ဂေါဘာချော့

by Hla Soewai - Sep 02 2022

ကျွန်တော်သည် နိုင်ငံတကာရေးရာများ စတင် လေ့လာနေချိန် တွင် ဆိုဗီယက် ခေါင်းဆောင်များ ဖြစ်သော လီယိုနစ် ဘရက်ဇညက်၊ ယူရီ အင်ဒရိုပေါ့၊ ချာနင်ကို တို့ နှင့် ထိတွေ့ခဲ့ရပြီး နောက်ဆုံးတွင် ခေါင်းတွင် မြန်မာပြည်မြေပုံ အမှတ်အသားပါသည် ဟု နောက်ပြောင် ပြောခဲ့ကြသည့် ကျွန်တော်တို့ အခေါ် ကိုဘချော သည် ဆိုဗီယက် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှုး အဖြစ် ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့သည်၊ ဗြုန်းစားကြီး ဟု ဆိုခြင်းမှာ လည်း ဆိုဗီယက် ခေါင်းဆောင်ပိုင်းတွင် မထင်မရှား အဖြစ်မှ ခေါင်းဆောင်အဖြစ် တက်လှမ်းလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်၊ ဆိုဗီယက် နှင့် ပတ်သက်၍ ယူရီ အင်ဒရိုပေါ့ နှင့် ချာနင်ကိုး တို့၏ သက်တမ်းသည် တိုတောင်းသဖြင့် အဓိကအားဖြင့် ဘရက်ဇညက် နှင့် ဂေါဘာချော့ တို့ နှင့်သာ စိတ်ထဲက ရင်းနှီးနေမိသည်။

 

အသက် ၉၁ နှစ် အရွယ်ရှိ ဂေါဘာချော့ သည် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကာလကြမြင့်စွာ နာတာရှည် ရောဂါကို ခံစားခဲ့ရပြီးနောက် မော်စကို ရှိ ဗဟိုဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

ဂေါဘာချော့သည် ၎င်း ခေါင်းဆောင် အဖြစ် စီမံ အုပ်ချုပ်ရတော့မည့် အင်ပိုင်ယာကြီးအား အလိမ်အညာများ၊ အကြမ်းဖက်မှု များ နှင့် ရှေ့ဆက်သွား၍ မဖြစ်တော့ဟု ကောင်းစွာ ရိပ်စားမိလာခဲ့သူ ဖြစ်သည်။ ထို့အတွက် ဂလက်စနော့ (ပွင့်လင်းမြင်သာမှု) ၊ ပဲရီစထရိုက်ကာ (ပြုပြင်ပြောင်းလဲမှု) များ ဖြင့် ယခင်ကထက် ပို၍ အင်အားတောင့်တင်းကျစ်လစ်သည့် နိုင်ငံဖြစ်ရန် စတင် စီမံ ဆောင်ရွက်ခဲ့သူ ဖြစ်သည်၊ 

 

ယင်းနှင့် အတူ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီး စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သွားခဲ့ရသည်၊ ဆိုဗီယက် ပြည်သူ သန်းပေါင်းများစွာလည်း ယခင်ကထက် ပိုမို လွတ်လပ်စွာ နေထိုင်သွားလာခွင့် ရရှိခဲ့ကြသည်၊ ထိုသို့ ကမ္ဘာကြီးအား လှုပ်ခါသွားအောင် ဖန်တီးခဲ့သူ တဦးအား မေ့လျော့ထား၍ မဖြစ်၊ သူ၏ လုပ်ရပ်အပေါ် မှားယွင်းစွာ အဓိပ္ပါယ် ဖွင့်ဆို၍ မသင့်။ 

 

ဆိုရှယ်လစ် စနစ်ကြီးသည် အနောက်တိုင်း၏ လစ်ဘရယ် ဒီမိုကရေစီထက် များစွာ သာလွန်သည်။ သို့သော် ပွင့်လင်းမှု မရှိခြင်း၊ ဖိနှိပ်အုပ်ချုပ်နေခြင်းများကြောင့်သာ အကျင့်ပျက် ခြစားခြင်း၊ အုပ်ချုပ်‌ရေး ယန္တရားများ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိ အောင် ဖန်တီးပေးသလို ဖြစ်ခဲ့ရသည်ဟု စွဲမြဲစွာ ယုံကြည်ထားခဲ့သူ ဖြစ်သည်။ ထိုသို့ ရည်ရွယ်ချက်အားဖြင့် မြင့်မြတ်သာလွန်သည့် စနစ်ကြီး အစစ်အမှန် ပေါ်ထွန်းလာဖို့ အပြောင်းအလဲ မလုပ်၍ မဖြစ်ဟု ခံယူလာသည်။ 

