ဒီတကြိမ် ပူတင် နဲ့ တွေ့ခွင့်ရပါစေ

by Hla Soewai - Sep 07 2022

မတွေ့ရ မချင်း သွားနေ၍ တိုင်းပြည် ဘဏ္ဍာများ အလဟသ ကုန်ခန်းလာနေသောကြောင့် ထိုကဲ့သို့သာ ဆုတောင်းပေးချင် မိတော့သည်။ မင်းအောင်လှိုင်လည်း နိုင်ငံပိုင် လေယာဉ်ကြီးပေါ်တွင် မိန့်မိန့်ကြီး စီးနင်းလာရင်းက မိမိလိုပင် ဆုတောင်းနေမည်သာ ဖြစ်သည်။ ထို့အတူ ဆြာဒေါ်များလည်း သူ့အတွက် ယတြာများချေ၊ ဓါတ်ရိုက် ဓါတ်ဆင်လုပ်၊ ပူတင်ကို မေတ္တာ ပို့ပေးနေကြပေရော့မည်။

 

ယခင် အခေါက်များကလည်း ပူတင် ကို အသာထားဘိဦး၊ မည်သည့် ရုရှား ထိတ်ပိုင်း ခေါင်းဆောင် တဦးတလေနှင့် မျှ high profile meeting မျိုး လည်း မရှိခဲ့။ ဖြစ်နိုင်လျှင် ကော်ဇော်နီကိုပင် ကိုယ့်ဖာသာ လေယာဉ် အဆင်းတွင့် ဖြန့်ခင်းရန် သယ်သွားချင်ပုံ ရသည်။

 

ပြီးခဲ့သည့် နှစ်လ အတွင်း လည်း တခေါက်ရောက်ခံ့ပြီး "အောင်ပြီ..အောင်ပြီ" ဟု ဘုန်းကြီးများ နှင့် ပေါင်းကာ လက်သီး လက်မောင်းတန်း ဟစ်ကြွေး နေပုံသည်လည်း ဆိုရှယ် မီဒီယာ များ ပေါ်တွင် တမဟုတ်ချင်း ပျံနှံ့သွားခဲ့ပြန်သည်။

 

ဘာတွေ အောင်နေလည်းတော့ မသိ၊ ဘာမှ မအောင်သည့် အပြင် စီးပွားရေးသည် ဒီထက် ဆိုးနိုင်စရာ မရှိတော့အောင် ခွက်ခွက်လန် ကျဆင်းလာခဲ့ရသည်။ယခု လည်း စီးပွားရေး ထိပ်သီး ဆွေးနွေးပွဲ တက်မည် ဆိုက လူတပြုံတပင်ကြီး နှင့် ထွက်သွားပြန်လေပြီ။ 

 

စင်ပေါ်တွင် အိန္ဒိယ ဝန့်ကြီးချုပ် မီုဒီ အပါအဝင် အခြား ခေါင်းဆောင်များ နှင့် အာဆီယံ စတိုင် လက်ချင်းချိတ်ကာ ဓါတ်ပုံရိုက်ခွင့်ရလည်း နဲနဲနောနော အခွင့် အရေး မဟုတ်။

 

ကံကောင်းက ငွေလေးဘာလေး ချေးငှား၍ ရနိုင်သေးသည် မဟုတ်ပါလော။

 

နောက်ထပ် ရည်ရွယ်ချက် တခုက ၎င်း၏ အာဏာသိမ်း ပွဲသည် အောင်မြင်သွားပြီး ဖြစ်၍ ကြိုက်သည် မကြိုက်သည် ဖြစ်စေ မဖြစ်မနေ ဆက်ဆံရမည့် အစိုးရ သဖွယ် ပုံဖေါ်လာခြင်းလည်း ဖြစ်သည်။

 

သူစိတ်ထဲတွင် မြန်မာပြည် ငြိမ်းချမ်းနေပြီ ဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ အာမခံ မည်ဆိုက အားလုံးက စောဒက မတက်ပဲ လက်ခံ ကြလိမ့်မည်ဟု ယုံကြည်နေသည်။

 

မင်းအောင်လှိုင် သတိမထားမိသည့် အချက်က ရုရှားသည် အမေရိကန် မဟုတ်၊ တရုတ်ကို ရှောင်ဖယ်ပြီး ရုရှားကို ပလူးပလဲ သွားလုပ်သော်လည်း ရုရှားသည် တရုတ်တို့၏ အငြိုအညင် ခံပြီး ၎င်းအား ကျွန်ယုံ ကျွန်ကောင်းပမာ မြှောက်စားလာလိမ့်မည် မဟုတ် ဆိုသည်ပင် ဖြစ်သည်၊ ရုရှားသည် ၎င်းတို့ရေနံများ အတွက် ဥရောပ ဈေးကွက်ကြီးကို လက်လွှတ်ရမတတ် ဖြစ်လာချိန်တွင် တရုတ်ထံ ပိုက်လိုင်းသွယ်ပြီး ရေနံများ ရောင်းချရန် စိုင်းပြင်းနေချိန်လည်း ဖြစ်သည်။ တရုတ်သည် ယခုအခါ မြန်မာ အပေါ် ရုရှား၏ ခြေလှမ်းများကို သတိထားပြီး စောင့်ကြည့်လာနေသည်။ ရုရှားထံမှ လက်နက်များ ဝယ်ပြီး ပြည်တွင်းစစ်ကို အရှိန်မြင့်လာပါက တရုတ်တို့၏ အကျိုးစီးပွား ပျက်ရာပျက်ကြောင်း ဖြစ်လာမည့် အရေးကို လုံးဝ လိုလားခြင်း မရှိပေ။

