“မြန်မာ အရေး အား နိုဝင်ဘာလ အထိ စောင့်နေ၍ မဖြစ်တော့” - မလေးရှား နိုင်ငံခြားရေး ဝန်ကြီး

by Hla Soewai - Aug 26 2022

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးမှ အခြေအနေများ ပိုမို ဆိုးဝါးလာနေပြီ ဖြစ်၍ နိုဝင်ဘာ အထိ မစောင့်သင့် တော့ဘဲ အွန်လိုင်းမှ ဖြစ်စေ အာဆီယံ အစည်းအဝေး အမြန် ခေါ်သင့်ပြီဟု ထုတ်ဖေါ်ပြောဆိုလာသည်။ ၎င်းတို့ အစိုးရလည်း မကြာမီမှာပင် NUG နှင့် NUCC အဖွဲ့များ နှင့် အွန်လိုင်းမှ တဆင့် တရားဝင် စတင် ဆွေးနွေးတော့ မည်ဟု ဆိုသည်။

 

နိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲ များ၊ အဖမ်းခံရသူများ၊ ဒုက္ခသည်များ ဖြစ်သွားသော အရည်အတွက် အစရှိသည့် သတင်းများကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အတွက် နေ့စဉ်လို အတိအကျ သတင်း ရရှိနေဖို့ လိုအပ်နေသဖြင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးသို့ သတင်းများ တာဝန်ယူ စုဆောင်း ဖြန့်ဝေရန် စာရေးသား တောင်းဆိုထားပြီး ဖြစ်ကြောင်း လည်း ဆိုသည်။

 

အာဆီယံ နှင့် နိုင်ငံတကာ သည် စစ်အာဏာရှင်များအပေါ် ယခုအတိုင်း ဆက်သွားနေ၍ မဖြစ်ဟု သဘော ပေါက်လာစေမည့် လုပ်ရပ်မျိုး တခုတလေမျှ မပြဘဲ ၎င်းတို့ ဖြစ်စေချင်သည်များကို လိုက်၍ လုပ်ရမည်ဟု ပါးစပ်နှင့် ပြောနေသည့် အဆင့်မျိုးတွင်သာ ရှိသည်။ ၎င်းတို့အား တရားဝင် ပုံစံမျိုး အသိအမှတ် ပြုနေသရွေ့ တုတ်တုတ်မျှပင် လှုပ်မည် မဟုတ်။

 

ပထမ ခြေလှမ်း အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရကိုသာ တရားဝင် အဖြစ် မဖြစ်မနေ အသိအမှတ် ပြုရတော့မည် ဖြစ်သည်။ သို့မဟုတ်က ၎င်းတို့ ပြုလုပ်သော ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရကို အသိအမှတ် ပြုရမည့် အနေအထားသို့ ရောက်လာမည့် အကျပ်အတည်းနှင့် ကြုံလာရတော့မည်။ ဤသည်ကို ယခုတည်းက စဉ်းစားသင့်လှပြီ ဖြစ်သည်။

 

အဆိုပါ ရွေးကောက်ပွဲ အတုအယောင် ကိုလည်း မြန်မာ ပြည်သူများ အနေဖြင့် သပိတ်မှောက် နိုင်ခွင့် ရှိမည် မဟုတ်။ “ငါတို့တော့ မဲသွားမထည့်၊ သပိတ်မှောက်မည်” ဟု နေ၍ ရမည် မဟုတ်၊ ၎င်းတို့၏ လက်ပါးစေများက တအိမ်တက်ဆင်း သေနတ်နှင့် ချိန်ကာ မဲရုံထဲ မောင်းသွင်းကြမည်။ ထို့နောက်တွင် မဲဆန္ဒ ပေးခွင့်ရှိသူ ထဲမှ ရာနှုန်း ၉၀ ကျော် လာရောက်မဲထည့် ကြပြီး အစိုးရ သစ် ဖွဲ့စည်း နိုင်ပြီဟု ကြေညာတော့မည် ဖြစ်သည်။ ထိုအခါတွင် လက်ရှိ စစ်အာဏာရူးများ ဘဝမှ ပြည်သူများ ရွေးချယ်တင်မြှောက် ခံထားရသူများ ဟု သုံးနှုံး လာကြတော့မည် ဖြစ်သည်။ ၎င်းတို့အား ဆန့်ကျင် နေသူများ အား ပြည်သူ့ အစိုးရကို ပုန်ကန်နေကြသူများ အဖြစ် ခေါင်းစဉ်တပ်လာမည်၊ ပို၍ပင် အာသွက် လျှာသွက် ဝါဒ ဖြန့်လာကြပေတော့မည်။

