အကူအညီ ပိုရရန် ထိုက်တန်လာနေပြီ ဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရ

by Hla Soewai - Aug 23 2022

အဆိုပါ ခေါင်းစဉ်ဖြင့် အီကော်နောမစ် မဂ္ဂဇင်းကြီး ၏ ၂၀၂၂ ဩဂုတ်လ ၁၈ ရက် နေ့ထုတ် တွင် ပါရှိလာခဲ့သည်။ မဂ္ဂဇင်းကြီး ကို အင်္ဂလန်မှ ထုတ်ဝေပြီး နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းတလျှောက် လစ်ဘရယ် ဒီမိုကရေစီ ဖက်မှ တောက်လျှောက်ခုခံ ကာကွယ်ရေးသား ပေးလာခဲ့သည်။ မဂ္ဂဇင်းကြီး ၏ သတင်းထောက် ဆိုသူများသည် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင် ပီအိပ်ချ်ဒီ အဆင့် ရှိသူများ ဖြစ်နေ၍ အပတ်စဉ် ဖတ်ရှု နိုင်ရန် တလကို ဒေါ်လာ ၆၀ ခန့် လည်း ပေးသွင်း ရသည်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံခေါင်းဆောင်များ၊ အစိုးရ အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ အားလုံး တလေးတစား ဖတ်ရှုရသော မဂ္ဂဇင်း ဖြစ်သည့် အတွက် အခု ဆောင်းပါး၏ လေးနက်မှုကို သိရှိနိုင်ရန် ပြောပြခြင်းသာ ဖြစ်သည်။

 

*************************

လွန်ခဲ့သည့် ငါးနှစ် ယခုလို အချိန်တွင် မြန်မာ စစ်တပ်သည် နိုင်ငံတွင်း နေထိုင်လျှက် ရှိသော မူဆလင် လူနည်းစု ဝင်များ ဖြစ်သည့် ရိုဟင်ဂျာ များအား စနစ်တကျ ဖိနှိပ်သတ်ဖြတ်နိုင်ရန် စစ်ဆင်ရေးကြီး တရပ် ဆင်နွှဲလာခဲ့ သဖြင့် ၇၅၀,၀၀၀ ခန့် တိုင်းပြည်မှ ထွက်ပြေးစွန့်ခွာခဲ့ရသည် အထိ ဖြစ်ခဲ့ရသည်။ အဆိုပါ ကံမကောင်း အကြောင်း မလှရှာသူများသည် ယခုတိုင် ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်းများ တွင် ဆင်းဆင်းရဲရဲ နေထိုင် လျှက် ရှိနေကြဆဲပင် ဖြစ်သည်။ ဆင်းရဲဒုက္ခများထဲတွင် စနစ်တကျ လူလူခြင်း ခွဲခြားဆက်ဆံ ခံရမှုကြောင့် စိတ်ဓါတ်ညှိုးငယ်စွာ နေထိုင်ရမှုများလည်း ပါဝင်နေပြန်သည်။

 

မြန်မာစစ်တပ်သည် နိုင်ငံတွင်းရှိ လူနည်းစုများကို ဖိနှိပ် ခဲ့ရုံမျှနှင့် အားရတင်းတိမ်သွားခြင်း မရှိဘဲ တိုင်းပြည်အား အုပ်ချုပ်နေသော အရပ်သား အစိုးရကို ဖြုတ်ချအာဏာသိမ်း ပြီး ဒီမိုကရေစီ အား အကြောင်းမဲ့ ဖျက်လို ဖျက်စီး လုပ်ခဲ့ပြန်သည်။ ထိုသို့သော လုပ်ရပ်အား ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လာကြသည့် နိုင်ငံတဝှမ်းရှိ ပြည်သူ များကို လူမဆန်စွာ နှိပ်ကွပ်လာခဲ့ကြပြန်သည်။ ယင်းနှင့် အတူ ပြင်းထန်စွာ ခုခံ တော်လှန်မှုများ ဖြစ်ပေါ်လာခဲ့ ရပြီး စစ်တပ်အဖို့ အောင်မြင်အောင် နှိမ်နှင်းနိုင်စွမ်း မရှိ ဖြစ်လာနေသည်။

 

ကမ္ဘာတဝှမ်း တွင် ထိုကဲ့သို့ သွေးစွန်းလက်များ နှင့် မထွေးနိုင် မအန်နိုင် ဖြစ်နေရသည့် အဖွဲ့မျိုးကို တွေ့ရခဲ လှသည်။ ထိုသို့ အနေအထား တွင်ပင် ပြုပြင်ပြောင်းလဲရန် ငြင်းဆန်နေသူများကိုလည်း တွေ့ရ ခဲပြန်သည်။ အနောက်နိုင်ငံ အစိုးရများ မှ အကူအညီပေးနေခြင်းများ ရပ်ဆိုင်းပြီး အတော်များများသည်လည်း ရင်းနှီး မြှုပ်နှံနေမှုများကို ရွှေ့ပြောင်းသွားခဲ့ကြသည်။

