မင်းအောင်လှိုင်သည် စာဖတ်နေသူ၊ ပန်းချီဆွဲနေသူ များ နှင့် သွားရောက် တွေ့ဆုံဟု သတင်းထွက်ပေါ်

by Hla Soewai - Sep 02 2022

မြန်မာ စစ်တပ်သည် နိုင်ငံတကာ ဖိအားများ မြင့်တက်လာလေ ကျေနပ်အောင် တခုခု လုပ်ပြမည်ဟု လုံးဝ စဉ်းစားခြင်း မရှိ၊ ဆင်ကန်းတောတိုး ဆက်၍ ညစ် တွန်း တွန်း နေဆဲ ဖြစ်သည်။ တိုင်းပြည်ကို ၎င်းတို့ ထိန်းချုပ် နိုင်လိမ့်မည်ဟု ယူဆနေဆဲ ဖြစ်သည်။

 

ထိန်းချုပ်နိုင်သည်ပဲ ဆိုစေဦး၊ ဘယ်လို ပုံစံ နှင့် ဆက်၍ အုပ်ချုပ်သွားကြမည်လဲ။ မင်းအောင်လှိုင်သည် လက်နက် အားကိုး ဖြင့် ခေါင်းဆောင် အဖြစ် တက်လှမ်းလာခဲ့သော်လည်း တနိုင်ငံလုံး၏ ရွံရှာ မုန်းတီးမှုကို ခံနေရပြီ ဖြစ်သည်။သူ ကဲ့သို့ အခြေအနေမျိုး ဖြင့် သမ္မတ လုပ်မည်လား ဟု ကြိုက်ရာလူကို လက်ညှိုး ထိုးပြီးမေး၊ အားလုံးက “ဒါမျိုးကြီးနဲ့ တော့ မလုပ်ပါရစေ” နှင့် ဟု ဖြေကြမည်မှာ အမှန်အကန်ပင်။

 

နိုင်ငံတကာကလည်း ၎င်းအား အောင့်အီး၍ ဆက်ဆံကြတော့မည် မဟုတ်၊ ယခုလိုပင် တရုတ် တို့ လွှမ်းမိုး လာမည့် အရေးကို တန်ပြန်ရင်း ဆက်၍ နေသွားကြမည်။ ထို့အပြင် စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ တရားရုံးများ ဖြစ်သော အိုင်စီစီ၊ အိုင်စီဂျေ တို့ တွင် တရားစွဲခံရဖို့ ကကျိန်းသေနေသူ များလည်း ဖြစ်သည်။ ယခုပင် ဥရောပ နိုင်ငံကြီး အချို့မှ ဂမ်ဘီယာ နှင့် လက်တွဲလာခဲ့ကြပြီ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များ ဆက်၍ အုပ်ချုပ်သွားမည့် အရေးကို မည်သူက အသိအမှတ် ပြု ဆက်ဆံကြမည် နည်း။ 

 

ဧရာဝတီ၏ သတင်းအရ မင်းအောင်လှိုင်သည် နောက်ထပ် ၆ လ သက်တမ်း မတိုးမီ ဆရာသမားများ ဖြစ်သော ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ မင်းအောင်လှိုင်၏ လက်ချက်ဖြင့် ဗိုလ်သန်းရွှေ အင်မတန် မှ ဂုဏ်ယူခဲ့သည့် သမိုင်းတွင် မည်ဟု သူ့ဖာသာ ယူဆခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံကြီးက ပျက်ပြားသွားခဲ့ရပြီး ၎င်း သမ္မတ ဖြစ်ရေး အတွက် လူပေါင်း ထောင်ချီ၍ အသက်ဆုံးရှုံးနေကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခင်က နိုင်ငံတကာ၏ ဖိအားများကို ကိုင်တွယ်ခဲ့ဖူးသည့် ဗိုလ်သန်းရွှေ ထံမှ အကြံဉာဏ်များ သွား၍ တောင်းသည်ဟု ယူဆစရာ ရှိနေကြောင်း ဆိုသည်။

