သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(37)

by Hla Soewai - Sep 05 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၆)

 

လူမည်းတို့ အဖို့ တန်းတူညီမျှ အခွင့်အရေးသည် ရရှိဖို့ လက်လှမ်းမမှီနိုင်သေးပဲ ဖြစ်နေ၍ ဆက်လက် အကြိတ်အနယ် တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။

 

မွန်ဂိုမာရီ ဘတ်စ်ကား သပိတ်ကြီး အပြီး လူမှု ရပိုင်ခွင့်များ အတွက် ဇောက်ချ တိုက်ပွဲဝင်ရန် မာတင် လူသာ ကင်း ဦးဆောင်ဖွဲ့စည်းလာသည့် တောင်ပိုင်း ခရစ်ယာန်များ ဦးဆောင်မှု ကွန်ဖရင့်ကြီးမှ "လူမည်းများ အားလုံး ခွဲခြား သတ်မှတ်ပေးမှု မှန်သမျှ ကို အကြမ်းမဖက်သည့် နည်းလမ်း မှန်သမျှ သုံးကာ လုံးဝဥသုံ ဆန့်ကျင်ကြရမည်" ဟု အဖွဲ့ကြီး၏ ဦးတည်ချက်ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

၁၉၆၀ ဖေဖေါ်ဝါရီလမှစ၍ မြောက်ကာရိုလိုင်နားရှိ ဂရင်းဘိုရို မြို့ Woolworths စတိုးဆိုင်ကြီး အတွင်း လူဖြူများအတွက် နေ့လည်စာ စားရန် သတ်မှတ်ပေးထားသော နေရာများတွင် ‌လူမည်း ကျောင်းသားများက ဝင်ရောက်စားသောက်ခဲ့ကြသည်။ စတိုးဆိုင်ကြီး အတွင်းရှိ စားသောက်ဆိုင် တွင် စားဖိုမှုး အဖြစ် နှစ်ပေါင်း လေးဆယ်နီးပါး လုပ်ကိုင်ခဲ့သည့် ဂျနီဖာ ထရစ်ဒေးသည် ထိုနေ့က အဖြစ်အပျက်ကို ယခုလို ပြန်ပြောပြခဲ့သည်။ 

 

"ကျောင်းသား‌ တွေက သူတို့ထိုင်နေတဲ့ စားပွဲနား ဖြတ်လာတဲ့ စားပွဲထိုးတွေကို ကော်ဖီ နှင့် ပိုင် မုန့်ချပ်များ လာချပေးဖို့ မှာခဲ့ကြပေမယ့် လူမည်းတွေ မို့ ယူလာပေး၍ မရလို့ စားပွဲထိုးတွေ က ပြန်ပြောတယ်၊ ဒါပေမယ့် ကျောင်းသားတွေက ဇွဲမလျော့ဖူး၊ နောက်ထပ် ကျောင်းသားတွေ ထပ်ခေါ်လာပြီး ပြန်ရောက်လာကြတယ်၊ နောက်ဆုံး စားသောက်ဆိုင်ထဲက စားပွဲတွေမှာ ကျောင်းသားတွေနဲ့ ပြည့်ကုန်ပြီး၊ သူတို့က အိတ်ထဲက စာအုပ်တွေ ထုတ်ဖတ်ပြီး ထိုင်နေကြတယ်၊ ဒါနဲ့ ဆိုင်ကို ခဏ ပိတ်ပစ်လိုက်ပြီး ဘာဆက်လုပ်ကြမလဲ တိုင်ပင်ကြတယ်၊ နောက်ဆုံး ဆိုင်မန်နေဂျာ အမျိုးသမီးက ကျမ အပါအဝင် ဆိုင်ဝန်ထမ်း လူမည်း သုံးယောက်ကို ခေါ်ပြီး သူတို့ မှာတာတွေ ချပေးဖို့ စီစဉ်ခဲ့ရတယ်"

 