 

သူ အာဏာရပြီး တနှစ်အကြာတွင် ချာနိုဘိုင်း နျူကလီယား ဓါတ်အားပေး စက်ရုံကြီး ပေါက်ကွဲမှု နှင့် ကြုံလာခဲ့ရသည်။ ထိုအခါတွင် ဆိုဗီယက် စနစ် ၏ ထုံးစံအတိုင်း မောက်မာစွာဖြင့် လူသားတို့၏ အသက်ကို အမှုမထားပဲ ဖုံးကွယ်ရန် ကြိုးစားနေသည် ကို မျက်ဝါးထင်ထင် တွေ့မြင်လာပြီးနောက်တွင် သူ၏ အစီအစဉ်ကို အကောင်အထည် ဖေါ်ရန် စတင်လာခဲ့ခြင်း ဖြစ်သည်။

 

အကြမ်းဖက်မှု ကို ခါးခါးသီးသီး ရွံရှာ မုန်းတီးခဲ့သူ ဖြစ်၍လည်း ၁၉၈၉ ခုနှစ်တွင် အရှေ့ ဥရောပတခွင်တွင် ကွန်မြူနစ် ဆန့်ကျင်ရေး အရေးတော်ပုံများ တခုပြီး တခု ပေါ်ပေါက်လာသည့် အခါတွင်တော့ ၁၉၅၆ နှင့် ၁၉၆၈ များက ကဲ့သို့ တင့်ကားများ စေလွှတ်ပြီး နှိမ်နှင်းရန် မဆုံးဖြတ်တော့ပဲ သူ့သဘော သူဆောင်ရန် ခွင့်ပြုလိုက်သည့် မှန်ကန်သော ရွေးချယ်မှုကို ချမှတ်နိုင်ခဲ့သည်။

 

ထို့မတိုင်မီကတည်းက အမေရိကန် နှင့် အပြိုင်အဆိုင် လက်နက်များ ထုတ်လုပ်နေ၍ မဖြစ်ဟု ဆိုကာ အမေရိကန်နှင့် နျူကလီယား လက်နက်လျော့ချရေး စာချုပ် ကို ချုပ်ဆိုခဲ့သည်။ ရော်နယ် ရီဂင်သည် ဂေါဘာချော့ အား မက်စ်-လီနင် ဝါဒီ တဦး အဖြစ် ရှုမြင်ခဲ့ခြင်း မရှိ၍ ယခုလို အောင်မြင်မှု ရခဲ့ခြင်းလည်း ဖြစ်သည်။

 

အရှေ့ဥရောပ နိုင်ငံများ ဆိုဗီယက် လက်အောက်မှ ရုန်းထွက်လာနိုင်မှုကို ကြည့်ပြီး ယူနီယံ ထဲရှိ နိုင်ငံများ က သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် တည်ထောင်ခွင့်ကို တောင်းဆိုလာခဲ့ကြသည်၊ ဂေါဘာချော့သည် ထိုအနေအထား အထိ ခွင့်ပြုလိုစိတ် မရှိသော်လည်း နောက်တကြိမ် အင်အားသုံးမည်လော၊ တောင်းဆိုလာသည်ကို ခွင့်ပြုလိုက်မည်လော ဟု ထပ်မံ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပြန်သည်၊ ဒီတကြိမ်တွင်လည်း အင်အား အသုံးပြုခြင်းကို လစ်သူယေးနီယား မှ လွဲ၍ ကျန်သည့် နေရာများတွင် ရှောင်ရှားပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ခွင့်ပေးခဲ့သည်။

 

ထိုနိုင်ငံများထဲမှ ဘဲလာရုစ် နှင့် ကာဇတ်စတန် ကဲ့သို့ အာဏာရှင် လက်အောက်တွင် ရှိနေကြသော်လည်း ဆိုဗီယက် ခေတ်က ပေါင်မုန့် တန်းစီတိုးခဲ့ရခြင်း နှင့် နိုင်ငံရေး အကျဉ်းစခန်း ဂူလက်များကို မူ မည်သူမျှ တမ်းတနေကြခြင်း မရှိပေ။

 

ထို့အတွက်လည်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခဲ့ရခြင်းသည် နှစ်ဆယ်ရာစု နှစ်၏ အကြီးမားဆုံးသော ဘူမိနိုင်ငံရေး ပျက်သုံးမှု ဟု ပူတင်၏ ကြွေးကျော်နေမှုအား ရုရှားပြင်ပ တွင် သဘောတူမည်သူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

 