 

ဗိုလ်သန်းရွှေသည် ကုလသမဂ္ဂအား အမေရိကန်တို့ တဖက်လှည့် နှင့် ဝင်စွက်လို့ ရအောင် အသုံးချနေသည်ဟု ယူဆပြီး လွန်စွာ မုန်းတီးနေသည်။ မင်းအောင်လှိုင် ကိုလည်း ထိုသို့ပင် အကြံပေးခဲ့ပုံရသည်။

 

အမေရိကန် အမတ် ဘေလ် ရစ်ချတ် ဆန် လို မည်သည့် ရာထူးမျှ မရှိဘဲ ရောက်လာသူအား နန်းတော်ကြီးထဲတွင် တခမ်းတနား ဧည့်ခံခဲ့သော်လည်း ကုလ အထူး သံတမန် နိုလင်း ဟေဇာ ကိုတော့ တမင်တကာ အဆင့်နိမ့်၍ လက်ခံ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့ခြင်းသည် သန်းရွှေအား သွားရောက်တွေ့ဆုံခဲ့ပြီးနောက် တွင် ဖြစ်၍ ထိုအချက်ကို ဧရာဝတီက ထောက်ပြခဲ့သည်။

 

နောက်ထပ် အချက်တချက် အဖြစ် ကုလ မှ တွေ့ခွင့်ရရန် အကြိမ်ကြိမ် တောင်းဆိုနေသော နိုင်ငံတော် အတိုင် ပင်ခံကို လည်း ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့ပြန်သည်။ နိုင်ငံတကာ၏ တုန့်ပြန်မှု များ အပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သက်ညှာစွာ စဉ်းစားသွားမည်ဟု ပင် နိုလင်း ဟေဇာအား ချိမ်းခြောက် ခဲ့ပြန်သည်။

 

ထို့အပြင် သက်သေ တခု အဖြစ် ခင်ရီအား ဝန်ကြီး ရာထူးမှ ဖယ်ရှားပြီး ပါတီသို့ ပြန်သွားခဲ့မှု ပင် ဖြစ်သည်။ သန်းရွှေသည် ၎င်းတည်ထောင်ခဲ့သော USDP အား ပြန်၍ ခေါင်းထောင်လာစေချင်နေပုံရှိသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်ကတော့ ပါတီ အားကောင်းလာမည့် အရေးကို ကြိတ်၍ စိုးရိမ်နေသည်။ ပါတီ အတွင်း ဟိုလူ့ မျက်နှာသာပေး၊ ဒီလူ ကို ဖိထားလိုက် နှင့် ဂိုဏ်းဂဏများ ကွဲနေစေချင်မည်သာ ဖြစ်သည်။

 

လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရသည် ဖြစ်စေ မြန်မာပြည်အား နောက်ဆယ်နှစ်အထိ အုပ်ချုပ် သွားမည့်သူ ဟု မင်းအောင်လှိုင်က နိုလင်းဟေဇာ အား ပြောခဲ့ကြောင်းလည်း ဧရာဝတီ သတင်းက ဆိုသည်။

 

မင်းအောင်လှိုင်သည် သူကိုယ်တိုင် နိုင်ငံရေး၊ စီးပွားရေး တွင် ဘာ အမျှော်အမြင်မှ မရှိမှန်း စိတ်ထဲက သိနေ၍ သိမ်ငယ်စိတ် ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွံရှာမုန်းတီးနေသောကြောင့် သူတို့ နှစ်ဦး အကြား တွေ့ဆုံဖွယ် မရှိဟုလည်း ဆိုသည်။

 