ထိုသို့ Woolworths ဆိုင် အတွင်း ထိုင်သပိတ်ကြီး ဖြစ်ပွားနေစဉ်တွင် အနီးအနားရှိ ရာလေး မြို့တွင်လည်း လူမည်း လူငယ်လေးများသည်လည်း လူမှု ရပိုင်ခွင့်များ ရရှိရေး အတွက် ၎င်းတို့ ဆန္ဒကို ထုတ်ဖေါ်ရန် အဖွဲ့တဖွဲ့ကို ထူထောင်လိုက်ကြပြန်သည်။

 

‌ထိုအဖွဲ့အား "ကျောင်းသားများ အကြမ်းမဖက်ရေး လှုပ်ရှားမှု ညှိနှိုင်းကော်မတီ Student Nonviolent Coordinating Committee (SNCC) ဟု အမည်ပေးခဲ့ကြသည်။ အဖွဲ့တည်ထောင်သူ အယ်လာ ဘိတ်ကာမှ"စိတ်ဓါတ်ခိုင်မာပြီးသား လူများ အတွက် အားကောင်းသော ခေါင်းဆောင်မျိုး မလိုအပ်"၊အောက်ခြေ လူထု ပါဝင် ထောက်ခံဖို့သာ လိုသည်ဟု ပြောခဲ့သည်။

 

မာတင် လူသာ ကင်း သည် SNCC အား ၎င်းတည်ထောင်ထားသည့် တောင်ပိုင်း ခရစ်ယာန်များ ဦးဆောင်မှု ကွန်ဖရင့် အဖွဲ့ကြီး၏ လူငယ် လက်ရုံး အဖွဲ့အဖြစ် ပူးပေါင်းစေလိုသော်လည်း ကျောင်းသားများက ၎င်းတို့ဖာသာ သီးသန့် လှုပ်ရှားသွားမည် ဆိုကာ ငြင်းပယ်ခဲ့ကြသည်။

 

၁၉၆၁ မေလ ၄ ရက်နေ့တွင် နောင်တွင် Freedom Riders ဟု ထင်ရှားလာမည့် လှုပ်ရှားမှု စတင်လာခဲ့သည်။ လူဖြူ နှင့် လူမည်း တက်ကြွလှုပ်ရှားသူများသည် ဘတ်စ်ကား နှစ်စီး ဖြင့် ဝါရှင်တန် မှ နယူးအော်လန်း သို့ ထွက်ခွာလာခဲ့ကြသည်။ တောင်ပိုင်း ဒေသများ တွင် လူမည်းများ အား ဆက်လက် ခွဲခြားထား‌နေမှုအား ရင်ဆိုင်ရန် ခရီးထွက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုခရီးစဉ်အား SNCC နှင့် CORE အဖွဲ့များမှ ဦးဆောင် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။

 

လိုက်ပါလာသူများ အား အကြမ်းဖက် ခံရမည့် အရေး နှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ကြိုတင် သတိပေးခဲ့ပြီး ဖြစ်လာသမျှ ကို ငြိမ်းချမ်းစွာ တုန့်ပြန်သွားမည်ဟု အားလုံးက စိတ်ပိုင်းဖြတ်ထားကြပြီး သူများလည်း ဖြစ်သည်။

 

ဘတ်စ်ကား တစီးပေါ်တွင် လိုက်ပါလာသူသည် SNCC ၏ ဥက္ကဌ နှင့် နောင်တွင် ကွန်ဂရက် အမတ် ဖြစ်လာမည့် ဂျွန် လူးဝစ် ဆိုသူ ဖြစ်သည်။ တောင်ကာရိုလိုင်နားရှိ ဘတ်စ်ကား ဝင်းထဲတွင် ဂျွန် လူးဝစ် နှင့် အခြား နှစ်ဦးအား လူဖြူများ အတွက် သတ်မှတ်ပေးထားသည့် ခရီးသည် နားနေခန်းသို့ ဝင်ရောက်မှု ဖြင့် ထိုးကြိတ်ရိုက်နှက်ခဲ့ကြသည်။

 

နောက် နှစ် ပတ် အကြာတွင် Freedom Riders တစ်ဦး ထပ်မံ ရိုက်နှက်ခံခဲ့ရသည်၊ ဒီတကြိမ်တွင်တော့ မေ့မျောလုမတတ် ဖြစ်သွားခဲ့သည်။