 

လောလောဆယ်တွင် ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် တရုတ် နှင့် ရုရှားကဲ့သို့ နိုင်ငံကြီးများကို အောက်ကျို့ ဆက်ဆံနေရသည်။ မင်းအောင်လှိုင် ကိုယ်တိုင် မော်စကိုသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော်ငြားလည်း သမ္မတ ပူတင် အပါအဝင် အထက်တန်း အရာရှိ ကြီး များ တဦးတလေကမျှ အဖက်လုပ်ပြီး ဆက်ဆံခြင်း မခံခဲ့ရသည် ကို ရှက်ရကောင်း မှန်း မသိ။ ဆက်လက်၍ အောက်ကျို့နေစမြဲ ဖြစ်သည်။ ယိုသူ မရှက် မြင်သူ ရှက် လို ဖြစ်ပြီး နောက်တကြိမ် ထပ်၍ ကြိုးစား ဦးမည်သာ ဖြစ်သည်။

 

ရုရှားကလည်း ၎င်းတို့ကို အသုံးချ၍ အရောင်တက်အောင် ဝါဒဖြန့်လိုခြင်း သက်သက် နှင့် ရောက် ရောက်လာ နေသည့် အဖြစ်ကို ရွံရှာနေပုံရသည်။ သို့သော် ရုရှားသည် လက်နက်များ သာမက ယခုအခါ ရေနံ ကိုပါ ရောင်းချ နိုင်တော့မည်၊ ဒီထက် အခြေအနေ ဆိုးလာပါက မြန်မာထံမှ စစ်စခန်း ဖွင့်ခွင့်ပင် ပေါချောင်ကောင်း ဖြင့် ရနိုင် သေးသည်။

 

ဖွင့်ခွင့်ပေးရန် ဖွဲ့စည်းပုံကို အရင်ပြင်ဆင်ဖို့ လိုနေ၍ ရွေးကောက်ပွဲ အပြီး လွှတ်တော် ခေါ်ပြီးပါက သေချာ ပေါက် လှုပ်ရှားလာတော့မည် ဖြစ်သည်။ ရုရှားအားလည်း ထိုသို့ အကြောင်းပြ၍ အချိန်ဆွဲထားပုံ ရှိသည်။

 

ထိုသို့ ဖြစ်လာနိုင်သည့် အရေး ကို အာဆီယံ နိုင်ငံ အချို့ အနေနှင့် ပါးစပ်မှ ထုတ်မပြောသော်လည်း ရိပ်စား မိတန်သလောက် ရိပ်စားမိနေကြပြီး ဖြစ်သည်။

 

ယခုအခါ လူတိုင်းလိုလို သည် ရှေ့ရေး အတွက် မျှော်လင့်ချက် များ မွေးမြူဖို့ အသာထားဘိဦး၊ လက်ရှိ မိမိတို့ သာမက မိမိတို့ ရင်သွေးများ၏ အနာဂတ် မည်သို့ မည်ပုံ ဖန်တီးလာမည်လဲ ဆိုသည်ကို မည်သို့မျှ မသိနိုင်သော အမှောင်ခေတ်ကြီးထဲ တွင် စမ်းတဝါးဝါး ဖြင့် လျှောက်လှမ်းနေကြရဆဲပင် ဖြစ်သည်။

 