သန်းရွှေသည်သာ အချို့ ထင်မြင် ယူဆထားသလို နိုင်ငံရေး ကို ကွက်ကျော် ကြည့်နိုင်မည့် သူ ဆိုလျှင် ၎င်း သမ္မတ ဖြစ်ရေးကို မည်သို့မျှ ဆက်၍ ထောက်ခံသွားတော့မဟုတ်၊ သူ့နေရာတွင် ပါတီ မှ တဦးဦး နှင့် အစား ထိုးပြီး သူအား နောက်ကွယ်မှ ကြိုးကိုင်သည့် ပုံစံမျိုး ချွေးသိပ်ထားချင်ပေမည်။

 

သို့သော် စစ်အာဏာရှင် အသီးသီး အဖို့ တပ်ကို ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်သရွေ့ ၊ ဗိုလ် မလုပ်ရသရွေ့ မည်သို့မျှ ဩဇာ အာဏာ ရှိမလာနိုင် ဆိုသည့် အချက်ကို ကောင်းစွာ သိနားလည်ထားကြပြီးလည်း ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင်သည် အိမ်တွင် ထိုင်ပြီး ပန်းချီဆွဲ၊ စာဖတ်နေကြသည့် သက်ကြားအိုများ စကားကို နားထောင်လိုဟန်မရှိ၊ ၎င်း သမ္မတ ဆက်လုပ်မည့် အရေးကို အများစု က လက်ခံလိုစိတ် မရှိကြတော့ မှန်းလည်း သိနေပြီး ဖြစ်သည်။

 

လိုရမယ်ရ သားသမီးများအား တိုင်းပြည်၏ စီးပွားရေး လည်မြိုကို ညှစ်ထားလို့ ရသည့် အနေအထား အထိ ရောက်အောင် လုပ်ငန်းများ ချပေးခဲ့ခြင်း ဖြစ်ပုံရသည်။

 

လက်မခံလိုကြသည်မှာလည်း အဆန်းမဟုတ်၊ မင်းအောင်လှိုင်၏ နိုင်ငံအနှံ့ လှည့်လည်၍ တောင်စဉ်ရေမရ ပြောနေသည့် စကားများသည် ပြည်ပ မှ ပညာသင်ပြီး ပြန်လာသူတယောက်၏ စိတ်ကူးယဉ် အိမ်မက်များ ကဲ့သို့ ဖြစ်နေသည် မှာ အထင်အရှား တွေ့ရသည်။ ထို့အပြင် သူသည် သန်းရွှေ ကဲ့သို့ မဟုတ်၊ နိုင်ငံတကာ ခုံရုံးတွင် တရားစွဲ ခံရမည့် အလားအလာများလည်း ရှိနေပြန်သည့် အတွက် ဖြစ်သည်။

 

နောက်တက်လာမည့် လူများက ၎င်းတို့ ရင်ဆိုင်နေရသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် အပေးအယူ လုပ် နိုင်မည်၊ ဆွေးနွေးပွဲ လမ်းကြောင်း ပေါ် လျှောက်မည် ဆိုလျှင် ဖြစ်နိုင်ဖွယ် ရှိသည်ဟု တွေးဆနေပုံရသည်။ PDF ကို မည်မျှပင် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ နှင့် နှိမ်နှင်းနေစေကာမူ တနိုင်ငံလုံး၏ ထောက်ခံမှု ဖြင့် အားကောင်းလာနေပြီ ဖြစ်သည်။ 

 

မြန်မာ့ အရေး လေ့လာသူ မက်သယူး အားနိုးက မဟာဗျူဟာ ကျသည့် မန္တလေး-မုံရွာ လမ်းမကြီးသည် လက်လုပ်မိုင်း Improvised Explosives Device (IED) ဆွဲရာ ရိပ်သာ လမ်းမကြီး ဖြစ်လာနေပြီဟု ဆိုသည်။ ထိုဒေသများ တွင် စစ်တပ်၏ လေကြောင်း မှ တိုက်ခိုက်နေမှုသည် ထိုးစစ်ကြီး လုပ်၍ မရသဖြင့် PDF များ အင်အား ကောင်းမလာစေရန် ထိန်းချုပ်ရန် ကြိုးစားနေသည့် အဆင့်သာ ရှိတော့သည်ဟု ဆိုသည်။ ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရသည် ကလေး၊ တမူး နှင့် ဝက်လက် မြို့နယ်များ တွင် ပြည်သူ့ရဲတပ်ဖွဲ့ ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေး ထူထောင်လာပြီ ဖြစ်သည်။

