သက်သေ အထောက်အထားပေါင်း သုံးသန်းခန့် ရှိလာနေသော အကြမ်းဖက် စစ်တပ်၏ စစ်ရာဇဝတ်မှုများ

by Hla Soewai - Aug 11 2022

ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး အမှတ်တရ အဖြစ် ဂျင်ဇီး လူငယ်ကလေးများ၏ ထီးသပိတ်သည် ကမ္ဘာ ကျော်သွားခဲ့ရသလို နယူးယောက်၊ ပဲရစ်၊ ဖရန့်ဖွတ်၊ ကင်ဘာရာ အစရှိသည့် မြို့တော်ကြီးများတွင် အဝေး ရောက် မြန်မာများက ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ကာ မိမိတို့၏ ဒီမိုကရေစီ ရုန်းကန်နေမှုများသည် ၃၄ နှစ် ကြာလာသည့် တိုင် ပြီးဆုံးမှု မရှိသေးကြောင်း ကမ္ဘာကို ထုတ်ဖေါ် ပြသခဲ့ကြသည်။

 

ကုလ သမဂ္ဂမှ နိုင်ငံ အတွင်း စစ်ရာဇဝတ်မှုများ၊ အမျိုးသမီးများ နှင့် ကလေးများ အပေါ် ကျုးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု များ အတွက် ငြင်း၍ မရအောင် သက်သေ အထောက်အထား ပေါင်း “သုံးသန်း” ခန့် ရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ သုံးနှစ် အတွင်း စာရွက်စာတမ်းများ၊ ဗီဒီယို အထောက်အထားများ၊ အင်တာဗျုးများ၊ ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများ စုဆောင်းနိုင်ခဲ့၍ အဆုံးတွင် တရားဥပဒေအရ မဖြစ်မနေ အရေးယူ နိုင်တော့မည် ဖြစ်သည်၊ ၎င်းတို့ အဖို့ တရားဥပဒေ အဆုံးအမကို မလွဲမသွေ ခံကြရမည်ဟု အသိပေးလိုကြောင်း ကုလ ၏ မြန်မာနိုင်ငံ အတွက် ဖွဲ့စည်းပေးထားသော လွတ်လပ်သော စုံစမ်းရေး လုပ်ငန်းစဉ်အဖွဲ့ Independent Investigative Mechanism for Myanmar (IIMM) အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန် တင်သွင်းသော အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။

 

အဆိုပါ ရာဇဝတ်မှုများသည် လျော့ပါးသွားခြင်း မရှိပဲ တိုး၍ တိုး၍သာ ဖြစ်ပေါ်လာနေသည်ဟုလည်း အသိပေးလာခဲ့သည်။

 

ပြည်တွင်းတွင်လည်း ရသည့်နည်းပေါင်းစုံဖြင့် အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင်နေကြသည့် အရှိန် အဟုန်သည် လျော့ပါးသွားခြင်း မရှိဘဲ အရှိန်အဟုန် မြင့်တက်လာနေသဖြင့် အာဆီယံ အဖို့ မဖြစ်မနေ ဝင်ရောက် ဖြေရှင်း ပေးရန် တာစူလာသည့် လက္ခဏများကို ပြီးခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး ကြေညာချက်တွင် တွေ့လာရသည်ဟု ဘန်ကောက်ပို့ သတင်းစာ၌ မြန်မာ အရေး နှင့် ပတ်သက်၍ ဝါရင့် ဆောင်းပါးရှင် ကာဗီ ချောင်ကစ်တာဗွန်းက ယခုလို အချက် သုံးချက်နှင့် ထောက်ပြ သွားခဲ့သည်။

 

မင်းအောင်လှိုင်သည် အဆင်ခြင်မဲ့စွာ အာဆီယံ အစည်းအဝေး မတိုင်မီ တပတ်အလိုတွင် ဒီမိုကရေစီ အရေး တိုက်ပွဲဝင်နေသူ ပုဂ္ဂိုလ်လေးဦး အား ကြိုးပေး ကွပ်မျက်ခဲ့မှု သည် အာဆီယံ ဝန်ကြီးများ အဖို့ အထူး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြရပြီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်၊ ကိုရီးယား ကျွန်းဆွယ်၊ ယူကရိန်း အရေး များ၏ နောက်ကို ရောက်သွားသည်အထိ မြန်မာ အရေး အထူး ဦးစားပေး ဆွေးနွေးကြရသည့် အဆင့်ကို ရောက်ရှိခဲ့ရသည်။