မိမိတို့ ၏ ဘဝများသည် ရှေ့လျှောက် စစ်အာဏာရှင် တို့၏ ပါးစပ်ဖျား မှ ထွက်လာသော အမိန့်များ အောက် တွင် ပေးတာယူ ကြွေးတာစား ဘဝ၊ အညှင်းဆဲခံ ဘဝ ဖြင့် ရပ်တည်သွားကြမည်လော သို့မဟုတ် မိမိတို့ ကံ ကြမ္မာ ကို မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် ဘဝမျိုး နှင့် လူပီသစွာ နေထိုင်သွားကြနိုင်ရန် အဆုံးစွန်အထိ တွန်းလှန် သွားကြမည်လော ကို ရွေးချယ်ကြရတော့မည် ဖြစ်သည်။

 

တိုင်းပြည်အတွက် အဆိုး အကောင်းကို အဆုံးအဖြတ် ပေးမည့် လွန်စွာ အရေးကြီးသော ကာလ အပိုင်းအခြား တခုကို အသက်ပေါင်းများစွာ ရင်း၍ ဖြတ်သန်းနေရသော ကာလ ကြီးလည်း ဖြစ်သည်။

 

စစ်အာဏာရှင်များကတော့ ၎င်းတို့ အာဏာတည်မြဲရေး အတွက် လုပ်သင့် မလုပ်သင့် ဘာကိုမျှ စဉ်းစား ဆင်ခြင် နိုင်စွမ်း မရှိအောင် ထွက်ပေါက် ပိတ်နေပြီ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ၏ သမိုင်းဝင် ခြံအမှတ် (၅၄) အိမ် အားလည်း ထုခွဲ ရောင်းချရန် အမိန့်ထုတ်ခဲ့သည်သာမက လူထု အတွက် အကျိုးကျေးဇူး များစွာ တောက် လျှောက် ပြုလာခဲ့သော မင်းသား ကိုကျော်သူ အိမ်ကိုပင် ၎င်းတို့ကို ဆန့်ကျင်ရုံ သက်သက် ဖြင့် ချိတ်ပိတ် ပြစ်ရဲ သူများလည်း ဖြစ်သည်။ ဤသည်မှာ လူထု တရပ်လုံး၏ ဆန္ဒကို ဂရုမစိုက်သည့်အပြင် ပြောင်ပြောင်ကြီး ဆန့်ကျင် ပြီး မိမိသာ အကြွင်းမဲ့ အာဏာရှင် ဖြစ်ကြောင်း ထပ်မံ ပြဆိုလိုက်ခြင်း ဖြစ်သည်။

 

ထို့အတွက် ပြည်သူတရပ်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် စစ်အာဏာရူးများကို ဆန့်ကျင်တော်လှန် နေကြသည်။ မကြုံစဘူးအောင် စည်းလုံးညီညွတ်မှု အပြည့်ဖြင့် ရုန်းကန် တိုက်ပွဲ ဝင်နေကြပြီ ဖြစ်သည်။ သို့သော် ထိုအနေအထားသည် စစ်အာဏာရှင်များ ပြုတ် မကျမချင်း အမြဲလို တည်ရှိနေလိမ့်မည် ဆိုသည်ကို တထစ်ချ မှတ်ယူထား၍ မရဟု ပြောလို့ရသည်။ မင်းအောင်လှိုင်က ၎င်း၏ တဇောက်ကန်း လုပ်ရပ်များ နှင့် တော်လှန်ရေး စိတ်ဓါတ်များကို ပြည်သူများ အကြား ခိုင်မာသည်ထက် ခိုင်မာအောင် ပျိုးထောင်ပေးလျှက် ရှိနေ ၍သာ တော်ပေသေးသည်ဟု ဆိုရမည်။

 

အနည်းဆုံးတော့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရုံ သက်သက်ဖြင့် လူအဖြစ် သတ်မှတ်၍ မရသူများ ရှိနေသေး သည်ဟူသော သင်ခန်းစာများလည်း ရရှိခဲ့ကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!