၁၉၉၁ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဆိုဗီယက် ယူနီယံ၏ သမ္မတ အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ထိုသို့ မနှုတ်ထွက်မီ သူနှင့် နိုင်ငံရေး ပြိုင်ဖက် ဖြစ်သော ဘော်ရစ် ယဲလ်ဆင် နှင့် ရှစ်နာရီကြာ အာဏာလွှဲပြောင်းရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

 

ထို့နောက်တွင်တော့ သူ့ရုံးခန်း ရှိရာ ပြန်လာပြီး နောက်ဆုံး ကျန်ရှိနေသည့် အချိန်လေး အတွင်း အခန်းထဲရှိ ဆိုဖာပေါ်တွင် လဲလျှောင်းနေခိုက် သူ၏ အနီးကပ်ဆုံး ရဲဘော်ရဲဖက်တဦး ဖြစ်သူ အလက်ဇန်ဒါး ယာကိုလက် ဝင်လာခဲ့သည်။ ဂေါဘာချော့၏ မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်နှက်နေပြီး “မြင်တယ် မဟုတ်လား ဆာရှာ၊ ဒါတွေက ဒီလိုပဲ ဖြစ်သွားခဲ့တာပဲလေ” ဟု ပြောလိုက်သည်။

 

စတာလင် အာဏာကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီး စုပေါင်း ဘုံစနစ် ကျင့်သုံးကာ ရုရှား လယ်သမား တို့၏ ဘဝကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် ၁၉၃၁ ခုနှစ်တွင် ရုရှား တောင်ဖက်ခြမ်း ကော့ဆက် လယ်သမား များ နေထိုင် လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများ အကြား မွေးဖွား ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် လယ်သမား တဦး၏ စိတ်ဓါတ်၊ ခံယူချက်များ ကိန်းအောင်းနေခဲ့သည်မှာ အဆန်းတော့ မဟုတ်ပေ။

 

ဂေါဘာချော့သည် ဆိုဗီယက် ခေါင်းဆောင်များထဲတွင် အကျင့်ပျက် ကိုယ်ကျိုးရှာမှု မရှိခဲ့သူ ဖြစ်သည်။ ထိုသို့ ဖြစ်အောင်လည်း မည်သည့် အခါမျှ မကြိုးစားခဲ့ဘူးပေ။ ထို့အတွက်လည်း ထောင်တန်းကျမည်ကို မစိုးရိမ်ပဲ နိုင်ငံရေး မှ အနားယူသွားနိုင်ခဲ့သူ ဖြစ်သည်။ သူ့တွင် စုမိဆောင်းမိ ဟူ၍ မရှိသဖြင့် အနားယူပြီးနောက် Pizza Hut ကြော်ငြာ ရိုက်ပေးရင်း ငွေ ရှာခဲ့ရသည်။ သို့သော်လည်း ရုရှား ကရိုနီ များ နှင့် ယှဉ်လျှင်တော့ လူဆင်းရဲတဦးသာ ဖြစ်သည်၊ နိုဘဲလ် ဆု အတွက် ချီးမြှင့်သော ငွေများ ဖြင့် Novaya Gazeta လစ်ဘရယ် သတင်းစာ ကို ထူထောင်ခဲ့သည်။

 

ဇနီးသည်အား လွန်စွာ ချစ်မြတ်နိုးသူ ဖြစ်ပြီး အာဏာရပြီးနောက်တွင် ဆိုဗီယက် ခေါင်းဆောင်များ၏ အစဉ်အလာ ကို ချိုးဖောက်ပြီး ပွဲထုတ်လာခဲ့သည်။ ဇနီးသည် သွေးကင်ဆာ ရောဂါအတွက် ဂျာမဏီ ရှိ ဆေးခန်း တခုတွင် သွားရောက်ကုသစေခဲ့ပြီး နောက်ဆုံးအချိန်များတွင် သူ၏ ကြမ်းတမ်းသော လယ်သမား တယောက်၏ လက်များဖြင့် တချိန်လုံး ဆုပ်ကိုင်ပြီး အားပေးနေခဲ့သည်။

 

ဂေါဘာချော့ အား သူ၏ ဆန္ဒအတိုင်း ၁၉၉၉ တွင် ကွယ်လွန်သွားခဲ့သည့် ဇနီးသည် ရိုင်ဆာ ၏ အုတ်ဂူ ဘေး တွင် မြုပ်နှံမည် ဖြစ်သည်။

 

ကိုးကား - Mikhail Gorbachev liberated millions, even if he didn’t set out to do so (The Economist, Aug 31,2022)

Mikhail Gorbachev, last leader of the Soviet Union ((The Economist, Aug 30,2022) 

-