 

ကမ္ဘာဘဏ်၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့် နှစ်အတွင်း စီးပွားရေးသည် ၁၈ ရာနှုန်းခန့် ကျုံ့ဝင်သွားခဲ့သည်။ ဤသို့ ဖြစ်လာသည့်အတွက် လူထု တရပ်လုံး ဆင်းရဲမွဲတေလာသော အဖြစ်ကိုလည်း စစ်တပ်သည် ဂရုစိုက်ခြင်း မရှိ၊ တကယ်တမ်းပြောရလျှင် လုံးဝကို ဂရုမစိုက် ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့ အဖို့က ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်နေသူများကို မြေလှန်စနစ် ဖြင့် အမြစ်ပြတ် ချေမှုန်းနိုင်‌ရေး ကိုသာ အာရုံစိုက်နေကြသည်။ ရလဒ်အဖြစ် ထောင်ပေါင်းများစွာသော လူများ သေဆုံးခဲ့ကြရပြီး လူတသန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

 

ထိုသို့ ကြမ်းကြုပ်ရက်စက်စွာ တုန့်ပြန်လာခဲ့သည်ကပင် စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကို မြင်သာ လာခဲ့ ရသည်သာမက မြန်မာ့ ဒီမိုကရက် အင်အားစုများ၏ လုံးဝ အလျော့မပေးဘဲ ပြန်လည် တွန်းလှန်ရန် သန္နိဋ္ဌာန် ချထားမှုသည်လည်း ထင်ရှားစွာ ထွက်ပေါ်လာခဲ့ရသည်။

 

လက်နက်ဆို၍ မြင်ပင် မမြင်ဘူး၊ စစ်ပညာ အတွေ့အကြုံလည်း မရှိရှာ၊ ရိုးသားစွာ လုပ်ကိုင်စားသောက် နေကြ သော ကျေးရွာသူ ကျေးရွာသား များသည် နေရာအနှံ့အပြားတွင် ပြည့်သူ့ ကာကွယ်ရေး တပ်များ ဖွဲ့စည်းလာခဲ့ ကြရသည်။ လူများစုဖြစ်သော ဗမာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများသည် နိုင်ငံ အစွန်အဖျားရှိ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပူးပေါင်းလာခဲ့ကြသည်။ ထိုသို့ပေါ်ပေါက်လာသော အုပ်စုများ ထဲတွင် စစ်တပ်နှင့် အကြိတ်အနယ် တိုက်ခိုက်နိုင်စွမ်း ရှိသည့် အဖွဲ့ဟူ၍ အနည်းငယ်မျှသာ ရှိသော်လည်း ၎င်းတို့ အားလုံးသည် နိုင်ငံအနှံ့အပြားတွင် စစ်တပ်အား ချုံခို တိုက်ခိုက်ခြင်း၊ စစ်စခန်းများကို ဝင်ရောက် စီးနင်းခြင်းများ ပြုလုပ်လာခဲ့ကြသည်။

 

စစ်တပ်သည် နိုင်ငံ ၏ တဝက်နီးပါးကိုသာ ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်လာပြီး တဖြေးဖြေး နှင့် နေရာ ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာနေသည်။ ထိုသို့ ဖြစ်လာအောင် တော်လှန်ရေး အင်အားစု များသည် ပြင်ပ မှ အကူအညီ တခုတလေမျှပင် မပါဘဲ စွမ်းဆောင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ အနည်းငယ်မျှသော ငွေကြေး အထောက်အပံ့ နှင့် စိတ်ဓါတ်ရေးရာ အားပေးမှုများ ရလာမည် ဆိုလျှင် ဒီထက်မက ကြီးမားသော အောင်မြင်မှုများ ရရှိလာမည် က သေချာလှပေသည်။

 