 

လူးဝစ်သည် သူ၏ ဘဝတလျောက်လုံး ယုံကြည်ချက်ကို ကိုယ်စားပြု လှုပ်ရှားရုန်းကန်သွားခဲ့သူ ဖြစ်သည်၊ ဤသည်ကိုလည်း အလုပ်နှင့် သက်သေပြနိုင်ခဲ့သူလည်း ဖြစ်သည်။ လွတ်လပ်ခွင့် ဆိုသည်မှာ "အခြေအနေ တရပ်မဟုတ်၊ အလုပ် သာ ဖြစ်သည်" ဟု ဆိုသည်။

 

အယ်လာဘာမား ပြည်နယ် ဘာမင်ဂန် မြို့ အရောက်တွင်တော့ အပြင်းထန်ဆုံး အကြမ်းဖက်လာမှု နှင့် ကြုံခဲ့ရပေတော့သည်။ ဘတ်စ်ကားများထဲသို့ မီးလောင်ဗုံးများ နှစ် ပစ်သွင်း တိုက်ခိုက်လာကြသဖြင့် လိုက်ပါလာသူများက ပြတင်းပေါက်များမှ ခုန်ချ ထွက်ပြေးခဲ့ရသည်၊ ၎င်းတို့အား အောက်တွင် အုပ်စုဖွဲ့၍ အသင့်စောင့်နေသည့် လူဖြူများက ရိုက်နှက်ခဲ့ကြပြန်သည်။

 

ထိုသို့ တိုက်ခိုက်နိုင်ရန် ကြိုတင် စီမံခဲ့သူသည် ပြည်နယ် လူထု လုံခြုံရေး ကော်မရှင်နာ မင်းကြီး ယူဂျင်း 'ဘူးလ်' ကွန်နား ‌ဆိုသူပင် ဖြစ်သည်။ သူသည် လူဖြူ လူမည်း ခွဲခြားမှုကို ထောက်ခံပြီး တောင်ပိုင်း၏ အစဉ်အလာကို ထိန်းသိမ်းရမည်ဟု ခံယူထားသည့် တဖက်စွန်း ရောက်သူတဦးလည်း ဖြစ်သည်။

 

Freedom Riders ဘတ်စ်ကားများသည် သူ ရှိရာ မြိုသို့ ဦးတည်လာနေပြီ ဖြစ်ကြောင်း သိရှိသွားသည့် အခါတွင်တော့ ဒေါသအိုး ပေါက်ကွဲကာ ဒေသခံ ကူကပ်ကလန်များ အား ရဲများ ရောက်မလာအောင် ၁၅ မိနစ် မှ မိနစ် နှစ်ဆယ် ခန့် အချိန်ဆွဲပေးထားမည်၊ ထို အတော အတွင်း လူမည်း များအား မှတ်လောက်သားလောက်အောင် လုပ်ပြီး မောင်းထုတ်ပစ်ရန် သဘောတူခဲ့သည်။

 

သို့သော် သူ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပေ၊ ဘာမင်ဂန်သည် လူမည်း လှုပ်ရှားမှုများကြောင့် တနိုင်ငံလုံး အာရုံစိုက် ခံနေရ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ရန် ရောက်လာသူများ ဘတ်စ်ကား ပြတင်းပေါက်များမှ အတုန်းအရုံး ပြုတ်ကျလာနေသည့် မြင်ကွင်းများ၊ လွန်စွာ အားကောင်းသည့် မီးသတ်ပိုက်များ၊ ခွေးကြီးများ ဖြင့် နှိမ်နှင်းနေသည့် သတင်း ဓါတ်ပုံများ ကြောင့် တနိုင်ငံလုံး တုန်လှုပ်သွားခဲ့ကြသည်။

 

( ဇာတ်လမ်း အသေးစိတ်ကို "မဟာတို့၏ ကျဆုံးခန်းတွင် ဖတ်ရှု နိုင်ပါသည်)