အချိန် ၁၉ လ၊ တိုက်ပွဲပေါင်း ၆,၆၀၀

by Hla Soewai - Aug 30 2022

စစ်ကောင်စီ ဥက္ကဌ အမည်ခံထားသူ မင်းအောင်လှိုင်သည် လာသမျှ ပြည်ပ ဧည့်သည်များအား တိုင်းပြည်ကြီး ငြိမ်းချမ်းနေပါြပီဟု တတွတ်တွတ် ပြောဆိုနေသော်လည်း နိုင်ငံတော် သမ္မတ ကို သေနတ် နှင့် ချိန်ပြီး အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ နိုင်ငံ အနှံ့ တိုက်ပွဲပေါင်း ၆,၆၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း Institute for Strategy and Policy-Myanmar ၏ မှတ်တမ်းများကို ကိုးကားပြီး RFA က ဖေါ်ပြခဲ့သည်။

 

ထိုအထဲတွင် အကြိမ်ပေါင်း ၃,၉၃၃ ကြိမ်သည် ကရင်ပြည်နယ်အတွင်း တွင် ဖြစ်သည်ဟု ဆိုသည်။

 

စစ်ကောင်စီ အား အဓိက တွန်းလှန်နေသည့် စစ်ကိုင်းတိုင်း အတွင်း အကြိမ်ပေါင်း ၆၄၁ ကြိမ် ဖြစ်ပွားခဲ့ သည်ဟုလည်း သိရသည်။ စစ်ကိုင်းတိုင်း အတွင်း အိမ်အလုံးရေ ၂၀,၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း ၄၇၀,၀၀၀ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလ သမဂ္ဂ က စာရင်းထုတ်ပြန်ခဲ့ပြန်သည်။

 

ထိုသို့ ပြည်သူများအား နိုင့်ထက်စီးနင်း လုပ်ကာ တတိုင်းပြည်လုံး၏ ရွံရှာ မုန်းတီးခြင်းကို ကောင်းကောင်းကြီး ခံနေရပြီ ဖြစ်သော မင်းအောင်လှိုင်သည် ဗေဒင်ယတြာများကို အားကိုးတကြီး ယုံကြည်လာနေသည် ကလည်း အံ့ဩစရာ တော့ မဟုတ်ပေ။

 

နိုင်ငံ အနှံ့သို့ လှည့်လည် သွားလာနေသော ဒေါက်တာ တေဇာဆန်းကလည်း ထို‌ဒေသများ ရှိ ပြည်သူအားလုံး လိုလိုသည် ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကြောင့် PDF များ ဖြစ်ကုန်ကြပြီဟု ဆိုသည်။ စစ်ကောင်စီ သည် ယခုအခါ လူဆိုးလူမိုက်များ၊ ငို့ဘ သမားများမှ လွဲ၍ ပြည်သူတရပ်လုံး၏ တွန်းလှန် ဆန့်ကျင်မှု များ နှင့် ရင်ဆိုင်နေကြရလေပြီ။

 

ထိုအကြောင်းကို ဒေါက်တာ တေဇာဆန်းမှ ဧရာဝတီ နှင့် တွေ့ဆုံ ခန်းတွင် စစ်ကောင်စီသည် အမြစ်များ မရှိ တော့သော သစ်ပင်ကြီးကဲ့သို့ ဖြစ်လာနေကာ အချိန်မရွေး ပြိုလဲ တော့မည် ဖြစ်သည်ဟု ဆိုသည်။ အမြန် ပြိုလဲရန်အတွက် လူများ ပူးပေါင်း၍ တွန်းကြမှသာ ဖြစ်မည်ဟု လည်း ပြောခဲ့သည်။ တော်လှန်ရေးကြီး အောင်မြင်ရန် ပြည်သူသာ အဓိက ဖြစ်၍ စဉ်ဆက်မပြတ် ပါဝင်နေရန်လည်း တိုက်တွန်းခဲ့သည်။

 

စစ်ကောင်စီကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေသူ များ အတွက် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အရေးတကြီး လိုအပ်နေသဖြင့် နိုင်ငံတကာ မှ လက်နက်မထောက်ပံ့နိုင်သည့်တိုင် ထိုသူတို့ အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးသင့်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာ ၏ လုပ်ထုံးလုပ်နည်းများကို အခွင့်ကောင်းယူကာ အမြတ်ထုတ် အသုံးချနေ သည်မှာ ၁၉ လ ကြာမြင့်နေပြီ ဟုလည်း အာဆီယံ လူ့အခွင့် အရေးများ ဆိုင်ရာ ပါလီမန် အမတ်များ အဖွဲ့၏ ဥက္ကဌ ချားလ် ဆန်တီယာဂိုက ထောက်ပြသွားခဲ့သည်။

