NUG နှင့် ဆက်ဆံရန် အချိန်ကျပြီဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီးပြော

by Hla Soewai - Aug 22 2022

ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင် အဗ္ဗဒူလာမှ မိမိတို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံသွားဖို့ အချိန်တန်ပြီ ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အာဆီယံ အနေဖြင့် မြန်မာပြည်သူများ အား စိတ်ဓါတ်‌ရေးရာ ထောက်ခံမှု ပေးနိုင်ဖို့ “လွန်စွာ အရေးကြီး” လာနေသည်ဟု လည်း ဆိုသည်။ ယခုအခါ “မိမိတို့သည် စစ်အာဏာသိမ်း အဖွဲ့နှင့်သာ ဆက်ဆံနေ၍ တဖက်သတ် ဖြစ်နေပြီဟု သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။

 

အာဆီယံ အနေဖြင့် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် တဦးတည်း စွမ်းဆောင်နိုင်ခြင်း မရှိက မိမိတို့ နှင့် အကျိုးတူ ဆွေးနွေးဖေါ် ဆွေးနွေးဖက် နိုင်ငံများကို စားပွဲဝိုင်းသို့ ခေါ်ယူရတော့မည် ဖြစ်သည်ဟု နိုင်ငံ အမည် မဖေါ်ပဲ ပြောဆိုသွားကြောင်း စင်္ကာပူ ရှိ Channel News Asia သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်တပ်သည် ထိုသို့ ရဲတင်းစွာ ပြုမူ နေခြင်းသည် တရုတ် နှင့် ရုရှားတို့၏ အားကိုးရှိနေ၍လည်း ဖြစ်သည်။ ထိုနှစ်နိုင်ငံ အနေဖြင့် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေခြင်းများ ရပ်တန့်အောင် ပြုလုပ်ပေးသင့် သည်ဟု Nikkei Asia Review ၏ အယ်ဒီတာ အာဘော်တွင် ရေးသားထားသည်။

 

ဘီဂျင်း နှင့် မော်စကိုသည် မြန်မာ အရေးအား ဝင်ရောက်ဖြန်ဖြေရန် အာဆီယံ၏ ကြိုးပမ်းနေမှုများအား ထောက်ခံကြောင်း တတွတ်တွတ် ပြောဆိုနေသော်လည်း ၎င်းတို့ ၏ လက်တွေ့လုပ်ရပ်များသည် ခြေထိုးခံသလို ဖြစ်နေသည်ဟု ဆိုသည်။

 

ရုရှား နိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ တက်ရန် ကမ္ဘောဒီယား သို့ အသွား ဩဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ လှည့်ဝင်လာခဲ့သည်။ မင်းအောင်လှိုင် နှင့် တွေ့ပြီး “နိုင်ငံကို တည်ငြိမ်မှု ရှိအောင် ကြိုးပမ်းနေမှု များ အား မိမိတို့ မှ တသွေးတည်း တသားတည်း ရပ်တည်ပေးသွားမည် ဖြစ်သည်” ဟု ပြောဆို သွားခဲ့သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည်လည်း ဇူလိုင်လ အစောပိုင်းက အာဏာသိမ်းပြီးနောက်ပိုင်း တွင် ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာကာ စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်ရေးများကို သဘောတူသွားခဲ့သည်။

 

အာဆီယံသည် ပြီးခဲ့သည့် နှစ် ဧပြီလ တွင် မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူခဲ့သည့် အချက် ငါးချက် ကို လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့သည့် အတွက် မြန်မာ စစ်ခေါင်းဆောင်များကို ၎င်းတို့၏ အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုတော့ဘဲ ဘေးဖယ်ထုတ် ထားခြင်းဖြင့် လိုက်လျောမှုများ ရှိလာအောင် ကြိုးပမ်းနေခဲ့ ခြင်းလည်း ဖြစ်သည်။

 

သို့သော် တရုတ် နှင့် ရုရှား တို့မှ အဆင့်မြင့် အရာရှိကြီးများ ကိုယ်တိုင် မြန်မာသို့ ဝင်ထွက် ပြနေခြင်းဖြင့် အာဆီယံ၏ လုပ်ရပ်သည် အိတ်ပေါက် နှင့် ဖားကောက်သလို ဖြစ်လာခဲ့ရသည်။ယခုလို ပုံမျိုး ဖြစ်လာနေပါက မြန်မာ စစ်ခေါင်းဆောင်များ အား ချောင်ပိတ်မိအောင် ကြိုးပမ်းမှုများသည် ခက်ခဲလာရဖို့သာ ရှိပေသည်။

 

