မင်းအောင်လှိုင်သည် မြန်မာ ပြည်သူများကိုသာ မကတော့ဘဲ ကမ္ဘာကြီးကို စိမ်ခေါ်လာပြီ

by Hla Soewai - Aug 28 2022

အာဏာသိမ်း စစ်တပ်မှ ဗြိတိသျှ သံအမတ်ဟောင်း အား ဖမ်းဆီးခဲ့မှုသည် ဓါးစာခံ ပြုလုပ်ခြင်း သက်သက်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ပြောဆိုလိုက်ကြောင်း ဝါရှင်တန် ပို့စ် သတင်းစာတွင် ဖေါ်ပြ ထားသည်။

 

ဖမ်းဆီးသည့် ပြစ်မှု သည် လူကြားမကောင်း၊ လူဝင်မှု ကြီးကြပ်ရေးတွင် နေထိုင်မည်ဟု ဖေါ်ပြ ထားသော လိပ်စာ တွင် မနေ ၍ ဆိုကာ စွဲချက်တင် ဖမ်းဆီးလိုက်ခြင်း ဖြစ်၍ ထိုသို့ သတ်မှတ်ကြသည်ကလည်း သဘာဝ ကျပေသည်။ ယခု အင်းစိန်ထောင် မှ မြို့နယ် ရဲအချုပ်ခန်းများသို့ ပြောင်းရွှေ့ ပေးလာပြန်သည်ဟု သိရသည်။

 

ဤကဲ့သို့ ပြုမူလိုက်ခြင်းကို ၎င်းအား ထောက်ခံနေကြသူများပင် မည်သို့မျှ သဘောတူကြလိမ့်မည် မဟုတ်သည် ကား ကျိန်းသေသည်။ သို့သော် တသွေးတသံတမိန့် ဖြင့် ခေတ်သစ် စတာလင်၊ ဟစ်တလာ လမ်းစဉ် ကျင့်သုံး ချင်နေသူကို မည်သို့မျှ လွန်ဆန်ရဲဟန် မရှိပေ။

 

နမူနာ လုပ်ပြလိုက်လျှင် အနောက်နိုင်ငံများက ၎င်း တို့ အပေါ် ထပ်မံ အရေးယူရေးကို အလွယ်တကူ ပြုလုပ် ရဲကြမည် မဟုတ်၊ ၎င်းတို့ နိုင်ငံသားများ လွတ်မြောက်‌ရေး အတွက် အပေးအယူ လုပ်လာမည်ဟု ကလေး အတွေး လောက်နှင့် ယူဆခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်း နိုင်ငံတကာ စစ်ခုံရုံးသို့ သွားရမည့်သူသည် သူ နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသာ ဖြစ်သည် မဟုတ်ပါလား။

 

ယခုအခါ ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ် ကိုလည်း အလားတူ ပုံစံမျိုး ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ကုလ အထူး သံတမန်ကို သွယ်ဝိုက်၍ ပြောဆိုလိုက်ပြီး ဖြစ်သည်။ သူ့ကို လွှတ်ပေးရန် တောင်းဆိုခဲ့မှုအပေါ် ဩစတေးလျှ ၏ အပြုအမူ ပေါ် မူတည်နေသည်ဟု ဆိုကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ဗြိတိသျှ သံအမတ်ဟောင်း ဗစ်ကီ ဘိုမင်း အား ဖမ်းဆီးခဲ့မှုကြောင့် ဖမ်းဆီးထားသူ ဂျပန် သတင်းဓါတ်ပုံ သမား အပါအဝင် စုစုပေါင်း သုံးဦး အထိ ရှိသွားပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံသား တဦးအားလည်း “မတရား ဖမ်းဆီး” ထားလျှက် ရှိနေဆဲ ဟု အမေရိကန် သံရုံးက ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ မည်သူ မည်ဝါဟူ၍တော့ အတိအကျ ပြောဆိုခြင်း မရှိသေးပေ။ ပြည်တွင်းရှိ နိုင်ငံခြားသားများ၏ လုံခြုံရေးသည် မည်သို့မျှ စိတ်ချ၍ မရတော့ဟု The Diplomat ဟု “ဂျပန် သတင်းစာစောင်တွင် ဖေါ်ပြထားသည်။

 

ဗြိတိန် ရှိ မြန်မာ သတင်းစာ ဆရာတဦးက မင်းအောင်လှိုင် ၏ လုပ်ရပ်သည် မည်သူမျှ လုံခြုံစိတ်ချစွာ နေ၍ မရတော့ ကြောင်း ပြဆိုလိုက်ခြင်းဖြင့် ကမ္ဘာကို စိမ်ခေါ်လာသည့် လုပ်ရပ်ဟု မှတ်ချက်ချကြောင်း ဝါရှင်တန် ပို့စ် သတင်းစာ တွင် ပါရှိလာခဲ့သည်။

 