 

လက်နက်ကိုင် တော်လှန်ရေးကြီး အထိ ဖြစ်ပွားလာမည် မဟုတ်၊ ၈၈ က ကဲ့သို့ ဆန္ဒပြရုံမျှ နှင့် ပြီးဆုံးသွား လိမ့်ဟု ယုံကြည်ကာ စစ်ကောင်စီ ခင်းကျင်းသော ဖဲသုံးချပ် ကစားဝိုင်း ကို ပိုင်ပြီ အထင်နှင့် ဝင်အော်ခဲ့သူ များလည်း နောက်ပြန်ဆုတ်၍ မရတော့ဘဲ ငုတ်တုတ် မိနေကြပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့မှ လုံးဝထိန်းချုပ်သွားနိုင်သည် အထိ ဖြစ်လာဖို့က စိတ်ကူးယဉ်ကြည့်၍ပင် မဖြစ်နိုင် တော့သည့် အနေအထားများကို တွေ့လာနေရပြီ ဖြစ်သည်။ အနည်းဆုံး ယခုပုံစံအတိုင်း ရှေ့မတိုး နောက်မဆုတ် ပုံစံဖြင့် ရေစုံမျောသွားဖို့သာ ရှိနေပြီး အာဏာသိမ်း အဖွဲ့ အဖို့ နေပြည်တော်မှ အမိန့်များ ထိုင်၍ထုတ်နေချိန်တွင် မိမိတို့ပြည်သူများမှာ တဖြေးဖြေး လုံးပါး ပါးသွားကြဖို့သာ ရှိတော့သည်ကိုလည်း ရိပ်စားမိလာ နေကြပြီ။

 

အကယ်၍ တောင်တရုတ် ပင်လယ်တွင် မတော်တဆ စစ်မီးကြီး ထတောက်လာမည် ဆိုက နိုင်ငံကို မကူး စက်ခဲ့လျှင်ပင် ပြည်တွင်း တွင် လက်ရှိ အနေအထား ထက် အဆပေါင်းများစွာ ကျပ်တည်းပြီး အငတ်ဘေး နှင့် ရင်ဆိုင်ကြရပေတော့မည်၊ ကုန်သွယ်ရေလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည်နှင့် အလုံးစုံ ပြိုလဲ သွား တော့မည် ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ အလိမ်အညာ ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ယူနီဖောင်းများ ချွတ်ကာ တိုက်ပုံအင်္ကျီ တကားကား နှင့် တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်သွားမည် ဆိုသည့်အပေါ် ကိုယ်လိုရာ ဆွဲပြီး စိတ်ကူးနေ ကြသော်လည်း နိုင်ငံတကာတွင် စစ်ရာဇဝတ်မှု များ နှင့် တရားခံ ဘဝ အချိန်မရွေး ရောက်သွားနိုင်သူများကို မည်သူကမျှ အသိအမှတ်ပြု ဆက်ဆံကြလိမ့်မည် မဟုတ်၊ မည်သည့် အဖွဲ့အစည်းများ မှလည်း ငွေချေးငှား၍ ရမည် မဟုတ်၊ လောင်စာဆီ နှင့် အခြား မရှိမဖြစ် ကုန်စည်များကို လက်ငင်းငွေချေ စနစ်ဖြင့် ယခုလို လက်လီ ဝယ်သုံးနေရသည့် အဆင့် မျိုးသာ ဆက်လက်ရှိနေပေတော့မည်။

 

၎င်းတို့ အဖို့က တနိုင်ငံလုံးတွင် သစ်ငုတ်များသာ ကျန်နေသည် ဆိုစေဦး ဆက်လက် ကုပ်တွယ်နေ ကြဦးမည် ဖြစ်သည်။

 

ထို့အတွက် ဒေါက်တာ တေဇာဆန်း ပြောသလို အမြစ်မရှိတော့ဘဲ လေထဲတွင် ဟိုမှဒီ ဝှေ့ရမ်းနေသည့် သစ်ပင်ကြီးသည် လွန်စွာ အန္တရာယ်များလှ၍ အားလုံး တညီတညွတ်တည်း မြေသို့ လဲအောင် တွန်းနိုင်မှသာ ဖြစ်ပေတော့မည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!