လူ့အခွင့် အရေး အဖွဲ့များ ပြုစုထားသော စာရင်းဇယားများအရ လူပေါင်း ၂,၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး ၁၀၀ ကျော်သည် သေဒဏ် အမိန့်ချမှတ်ခံခဲ့ရသည်။ ထိုအထဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အပါအဝင် လေးဦးအား ကွပ်မျက်ခဲ့သဖြင့် ကမ္ဘာတဝှမ်းမှ ဒေါသတကြီး ပြစ်တင် ရှုတ်ချခဲ့ကြပြီး ဖြစ်သည်။

 

တိုင်ဝမ် နှင့် ယူကရိန်း အရေးများ နှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် ဆက်ဆံရေး တင်းမာလာခဲ့ခြင်းကြောင့် တရုတ် နှင့် ရုရှားသည် မြန်မာ စစ်ခေါင်းဆောင်များ ဖက်မှ ပို၍ ရပ်တည်ပြလာခဲ့ခြင်း ဟု ယူဆပေး၍ရသည်။ သို့သော် မြန်မာ စစ်တပ်မှ လူအမြောက်အမြားကို သတ်ဖြတ်နေမှု များ၊ အကျဉ်းသားများအား ဥပဒေ မဲ့ ကြိုးပေး ကွပ်မျက် ကွပ်မျက်နေမှု များကို လက်ခံနေခြင်းသည် မည်သို့မျှ နားလည်ပေး၍ မရသော လုပ်ရပ်များပင် ဖြစ်သည်။

 

အနောက်အုပ်စု၏ ယခင်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ နှင့် ဂျပန်၏ တွန်းအား ပေးခဲ့မှုများက စစ်အာဏာ သိမ်း အဖွဲ့၏ သဘောထား ပြောင်းလဲအောင် အထိ အလုပ်ဖြစ်မလာခဲ့ပေ။ မြန်မာ အကျပ်အတည်းကို ဖြန်ဖြေ ပေးမည့် အခန်းကဏ္ဍမှ တာဝန်ယူလာခဲ့သော အာဆီယံ ၏ ဒေသတွင်း အစုအဖွဲ့တခု အဖြစ် ရပ်တည်ရေး ကို ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။

 

ထိုသို့ အာဆီယံ အတွင်း အကွဲအပြဲ ဖြစ်မလာအောင် ကာကွယ်ရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် တရုတ် နှင့် ရုရှားအား ၎င်းတို့နှင့် တသဘောတည်း ရပ်တည် ပေးလာရေး အတွက် ကြိုးပမ်းသွားသင့်ပေသည်ဟု ကျွနုပ်တို့မှ မျှော်လင့်ကြောင်း အယ်ဒီတာ အာ‌ဘော်တွင် ရေးသားထားခဲ့သည်။

 

အနာဂတ် ပျောက်နေသော မြန်မာ လူငယ်များ အတွက် အားတက်ဖွယ် သတင်းတရပ် အဖြစ် ချင်းမိုင် တက္ကသိုလ်ကြီးမှ CDM တွင် ပါဝင်နေသော မြန်မာ ကျောင်းသား ၅၀၀ ခန့်အား လက်ခံ သင်ကြားပေးရန် မြန်မာနွေဦး တက္ကသိုလ် နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီ ဖြစ်သည်။ နွေဦး တက္ကသိုလ်သည် နိုင်ငံတကာ အလှုရှင်များ ထောက်ပံ့သော ရံပုံငွေ ဖြင့် တည်ထောင်ထားခြင်းလည်း ဖြစ်သည်။ နိုင်ငံတကာ တက္ကသိုလ်ကြီးများမှလည်း ထိုအစီအစဉ်အတွက် ချင်းမိုင် တက္ကသိုလ် နှင့် ပူးပေါင်းသွားမည်ဟုလည်း သိရသည်။

 

မင်းအောင်လှိုင်သည်လည်း ရိုဟင်ဂျာများ အပေါ် ရာဇဝတ်မှု များ ကျုးလွန်သည့် စစ်ဗိုလ်ချုပ် ၂၀ ထဲတွင် ထိတ်ဆုံး တရားခံ အဖြစ် ထည့်သွင်းထားပြီး ဖြစ်သည်ဟု စစ်ရာဇဝတ်မှုများ အပေါ် သီးသန့်စုံစမ်းနေသည့် ကျွမ်းကျင်သူ များ ပါဝင်သော တရားမျှတမှု နှင့် တာဝန်ခံမှု ရှိရေး နိုင်ငံတကာ အဖွဲ့ International Justice and Accountability (CIJA) က ထုတ်ဖေါ်ပြောဆိုလိုက်ပြန်သည်။

