲနေတတ်သည်၊ ဂျပန်တို့ ကြီးစိုးထားသည့် ပင်လယ်ပြင်ကလည်း ဝိုင်းရံထား၍ လွတ်လပ်စွာ လှုပ်ရှားခွင့်မရ ဖြစ်နေသည်။

 

ရုရှားသည် အမေရိကန်ကဲ့သို့ ပင်လယ်ရေနွေး ဆိပ်ကမ်းများ မရှိမှုသည် အင်အားကြီး နိုင်ငံ ဖြစ်လာရေး တွင် ဆူးညှောင့်ခလုတ်ကြီး ဖြစ်နေရသည်။ ယခုအခါ ကရိုင်းမီယားကို သိမ်းယူနိုင်ပြီ ဖြစ်သည့် အတွက် ဆီဗာစတိုပို ရေနွေး ဆိပ်ကမ်းကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

 

မြန်မာ ကမ်းရိုးတန်းတွင် ရုရှား ရေတပ်သည် ထိုသိုဝင်ထွက်ခွင့် ရမည့် အခြေစိုက်စခန်း တခု ရရှိရေးကို လိုလားမည်က အသေအချာပင် ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်က မည်မျှပင် ‌ချည်းကပ်‌နေစေကာမူ မဟာမိတ် ဖြစ်သော တရုတ်ကို ကျော်ခွ၍ ၎င်းတို့ နောက်ဖေးခြံလို ဖြစ်နေသော မြန်မာအား

လက်ရှောင်နေခြင်းသာ ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ အာဏာသိမ်း အဖွဲ့အတွက် လိုအပ်နေသော နိုင်ငံခြားငွေ များ၊ လောင်စာဆီများ ရနိုင်ရန် ရုရှား၏ ထောက်ခံမှု ရရေး အာမခံနိုင်ရန်၊ ရုရှားတို့ ငမ်းငမ်းတက် လိုချင်နေသည့် အိန္ဒိယ သမုဒ္ဒရာသို့ ဝင်ထွက်နိုင်မည့် ပင်လယ်ရေနွေး စစ်စခန်း ဖွင့်ခွင့် ကို ကြိတ်ပုန်းခုတ်လာနိုင်သည်၊ တဖက်ကလည်း ထိုသို့ မလုပ်ဟု လူသိရှင်ကြား ကြေညာလာနိုင်သည်များကို သတိလက်လွတ် မခံပဲ စောင့်ကြည်နေကြရမည်သာ ဖြစ်သည်။

 

(ပုံတွင် နျူကလီယား စွမ်းအင် အတွက် ရှေ့လုပ်ငန်းစဉ် များ လက်မှတ်ရေးထိုးသည့် အခမ်းအနား ကြီးအား ဧရာဝတီ သတင်း တွင် တွေ့မြင်ရစဉ်)

 

ပြည်သူ အားဖြင့် ဆင်နွှဲနေသော ခုခံစစ် မုချအောင်ရမည်!!!