 

မင်းအောင်လှိုင်သည် ရသမျှ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ နိုင်ငံတကာ အား လိမ်လည် လှည့်ဖျားရန် စိတ်ကူးနေစဉ်မှာပင် နိုင်ငံတကာ အနေဖြင့် မြန်မာ အရေး အပေါ် အလေးအနက် စဉ်းစား ကူညီခြင်း မရှိက ဘက်ပေါင်းစုံ ကပ်ဘေးကြီး ဆိုက်လာတော့မည် ဖြစ်သည်ဟု လည်း ကုလ အထူး သံတမန် နိုလင်း ဟေဇာက သတိပေးသွားခဲ့သည်။

 

နိုင်ငံတကာ နှင့် ဒေသတွင်း အဓိက ပတ်သက်နေသူများ အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒ ကို နားထောင်ပြီး ထိုအတိုင်း အကောင်အထည် ဖေါ်ပေးရန်လည်း ပန်ကြားသွားခဲ့သည်။

 

သူမ၏ မြန်မာပြည် ခရီးစဉ် နှင့် ပတ်သက်၍ စင်္ကာပူ ရှိ ISEAS Yusof Institute နှီးနှောဖလှယ်ပွဲ တွင် သူမ၏ မြန်မာပြည် ခရီးစဉ် နှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ယခုလို သတိပေးလိုက်ခြင်း ဖြစ်သည်။ ကုလ သည် မဖြစ်၍သာ စစ်ကောင်စီ နှင့် ဆက်ဆံခဲ့ရသော်လည်း ၎င်းတို့ အုပ်ချုပ်နေမှုအား တရားဝင် အသိအမှတ် ပြုချင်း မဟုတ်ဟု ကုလသ‌ ဘောထားကို ပါ အတိအလင်း ရှင်းလင်းသွားခဲ့ပြန်သည်။

 

တဆက်တည်း ဆိုသလိုပင် နိုင်ငံတော် အတိုင်ပင်ခံ၏ ကျန်းမာရေး ကိုလည်း အထူးစိုးရိမ် မကင်း ဖြစ်မိသည်ဟုလည်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရမှသာ နောက်တကြိမ် ပြန်သွားမည်ဟုလည်း ကြွေးကြော်သွားခဲ့သည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးမှလည်း မြန်မာနိုင်ငံ အတွင်း ဘာတွေ ဖြစ်ပျက်နေသည်ကို အတိအကျ သိရန် အစီရင်ခံရေး အတွက် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးသို့ စာရေးသား တောင်းဆိုလိုက်ပြန်သည်။

 

မြန်မာအရေး အထူး အကြံပေး ကောင်စီ၏ အသေးစိတ် အစီရင်ခံစာတွင်လည်း စစ်ကောင်စီသည် ၎င်း၏ နိုင်ငံသားများ အပေါ် နေရာအနှံ့တွင် အကြမ်းဖက်မှုများ ကျုးလွန်ခဲ့ခြင်းများကြောင့် အစိုးရ တရပ် အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်သည် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းနှင့် အတူ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ အခြေခံ ဝန်ဆောင်မှု များပင် မပေးနိုင်တော့ လောက်အောင် နိုင်ငံတွင်း လုံခြုံရေး အခြေအနေများလည်း ယို့ယွင်းပျက်ဆီးနေပြီ ဖြစ်သည်ဟု ပါရှိခဲ့သည်။

 

ပြည်သူတို့၏ တန်ပြန် တော်လှန်ရေးသည် နိုင်ငံ အနှံ မှိုလိုပေါက်လာနေပြီး ၎င်းတို့ စစ်တမ်းများအရ မြိုနယ်ပေါင်း ၃၃၀ တွင် စစ်ကောင်စီ သည် ၇၂ မြို့နယ်သာ ထိန်းချုပ် ထားနိုင်သည်ကို တွေ့ရသည်ဟု ဆိုသည်။

 

နှစ်လ အတွင်း နောက်တကြိမ် ထပ်သွားသည်ကတော့ အတော်ကို ထူးဆန်းနေသည်ဟု ဆိုရမည်သာ ဖြစ်သည်။

 

ပြည်သူ အားဖြင့် ခုခံစစ် မုချအောင်ရမည်!!!

 

(ပုံတွင် ရုရှား တာဝန်ရှိသူများ နှင့် အကြိတ်အနယ် ဆွေးနွေးနေသည့် မင်းအောင်လှိုင်နှင့် အဖွဲ့ကို တွေ့နိုင်သည်)