ရိုဟင်ဂျာ တစ္ဆေ ချောက်လှန့်ခံရမှု နှင့် အတူ မင်းအောင်လှိုင်၏ အောက်တန်း အကျဆုံး လုပ်ရပ်

by Hla Soewai - Aug 27 2022

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်များ ၏ နောက်သို့ အရိပ်လို ကပ်ငြိလိုက်ပါလာနေတော့မည့် အတိတ်တစ္ဆေကြီးက ငါးနှစ် အပြည့်တွင် ပြန်လည် နိုးထလာခဲ့ပြန်ပြီ ဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအား ငါးနှစ်ပြည့် အဖြစ် ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ အီးယူ၊ နယူးဇီလန်၊ နော်ဝေး နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများက ပူးတွဲ ကြေညာချက် ထုတ်ပြန်လာခဲ့ကြသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ သီးခြား ကြေညာချက် တစောင် ထပ်မံ ထုတ်ပြန် လာခဲ့သည်။

 

ထိုအထဲတွင် အရေးကြီးဆုံး အချက်အဖြစ် ပါဝင်လာသည်က မြန်မာ စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံးသို့ ကုလ လုံခြုံရေး ကောင်စီမှ လွှဲပြောင်းပေးရေးကို မိမိတို့ ထောက်ခံကြောင်း ဖေါ်ပြလာခဲ့ခြင်းပင် ဖြစ်သည်။

 

ဗြိတိန်မှလည်း မြန်မာ စစ်တပ် အပေါ် ထပ်မံ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဖေါ်ပြခဲ့ပြန်သည်။ ယင်းနှင့်အတူ မင်းအောင်လှိုင် သားသမီးများ ပိုင် ကုမ္ပဏီကြီး နှစ်ခု၊ စစ်တပ်နှင့် ဆက်နွယ်သော ကုမ္ပဏီ သုံးခု အား ပိတ်ဆို့ ဒဏ်ခတ်ကြောင်း ကြေညာခဲ့သည်။

 

ဗြိတိန် နှင့် အမေရိကန် တို့မှ နိုင်ငံတကာ တရားရုံးချုပ်တွင် ဂမ်ဘီယာမှ စွဲဆိုထားသော အမှု အတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ကုလ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲသည် လည်း ရိုဟင်ဂျာ ဒုက္ခသည်များရှိရာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများသို့ ရောက်ရှိလာခဲ့ပြန်သည်။

 

ကုလ အတွင်းရေးမှူးချုပ်မှ မြန်မာရှိ အာဏာသိမ်း အဖွဲ့အား မည်သို့သော နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းမှုမျိုး တွင် မဆို ရိုဟင်ဂျာ လူမျိုးစုများ အရေး ပါဝင်ရမည်ဟု ဆိုလာသည်။

 

ကုလ သမဂ္ဂသည် ငါးနှစ်ကြာလာပြီ ဖြစ်သော ရိုဟင်ဂျာ ဒုက္ခသည် တသန်း ခန့်အား နေရပ်သို့ ပြန်လည် ပို့ ဆောင်နိုင်‌အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် အဖြစ်ကို ပေါ်လွင်သွားစေခဲ့ပြီး အတွင်းရေးမှူးချုပ်သည် စစ်အာဏာသိမ်း အဖွဲ့မှ သူ့အလိုလို ပြေလည်အောင် ဖြေရှင်းလာမည်ဟု ပင် နုံနဲ့စွာ ထင်မှတ်နေရှာသေးသည်။ ထိုသို့ ဖြေရှင်းလာပါက ရိုဟင်ဂျာ အရေးအား မေ့နေမည် စိုး၍ သတိပေးလိုပုံရှိသည်။

 

မည်သို့ပင် ဆိုစေ မြန်မာ စစ်ခေါင်းဆောင်များသည် ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့မှုများ နှင့် မြန်မာ ပြည်သူများ တင်မြှောက်ထားသော အရပ်သား အစိုးရအား ဖြုတ်ချအာဏာသိမ်းကာ နိုင်ငံအနှံ့ လူမဆန်စွာ ကျူးလွန်ခဲ့မှု ဆိုသည့် အမှုကြီး နှစ်မှု နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

စစ်ခေါင်းဆောင်များ၏ လက်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ကမ္ဘာ အကြီးဆုံး ဒုက္ခသည် စခန်းကြီး အဖြစ် ပေါ်ပေါက်လာခဲ့ရပြီး ကုလ အပါအဝင် အနောက်နိုင်ငံများ အတွက် ခန္ဓာကိုယ်ထဲ နစ်ဝင်နေသော ဆူးတ ချောင်းလို ဖြစ်လာနေခဲ့ရသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ယခု အချိန်ထိ မြန်မာ စစ် ခေါင်းဆောင် တဦးတလေကိုမျှ တရားစွဲဆိုနိုင်ခြင်း မရှိသေးဟု လှောင်ပြောင်နေပြီ ဖြစ်သည်။

 

ထိုသို့ ကျူးလွန်ခဲ့ကြသည်များက ၎င်းတို့ နောက်တွင် အရိပ်လို ကပ်လိုက်နေပြီ ဖြစ်၍ နိုင်ငံတကာ မျက်နှာစာ တွင် မည်သို့သော အခြေအနေပင် ဖြစ်စေ ခေါင်းဖေါ်၍ ရကြလိမ့်မည် မဟုတ်သည်ကား ကျိန်းသေလှပေသည်။