 

သိသာထင်ရှားစွာ ထွက်ပေါ်လာရသည်မှာ ကြိုးပေးခဲ့မှု အတွက် အချို့ နိုင်ငံများမှ မြန်မာအား အဖွဲ့ကြီးမှ လုံးဝ ထုတ်ပယ်ခြင်း သို့မဟုတ် အသင်းဝင်အဖြစ်မှ လောလောဆယ် ရပ်ဆိုင်း ပြစ်သည်အထိ ပြုလုပ်လိုကြောင်း ပြောဆိုလာကြသည်။ မင်းအောင်လှိုင်၏ လုပ်ရပ်များကြောင့် အသင်းကြီး အဖို့ သိက္ခာ အကြီးအကျယ် ကျဆင်း သွားခဲ့ရပြီဟု ခံယူခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့အတွက် အာဆီယံ ခေါင်းဆောင်များ အားလုံးသည် ကျန်ရစ်သူ မိသားစုများ အတွက် “လွန်စွာ ဝမ်းနည်းကြောင်း” ကို အလွတ်သဘောနှင့် တညီတညွတ်တည်း ထုတ်ဖေါ် ပြောဆိုခဲ့ကြသည်။

 

ဖနွမ်းပင် တွင် မြန်မာနှင့် ပတ်သက်၍ ကြေညာချက်၌ ထည့်သွင်းရမည့် စကားလုံးများ အတွက် ညဥ့်နက်သည် အထိ ဆွေးနွေးခဲ့ကြရပြီး တရက် နောက်ကျမှ ထုတ်ပြန်နိုင်ခဲ့သည်။

 

ဒုတိယ အချက် အနေဖြင့် ၂၉ မျက်နှာပါသော ကြေညာချက်တွင် မိမိတို့၏ ဘုံသဘောတူညီချက် အပေါ် မြန်မာမှ လိုက်နာဆောင်ရွက်ခြင်း မရှိ ဆိုသည်ကို အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော် ဥက္ကဌ ဖြစ်သူ ဟွန်ဆန်က မင်းအောင်လှိုင်အား အာဆီယံ အသိုက်အဝန်းထဲ ပြန်ဆွဲသွင်းရန် စိတ် မလျော့သေးပေ။

 

တတိယ အချက်သည် မြန်မာ အဖို့ ယခုအတိုင်း ဆက်သွားနေမည် ဆိုက နောက်ထပ် ၉၅ ရက်သာ ကျန်ရှိသည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ဆုံးဖြတ်ချက် အသစ်များ မဖြစ်မနေ ချမှတ်ရတော့မည် ဖြစ်သည်။ ထိုအချက်ကို အကြိတ်အနယ် ဆွေးနွေးပြီး သဘောတူခဲ့ကြခြင်း ဖြစ်သည်။ တိုးတက်မှု ရှိမှသာ ထိပ်သီး ဆွေးနွေးပွဲသို့ မင်းအောင်လှိုင်ကို ခေါ်ယူမည် ဖြစ်သည်ဟု သိရသည်။

 

ယခုအချိန်မှစ၍ အာဆီယံ ဥက္ကဌ အသစ် ဖြစ်လာမည့် အင်ဒိုနီးရှား နှင့် မလေးရှား မှ မြန်မာ အရေး အား ရှေ့ဆုံးမှ ပြောဆို နေသည့် မလေးရှား တို့၏ သုံးသပ်ချက်သည် လွန်စွာ အရေးပါသော အနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံ စလုံးက အမျိုးသား ညီညွတ်ရေး အစိုးရအား နေရာပေးရန် လိုလားလျှက် ရှိနေပြီး မလေးရှားက NUG နှင့် လူသိရှင်ကြား တွေ့ဆုံခဲ့ပြီးဖြစ်သည်။ မြန်မာသည် ယခုပုံစံ အတိုင်း ဆက်သွား နေမည် ဆိုလျှင် NUG အား ဂျကာတာ တွင် ရုံးဖွင့်ခွင့် ပြုသည့်အဆင့် အထိ ရောက်ရှိလာမည် ဖြစ်ပေသည်။ ဖီလစ်ပိုင် သည်လည်း ထိုသို့ ပြုလုပ်ရန် တာစူလာပြီ ဖြစ်သည်။