 

နိုင်ငံတကာသည် မြန်မာ ပြဿနာအား လူအများ အပြား သေကြေ ပျက်စီးနေသည့် ပြည်တွင်း ရေး ဟု သ‌ဘော ထား နေကြဆဲ ဖြစ်ပြီး တရုတ်နှင့် ရုရှားသည် အ‌နောက်အုပ်စုအား အနှောက်အယှက် ပေးလိုသည့် စိတ်သက် သက် ဖြင့် မြန်မာ နိုင်ငံ ၏ အာဏာရှင် ပေါက်စကို မြေတောင် မြှောက်ပေးနေဆဲ ဖြစ်သည်။

 

ထိုသို့ နိုင်ငံတကာ တွင် မြန်မာ အရေး အား ဖြေရှင်းရန် လေကြောင်း တိုက်ပွဲများ ဆင်နွှဲနေစဉ်တွင် စစ်တပ်သည် ကျေးရွာ ပတ်ပတ်လည်တွင် မိုင်းထောင်ခြင်း၊ ရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်နှင့် အမျှ ကျူးလွန်နေကြပြီ ဖြစ်၍ မြန်မာ ပြည်သူများ၏ ရွံရှာ မုန်းတီး ခံနေရသည့် မင်းအောင်လှိုင် လက်ပါးစေ တပ် အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ 

 

မဇ္ဇျိမ သတင်းဆောင်းပါး တပုဒ်တွင်လည်း ထိုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ ကျုးလွန်နေသော စစ်တပ်မှ ထွက်ပြေးလာသူ တသောင်းနီးပါး ရှိနေပြီး အမျိုးသား ညီညွတ်ရေး အစိုးရမှ ကျပ် သန်းပေါင်း ၄၅၀ ခန့်ကို ဆုကြေးငွေ အဖြစ် အသုံးပြုခဲ့သည်ဟု ဖေါ်ပြထားသည်။

 

ကျန်ရှိနေသော လက်ပါးစေများက ပျော်ပျော်ကြီး ရမ်းကားနေစဉ်တွင် ခေါင်းကိုင်ဖခင်ကြီးသည်လည်း စမ်းတဝါးဝါး ထင်ရာမြင်ရာ စိတ်ကူးများ၊ မကျက်တကျက် half-baked ideas နှင့် တိုင်းပြည်အား စီမံခန့်ခွဲကာ ချောက်ထဲသို့ တွန်းပို့လျှက် ရှိနေသည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်း လုပ်ရပ်ကြောင့် လက်ရှိ မြန်မာ တပ်မတော်သည် ဆုံးခန်းတိုင် သွားခဲ့ရပြီ ဆိုသည့် အများ၏ ထင်မြင်ယူဆချက်ကို မင်းအောင်လှိုင် အနေနှင့် မှန်ကန်ကြောင်း အတတ်နိုင်ဆုံး သက်သေ ပြလျှက် ရှိနေသည် “ ဟု မြန်မာ စစ်တပ်ကို ဖျက်ဆီးပြစ်နေသော မင်းအောင်လှိုင်” ခေါင်းစဉ် ဖြင့် ဒေါ်မီမီဝင်းဘတ်ခ်က ဧရာဝတီ တွင် ဆောင်းပါး ရေးသားခဲ့သည်။

 

“ကျုပ်ကို လောလောဆယ် စီးပွားရေး ဦးမော့အောင် ဆိုပြီး အခြား ဘာတွေ ညာတွေ လာမပြောနဲ့၊ ကျုပ် စိတ်မဝင်စားနိုင်သေးဖူး။ ကျုပ်တို့ ပေးစရာရှိတာ ပေးရအောင်၊ ဝယ်စရာ ရှိတာ ဝယ်ရအောင် ဒေါ်လာ တွေ ဘယ်လိုရအောင် လုပ်မလဲ ပဲ ပြော၊ ဒါပဲ လောလောဆယ် စိတ်ဝင်စားတယ်၊ ခင်ဗျားတို့ အခြားဟာတွေ အကြံပေးချင် နောက်မှ ပေး” ၊ ဤသည်က မင်းအောင်လှိုင်၏ ခံယူချက်ပင် ဖြစ်သည်။

 

ဤသို့ဖြင့် မင်းအောင်လှိုင်သည် နွေဦး တော်လှန်ရေး ကြီး အလျှင်အမြန် အောင်မြင်ရာ အောင်မြင်ကြောင်း ပံ့ပိုးပေးနေရှာသည့် ဒေါက်တိုင်ကြီး ဖြစ်မှန်း မသိ ဖြစ်လာခဲချေပြီ။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!