 

နာမည်ကြီး ပန်းချီဆရာ ကိုထိန်လင်း နှင့် ဇနီး ဖြစ်သူ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီ ဘိုးမန်းအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ဖြင့် ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ချုပ်နှောင်ထားသည် ဆိုသည့် သတင်းများအား စစ်ကောင်စီမှ အတည်ပြုခဲ့သည်။ အသက် ၅၆ နှစ်ရှိ မစ္စက် ဗစ်ကီ ဘိုးမင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး အဖြစ် ၂၀၀၂ မှ ၂၀၀၆ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် လက်ရှိတွင် Myanmar Centre for Responsible Business (MCRB) ကို ဦးစီး လုပ်ကိုင်နေသူ ဖြစ်သည်။ သူမအား ရုတ်ခြည်းဆိုသလို ဖမ်းဆီးခဲ့မှုသည် ဗြိတိန်မှ မင်းအောင်လှိုင်၏ သားသမီးများ ပိုင် ကုမ္ပဏီများအား ပြစ်ဒဏ်ခတ်မှု အပေါ် လက်တုန့်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးလျှက် ရှိသည်။

 

မင်းအောင်လှိုင်၏ ချက်အောက်ကို ကန်သော လုပ်ရပ်များသည် တဖြေးဖြေး နှင့် သူ၏ အန္တရာယ်ကို လက်ရပ်ခေါ် နေပြီ ဖြစ်သည်။ ထိုကဲ့သို့ အဆင်ခြင်မဲ့သော လူမျိုး နှင့် မြန်မာ၏ နိုင်ငံရေး အကျပ်အတည်းအား စေ့စပ် ဆွေးနွေးကာ ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ယုံကြည်နေမှုများသည် ရူးသွပ်ခြင်း သက်သက်သာ ဖြစ်မည်ဟုလည်း ကုလ နှင့် နိုင်ငံတကာ အသိုက်အဝန်းအား မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

 

နိုင်ငံတကာ နှင့် ပတ်သက်ပြီး အားမလို အားမရ ဖြစ်နေကြသော မြန်မာပြည်သူများ အတွက် လည်း အားဆေးကြီး တခွက် ကို မင်းအောင်လှိုင်က တိုက်ကြွေးလိုက်ခြင်းလည်း ဖြစ်သည်။

 

သို့သော် စစ်ခေါင်းဆောင်များ သည် ကမ္ဘာ အင်အားကြီး နှစ်နိုင်ငံ ဖြစ်သော တရုတ် နှင့် ရုရှားတို့၏ ကျွန်ယုံ ကျွန် ကောင်း များ အဖြစ် အရှက်ကင်းမဲ့စွာ ရပ်တည် နိုင်ခဲ့သည့် အားသာချက် က ရှိနေပြန်သည်။ သဘာဝ ဓါတ် ငွေ့များ အား တရုတ် နှင့် ထိုင်း နိုင်ငံများသို့ တင်ပို့ ရောင်းချခဲ့သည့် ဝင်ငွေ သည် ဧပြီလ မှ ဇူလိုင် လအတွင်း ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းစာများက ဖေါ်ပြလာပြန်သည်။

 

မဲစာရင်း လိမ်လည်၍ ဆိုကာ အာဏာသိမ်းခဲ့ကြသော်လည်း ထွက်ပေါ်ခဲ့သည့် ရလဒ်သည် ပွတ်ကာသီကာ အနိုင်ရရှိခဲ့မှုမျိုးဆိုက နိုင်ငံတကာမှ လက်သင့်ခံပေး၍ ရသော်လည်း ၈၀ ရာနှုန်း ကျော် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် ရလဒ်ကို မဲခိုးသည် ဟု လီဆယ်ခဲ့ခြင်းမှာ သူရူးမှ လွဲ၍ မည်သူမျှ လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။

 

ထိုသို့သော လူမျိုးအနေနှင့် မကြာမီက ကုလ အထူးသံတမန် မစ္စက် နိုလင်းဟေဇာ နှင့် တွေ့ဆုံခဲ့ရာတွင် ထွက်ပေါ်လာသော သတင်းများအရ မိမိနိုင်ငံသည် တည်ငြိမ်အေးချမ်းနေပါလျှက် အဘယ်ကြောင့်များ ကုလသမဂ္ဂမှ စိုးရိမ်မကင်း ဖြစ်ရသည် ဆိုသော ကြေညာချက်များ ထုတ်ပြန်ခဲ့ရပေသနည်းဟု မေးခွန်း ထုတ်ခဲ့သည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။

 

မင်းအောင်လှိုင် သည် ယခုအခါ မည်သူကိုမျှ ခြံစည်းရိုး ခွထိုင်ခွင့် မပေးတော့။ ၎င်းအား မထောက်ခံသူမှန်သမျှ ရန်သူ အဖြစ် သတ်မှတ်လာနေပြီ ဖြစ်သည်။

 

#Satan is glad – when I am bad,

And hopes that I – with him shall lie

In fire and chains – and dreadful pains

_ Victoria Child’s Poems, 1856

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!