ထိုသို့ နိုင်ငံတကာမှ ဖာသိဖာသာ နေ နေခြင်းမှာ ယူကရိန်း စစ်ပွဲကြီး ဖြစ်ပွားလာခြင်း၊ ကမ္ဘာ့စီးပွားရေး နာမကျန်း ဖြစ်လာနေခြင်း၊ အခြား မရေတွက်နိုင်သော အကျပ်အတည်းများ ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်နေခြင်း များကြောင့် မြန်မာ သည် ထိုပြဿနာများနှင့် ယှဉ်လျှင် အရေးပါသည့် အနေအထား မျိုး မရှိဟု သတ်မှတ် ထားသည်ကြောင့် ဖြစ်သည်။ ဤသည်မှာ တစိတ်တပိုင်းအားဖြင့် တော်လှန်ရေး အင်အားစုများ အနေနှင့် စစ်တပ်အား တွန်းလှန် တိုက်ထုတ်နိုင်မည်ဟု ကနဦးတွင် မျှော်လင့်မထားခဲ့မှုကို ထင်ဟပ်နေသည်။ အားလုံးလိုလိုက စစ်တပ်သည် ထိုတော်လှန်ရေး အဖွဲ့များကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု တွက်ဆထားခဲ့ ကြသည်။ အနောက်တိုင်း အစိုးရ များသည် အာဏာသိမ်းမှုအား လက်နက်ကိုင် တွန်းလှန်နေခြင်းများကို အားပေးလိုပုံ မရ၊ လူ့အသက်များ ဆုံးရှုံးရသည်ပဲ အဖတ်တင်ကျန်လိမ့်မည်ဟု တွက်ဆထားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

 

၎င်းတို့၏ တွက်ဆထားခဲ့မှုများသည် လုံးဝ မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။ ယခင် အရပ်သား အစိုးရ မှ လွှတ်တော် အမတ်များသည် ချက်ချင်းလို နောက်ကွယ်တွင် အစိုးရ တရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ၎င်းတို့အား ဗမာလူမျိုး ကြီး ဝါဒသမား အဖြစ် အထင်ခံခဲ့ကြရသော်လည်း ဖွဲ့စည်းလာသော အစိုးရ၌ တိုင်းရင်းသား လူမျိုး အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်လာခဲ့သည်။ ရိုဟင်ဂျာများကိုပင် ထိုက်တန်စွာ ဆက်ဆံသွားမည်ဟု ကတိပေးလာခဲ့ ကြသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံတဝှမ်းရှိ ဗမာပြည်သူများ နှင့် တော်လှန်ရေး အင်အား အများစု၏ ထောက်ခံမှုကို ရရှိခဲ့သည်။

 

အချို့ ဒေသများတွင် အုပ်ချုပ်ရေး အဖွဲ့များ၊ ကျောင်းများ ဆေးရုံ ဆေးပေးခန်းများကိုပင် တည်ထောင် အုပ်ချုပ် လာနိုင်ခဲ့ပြီ ဖြစ်သည်။ တချိန်တည်းမှာပင် စစ်တပ်သည် တဖြေးဖြေး နှင့် တော်လှန်ရေး အင်အားစုများကို နှိမ်နှင်း နိုင်စွမ်း မရှိတော့ ဆိုသည့် အချက်သည်လည်း ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။

 

သို့သော် NUG သည် ငွေကြေး အကြီးအကျယ် ပြတ်လတ်မှု နှင့် ရင်ဆိုင်လာနေရသည်။ အနောက်နိုင်ငံများ၏ ငွေကြေး ထောက်ပံ့မှု လိုအပ်လျှက် ရှိနေသည်။ အကယ်၍ အမေရိကန်သည်သာ NUG အား တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုခဲ့မည် ဆိုလျှင် အာဏာသိမ်းပြီးနောက် ထိန်းချုပ်ထားသော ဒေါ်လာ တစ်ဘီလီယံ ကို ထုတ်ယူခွင့် ရနိုင်မည် ဖြစ်သည်။ ပြင်ပ ကမ္ဘာ အနေဖြင့် စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များကို အလို အလျှောက် မျက်စိမှိတ် ခေါင်းညိတ်နေမည် မဟုတ်ဟူသည်ကို ပြသနိုင်သည့် အကျိုး ကျေးဇူးများ ထပ်မံ ထွက်ပေါ်လာမည် ဖြစ်သည်။

 

ထိုသို့ လုပ်ခဲ့၍လည်း စစ်တပ် ချုပ်ငြိမ်းသွားမည်ဟူ၍တော့ အတိအကျ ပြော၍ မရပြန်။ ၎င်းတို့တွင် ငွေရေး ကြေးရေး အရရော၊ လက်နက်အင်အားအရပါ အသာစီး ရထားပြီး ဖြစ်နေသည်။ တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံတခုကိုလည်း မဟာမိတ်လုပ်ထားပြီး ဖြစ်သည်။

 

မြန်မာတို့၏ ခုခံ တွန်းလှန်စစ်သည် မဖြစ်နိုင် ဟု တွက်ဆထားမှုများ ကြားမှ ၁၈ လ ကြာသည့်တိုင် ထိုသို့ မဟုတ် ကြောင်း ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအနေအထားမှ ထပ်၍ အသာစီးရဖို့ ဆိုသည်မှာ အချိန်များများ စောင့်နေ စရာ မလိုတော့ပေ။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!