 

ကရင် တိုင်းရင်းသား တို့၏ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် ၎င်းတို့ ခြေကုပ်ယူထားရာ တောင်တန်းဒေသများမှ စစ်တောင်းတံတားကို ဖြတ်ကျော်ပြီး ရန်ကုန်-နေပြည်တော် လမ်းမ ကြီးပေါ်ရှိ ကျောက်တခါး ကို ခြိမ်းချောက်လာနေပြီ ဖြစ်ကြောင်း စစ်ရေး အခြေအနေ လေ့လာ သုံးသပ်သူ Anthony Davis က Asia Times တွင် ရေးသားထားသည်။

 

မြောက်ပိုင်းတွင်လည်း ကေအိုင်အေ နှင့် PDF များသည် မြစ်ကြီးနားကို ဆက်သွယ်ထားသော အဝေးပြေး လမ်း နှင့် မီးရထားလမ်းများကို အကြီးအကျယ် အနှောက်အယှက် ပေးလာနေပြီ ဖြစ်၍ မြစ်ကြောင်းကိုသာ စစ်တပ် အဖို့ အားထားနေရသည်ဟု ဆိုသည်။

 

စီးပွားရေး တွင် ဒီကွေ့ ဒီတက်နှင့် လှော်၊ ဟိုကွေ့ ဟိုတက်နှင့် လှော် ဆိုကာ ရှိသမျှ ထုတ်ရောင်း ကာ ကြံဖန် လုပ်နေရသည့် အဆင့် ထက် တက်မလာနိုင်သေးပေ။ ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမည့် သတင်းကြောင့် တဒေါ်လာလျှင် ၃,၅၀၀ ကျပ်အထိ ပြန်ကျသွားသော်လည်း ဈေးကွက်ထဲသို့ မည်သို့ မည်ပုံ ထုတ်ရောင်းမည် ဆိုသည်က ပြောဆိုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ မြန်မာငွေတန်ဖိုးကား ၄၀ ရာနှုန်းအထိ ကျဆင်း သွားပြီ ဖြစ်သည်။

 

လက်ရှိအနေအထား တွင် NUG သည် တနိုင်ငံလုံးကို Physically မထိန်းချုပ်နိုင်သေးသော်လည်း Psychologically အရ ပြည်သူ တရပ်လုံး၏ ထောက်ခံမှု ရရှိနေသည်မှာ တနေ့ထက်တနေ့ ထင်ရှားလာနေပြီ ဖြစ်သည်။

 

ဤနေရာတွင် ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့က လက်ရှိ မင်းအောင်လှိုင်၏ လုပ်ရပ်များကို ထောက်ခံနေကြ သလား၊ ကျိန်းသေသည်မှာ စစ်တပ် သည် ၎င်းတို့ မအုပ်ချုပ်ရလျှင်၊ ၎င်းတို့ လမ်းညွှန်ချက် ကို မလိုက်နာလျှင်၊ မြန်မာပြည်သည် ကမ္ဘာမြေပုံမှ ပျောက်ပျက်သွားတော့မည်ဟု ၁၉၆၂ ကတည်းက ဦးနှောက် ဆေး ခံထားရသူ များ ဖြစ်နေသည်။

 

ထိုအယူအဆ နှင့် မင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ တိုင်းပြည်၏ အချုပ်အခြာ အာဏာ ဆိုသည့် လက်ဆုပ်လက်ကိုင် မပြနိုင်သော စိတ္တဇ နာမ် အောက်တွင် တတိုင်းပြည်လုံး ဒုက္ခဆင်းရဲ တွင်းထဲ ထိုးဆင်းကြရဖို့ ဖြစ်လာနေသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!