ထိုသို့ စိုးရိမ်မှုသည် သဘာဝ ကျပေသည်။ ဆက်ဒမ် ဟူစိန်သည် အမေရိကန် နှင့် မဟာမိတ်များ၏ တိုက်ခိုက် ခံရမည့် အရေး မှ ကာကွယ်နိုင်ရန် ပြည်တွင်း တွင် ရှိနေသော ထိုနိုင်ငံများ မှ လူများ အား လိုက်လံ ခေါ် ဆောင်ကာ တနေရာတည်း တွင် “အီရတ် အစိုးရ၏ ဧည့်သည်တော်” များဟု အမည်တပ်ပြီး စုပြုံထားရှိခဲ့သည်။ ဆက်ဒမ် ကိုယ်တိုင် သွားရောက် ကြည့်ရှုပြီး ဗြိတိသျှ ကလေးငယ်တဦး အား ပွေ့ချီ ချော့မြူနေပုံသည် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် ပါလာခဲ့ဖူးသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ခံချင်ဇော အားကြီး နေသော်လည်း ဘယ်သူမပြု မိမိမှု ဆိုသည် အတိုင်း ဝိုင်းပယ်ခံရသည့် အဖြစ်ရောက်အောင် ၎င်းကိုယ်တိုင် ဖန်တီးနေခြင်း ဖြစ်သည်။ ၎င်း အဖို့က ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ တနိုင်ငံ clientele state အဖြစ် နှင့် နေသွားနိုင်လျှင် သက်ဆိုးရှည်နိုင်ဖို့ ကျိန်းသေပြီဟု ယူဆထားသူ ဖြစ်သည်။ မိမိတို့ သက်ဆိုးရှည်နိုင်ရေး အတွက် အသည်းအသန် ခုခံနေရသည့် မင်းအောင်လှိုင်အဖို့ နိုင်ငံတကာ ကျင့်ဝတ်များအပေါ် ဂရုမစိုက်နိုင်တော့ ဆိုသည်ကို အထင်အရှား ပြဆိုနေပေသည်။

 

ကုလသမဂ္ဂ နှင့် အာဆီယံ နိုင်ငံများ မှ အကြမ်းဖက်မှုများ ရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုနေသည်ကို လည်း ဂရုမထားနိုင်၊ အနိုင်ရရေး အတွက် ရွာစဉ်လိုက် မီးရှို့နေကြပြီ ဖြစ်သည်။ မလေးရှား နှင့် တောင်ဗီယက်နမ် တွင် ဖြတ်လေးဖြတ် ကျင့်သုံးခဲ့ကြသည့် ဗြိတိသျှ နှင့် အမေရိကန် တို့ ပင် ထိုသို့ မလုပ်ခဲ့ကြ၊ ရွာပုန်းများ အဖြစ် ထားရှိပေးခဲ့ကြသည်။

 

တရုတ်သည် ဟန်ရေးပြနေသည့် အဆင့်မျိုးသာ ရှိပြီး အမေရိကန် နှင့် ထိတ်တိုက် ရင်ဆိုင်လိုခြင်း မရှိသည် ကိုလည်း စစ်တပ်က သဘောပေါက်ထားပြီး ဖြစ်သည်။ တရုတ် သည် အမေရိကန်ကို ကြောက်ရွံ့ ၍ တော့ မဟုတ်ဘဲ စစ်ကြီး ဖြစ်လာပါက စက်မှု လုပ်ငန်းများ ပျက်စီးပြီး လူများ အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကုန်မည့်အရေး၊ ကုန်သွယ် လမ်းကြောင်း ကို အမေရိကန် နှင့် မဟာမိတ်များ၏ ပိတ်ဆို့ခြင်း ခံရမည့် အရေး တို့ကြောင့် တရုတ် ကွန်မြူနစ် ပါတီသည် ပြည်တွင်းရှိ သန်း ထောင်နှင့် ချီသော ပြည်သူများကို မည်သို့မျှ လောက်ငှအောင် ကျွေးထားနိုင်‌တော့ မည် မဟုတ်၊ နိုင်ငံ အနှံ့ မငြိမ်သက်မှုများ ပေါ်လာမည့် အရေးကို စိုးရိမ်ပူပန်နေမည်သာ ဖြစ်သည်။

 

ပူတင် ကတော့ တရုတ်ကွန်မြူနစ် ပါတီလို စဉ်းစားမည့်သူ မဟုတ်၊ လုပ်ရဲကိုင်ရဲသူ ဖြစ်သည်ကို မင်းအောင် လှိုင်က ရိပ်စားမိသည်။ သို့သော် ပူတင်သည် ခြောက်လ ကြာလာသည့်တိုင် ယူကရိန်းကို အစွန်အဖျား လောက်သာ သိမ်းယူနိုင်ပြီး ရှက်ရှက် နှင့် စစ်ပွဲကို ဆက်၍ တိုက်နေခြင်းသာ ဖြစ်သည်။ ယခုပင် လူအင်အား မလုံလောက်တော့၍ စစ်သည် သန်းနှင့် ချီ၍ အင်အား တိုးမြှင့်ရန် အမိန့်ထုတ်လာသည်။ ပူတင်သည် တိုက်ရည် ခိုက်ရည် ပြည့်ဝသော စစ်တပ်ကြီး တတပ်ကို ငွေနှင့် ဝယ်ယူ ဖန်တီး၍ ရမည်ဟု အလွယ်တွေးနေ သူလည်း ဖြစ်သည်။

 

ထို့အတွက် ပူတင်သည် မြင်းဖြူကြီး စီးကာ ၎င်းတို့ ထံ ကဆုန်စိုင်း ပြေးလာမည့်သူ ဟု တထစ်ချ မှတ်ယူ၍ မရတော့ ပြန်ပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ၎င်းတို့ ပြုလုပ်မည့် အလိမ်အညာ ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေး ကို အဆုံးသတ်ရန် ရည်ရွယ်ထားသည်ဟု ပြောဆိုခဲ့ပြီး ဖြစ်၍ ပြည်သူများ အနေဖြင့် ကျရာ အခန်းမှ ဝိုင်းဝန်း ပံ့ပိုးသွားကြရမည် ဖြစ်သည်။

 

စစ်အာဏာရှင်များကလည်း နည်းမျိုးစုံ ဖြင့် သပ်လျှို သွေးခွဲရန် လုပ်ဆောင်နေကြ၍ ၎င်းတို့ အတွက် လက်နက်များ တပ်ဆင် ပေးသူ များ မဖြစ်ဖို့ တော့ သတိရှိရမည် ဖြစ်သည်။

 

Image – Myanmar Now

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!