သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(34)

by Hla Soewai - Aug 29 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၃)

 

၁၉၀၉ ခုနှစ်တွင် အသားအရောင် ရှိသူများ ဘဝ မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ အသင်းကြီး National Association for the Advancement of Colored People (NAACP) ကို ဖွဲ့စည်းလာခဲ့ကြသည်။ ထိုသို့ ဖွဲ့စည်းခဲ့ရခြင်းမှာလည်း နိုင်ငံတဝှမ်း လူမည်းများ အပေါ် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသည်ကို တုန့်ပြန်နိုင်ရန် အတွက် ဖြစ်သည်။

 

အဆိုပါ အဖွဲ့သည် မတရားသဖြင့် အနိုင်ကျင့်ခံရသူ များ ကိုယ်စား တရားရုံးများတွင် တရားစွဲဆို‌ ပေးခြင်း၊ ကွန်ဂရက် တွင် လူမည်းတို့ ၏ အကျိုးစီးပွား အား ကိုယ်စားပြု ပြောဆိုလာရန် အမတ်များကို လော်ဘီ လုပ်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။အထူးသဖြင့် လူအုပ်စု ဖွဲ့၍ လူမည်းများအား ညှင်းပမ်းနှိပ်စက်နေမှု များ အား တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန် နှင့် မဲပေးပိုင်ခွင့် ရုပ်သိမ်းခံထားရမှုများအား တရားမဝင်ကြောင်း သတ်မှတ်ပေးရန် တို့ အတွက် ဖြစ်သည်။

 

လူမှု အခွင့်အရေး များ အတွက် တက်ကြွလှုပ်ရှားသူလည်း ဖြစ်၊ အမေရိကန် လူထု ကို ပညာပေး စည်းရုံးနေသူ W.E.B Du Bois မှ အမေရိကန် လူမည်းများသည် ၎င်းတို့ ဘဝ မြှင့်တင်သွားနိုင်ရေး နှင့် ခုခံ ကာကွယ် ပိုင်ခွင့်များ ရရှိလာရေး၊ တန်းတူ လေးစားမှု ခံရရေးတို့ အတွက် ကန့်သတ်ချုပ်ချယ်မှု ကင်းသော မဲပေးပိုင်ခွင့် ရဖို့ လိုအပ်နေသည်ဟု ခုခံ ပြောဆိုလာခဲ့သည်။

 

မဲပေးပိုင်ခွင့် ရရှိရေး သည် အာဖရိက အနွယ်ဝင် အမေရိကန်တို့အတွက် နိုင်ငံရေးအရ တန်းတူညီမျှ ခွင့် ရရှိမှု၊ နှင့် အခြားနယ်ပယ်များတွင် ၎င်းတို့ဘဝ တိုးတက် မြင့်မားရေး တို့ အတွက် မရှိမဖြစ် လိုအပ်သည်ဟု ခံယူလာကြသည်။

 

နောက်ပိုင်း နှစ် အတန်ကြာ ၁၉၄၁ တွင် အလုပ်သမား ခေါင်းဆောင်နှင့် လူမှု ရေး တက်ကြွ လှုပ်ရှားသူ တဦး ဖြစ်သည့် အဆာ ဖီလစ် ရန်ဒေါ့ဖ် မှ ဝါရှင်တန် သို့ စုပေါင်း ချီတက်ကြရန် ဦးဆောင် စည်းရုံးလာခဲ့သည်။ စစ်ဖက် နှင့် စစ်လက်နက် ထုတ် လုပ်သော စက်မှု လုပ်ငန်းများတွင် လူမည်းများ ခွဲခြားဆက်ဆံ ခံနေရမှု များ အပေါ် ကန့်ကွက် ဆန္ဒပြရန် အတွက် ဖြစ်သည်။

 

ထိုကဲ့သို့ လူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်လာမည်ဟု ခြိမ်းချောက်လာနိုင်သည့် အထိ လူမှု ရပိုင်ခွင့် လှုပ်ရှားမှု အဖွဲ့ကြီးသည် အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ထိုအရေး အား ဖရန်ကလင် ဒီ ရုစ်ဘဲလ်သည် လစ်လျုရှုထား၍ မရတော့ပဲ တဝက်တပျက် လောက်ကိုသာ ပြေလည်အောင် လုပ်ပေးခဲ့သည်။

 

လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ခွဲခြား ဆက်ဆံခံနေရမှု ကို ရပ်တန့်သွားအောင် မလုပ်ခဲ့သော်လည်း လုပ်ငန်းခွင် များ အတွင်း ခွဲခြား ဆက်ဆံခံရမှု များ ရှိပါက စုံစမ်းစစ်ဆေးရန်နှင့် ထိုသို့သော လုပ်ရပ်များကို ကာကွယ်ရေး စက်ပစ္စည်း ထုတ်လုပ်သော စက်ရုံ များတွင် ပိတ်ပင်ရမည်ဟု သမ္မတ အာဏာ သုံးပြီး အမိန့်ထုတ်ပြန်ပေးခဲ့သည်။

 

ရန်ဒေါ့ဖ် မျှော်လင့်ထားသည့် အတိုင်းအတာ အထိ ဖြစ်မလာခဲ့သော်လည်း ရုစ်ဘဲလ်သည် လမ်းကြောင်းမှန် အပေါ် စတင် လျှောက်လှမ်းသည့် ခြေလှမ်းတလှမ်း အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

ချီကာဂို ရှိ လူမှု ရပိုင်ခွင့်များ အရေး တက်ကြွလှုပ်ရှားနေသူများသည် ရန်ဒေ့ါဖ် ၏ လုပ်ရပ် ထိရောက်မှု ရှိခဲ့သည်ကို သိမြင်လာကြသည်။ ၁၉၄၂ တွင် လူမျိုးရေး တန်းတူမှု ရရှိရေး ကွန်ဂရက် Congress of Racial Equality (CORE) ကို တည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ့ကြီးတွင် လူမည်းများသာမက လူဖြူများလည်း အဖွဲ့ဝင် အဖြစ် ပါဝင်လာခဲ့သည်။ အိန္ဒိယ တွင် မဟတ္တမ ဂန္ဒီ ဦးဆောင်သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု များကို နမူနာ ယူခဲ့ကြသည်။

 

ထို့နောက်တွင်တော့ အမေရိကန် အနောက် အလယ်ပိုင်း နှင့် အနောက်ခြမ်းရှိ မြို့ကြီးများတွင် လူမည်းများအား ခွဲခြား ဆက်ဆံသည့် စားသောက်ဆိုင်ကြီးများ (လူမည်းများ ဝင်၍ ရသော်လည်း စားပွဲထိုးများက မီနျူးပင် လာချမပေးခဲ့ကြ)၊ ရုပ်ရှင် ရုံကြီးများ ရှေ့ တွင် ထိုင်သပိတ် ဆင်နွှဲခြင်း၊ ဝင်ရောက်အားမပေးကြရန် တားမြစ်ခြင်းများ အစရှိသည့် ကမ်ပိန်းများ ဆင်နွှဲလာကြသည်။ ထိုသို့ အကြမ်းမဖက် ဆင်နွဲခဲ့မှု များသည် နောင် နှစ်ပေါင်း နှစ်ဆယ် အကြာတွင် လူမှု ရပိုင်ခွင့် လှုပ်ရှားမှု အရေးတော်ပုံကြီး အတွက် စံနမူနာ ပြ ဖြစ်လာခဲ့သည်။ ( ပုံတွင် ရှု့)

 

၁၉၄၆ တွင် သမ္မတ ဟာရီ ထရူးမင်းသည် လူမှူ ရပိုင်ခွင့်များ ဆိုင်ရာ သမ္မတ အကြံပေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ နောက် နှစ်နှစ် အကြာတွင် စစ်တပ် အတွင်း ခွဲခြား ဆက်ဆံနေမှုကို ပယ်ဖျက်ပေးခဲ့သည်။ ဤသည်ကလည်း ၁၉၄၈ သမ္မတ ရွေးကောက်ပွဲ အတွက် အာဖရိက နွယ်ဖွား အမေရိကန်တို၏ မဲ ကို ရရှိရန် လိုအပ်လာသော ကြောင့်ပင် ဖြစ်သည်။

 

နောက်တကြောင်းကလည်း ဘာလင် ပိတ်ဆို့မှု နှင့်အတူ ဆိုဗီယက် ယူနီယံ နှင့် စစ်အေးတိုက်ပွဲကြီး တရားဝင် စတင်လာခဲ့ပြီ ဖြစ်၍ လွတ်လပ်ခွင့်၊ တန်းတူ ညီမျှခွင့်များ ကို ထိထိရောက်ရောက် အသုံးချပြောဆိုနိူင်ရန် ပြည်တွင်းတွင် အာဖရိကန် အမေရိကန် တို့ ဖိနှိပ်ခံနေရမှု ကို မည်သို့မျှ မသိချင်ယောင် ဆောင်နေ၍ မရတော့မှန်း သဘောပေါက်လာသောကြောင့်လည်း ဖြစ်သည်။