 

တဖက်တွင် CLVT ဟု ခေါ်သည့် မြန်မာနှင့် နယ်နမိတ် ထိစပ်နေသော ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယား တို့မှ စစ်ကောင်စီ နှင့် ဆက်လက် ဆက်ဆံလိုကြသည်။ အလားတူ အိန္ဒိယ၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ်လည်း ထိုကဲ့သို့ ခံယူထားကြသည်။

 

စစ်ကောင်စီသည် နိုင်ငံတွင်း အခြေအနေများ မတည်ငြိမ်သေး၍ ဟု အမြဲလို အကြောင်းပြခဲ့သည်။ ထို့အတွက် ထိုင်း နိုင်ငံ အနေဖြင့် အာဆီယံ အထူး သံတမန်၏ လုပ်ငန်းများ အောင်မြင်ရေး အတွက် ကြားမှ အောင်သွယ် ပေးရန် လိုအပ်နေကြောင်း သတင်းစာက ထောက်ပြခဲ့သည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နာရီပိုင်း အကြာတွင် ထိုင်း ဝန်ကြီးချုပ် ပရာရွတ်ထံ စာရေးပြီး ထောက်ခံမှု ပေးရန် တောင်းဆိုခဲ့သည်ကို ကြည့်ကာ ထိုင်း အနေဖြင့် ပြောရေးဆိုခွင့် ရထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

လာမည့် လ အစောပိုင်းတွင် အာဆီယံ အထူး သံတမန်သည် မြန်မာသို့ ရောက်လာဖို့ ရှိနေပြီး ဒီတကြိမ်တွင်တော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရလိမ့်မည်ဟု မျှော်လင့်နေသည်။ အာဆီယံ၏ ကြေညာချက်တွင်လည်း ဒေါက်တာ ရှောင်တန်းနဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဟွန်ဆန်၏ ကြိုးပမ်းခဲ့မှု ကိုလည်း အသိအမှတ်ပြုကြောင်း ပါရှိခဲ့သည်။

 

နောက်လာမည့် ဆယ်ပတ် အတွင်း မြန်မာ၏ အနာဂတ်သည် အာဆီယံ အပေါ် မူတည်လာပြီ ဖြစ်သည်။ အာဆီယံ၏ ၅၅ နှစ်ကြာ သမိုင်းတွင် ထိုကဲ့သို့ ခေါင်းဆောင်များက အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ အား မဖြစ်မနေ လိုက်နာရန် စည်းကမ်းချက် များ သတ်မှတ်ပေးခြင်းမျိုး မရှိခဲ့ဘူးပေ။

 

ယခုအခါ အာဆီယံ အပေါ် ယုံကြည်မှု ရှိလာရေး၊ စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသနိုင်ရေး တို့သည် မြန်မာ ကဲ့သို့ အပယ်ခံ နိုင်ငံ အပေါ် မည်သို့မည်ပုံ ကိုင်တွယ်သွားမည် ဆိုသည့် အပေါ် မူတည်နေပြီ ဖြစ်သည်ဟု သတင်းစာ က ဆိုသည်။

 

လက်ရှိတွင် မြန်မာ ငွေတန်ဖိုး ဆက်တိုက်ဆိုသလို ကျဆင်းနေကာ ယခင်ကလို ဆေးမြီးတို ကုထုံးဖြင့် ဒေါ်လာများ ထုတ်ရောင်းနိုင်ခြင်း မရှိတော့သဖြင့် ဒေါ်လာ‌ဈေးကို မြှင့်၍ သတ်မှတ်‌ပေးလာရပြီ ဖြစ်သည်။

 

ရုရှား၏ လက်နက်ကြွေးပူများ ဆပ်ရန် မှာ အရေးတကြီး လိုအပ်လာနေပြီ ဖြစ်၍ စက်သုံးဆီ တင်သွင်းနေမှုကို လျော့ချတော့မည်ဟု မင်းအောင်လှိုင်က ထုတ်ပြောလာလေသည်။ ကြွေးဟောင်း မဆပ်လျှင် ကြွေးသစ် ကို မည်သူက ပေးပေ ဦးမည်နည်း။

 

မင်းအောင်လှိုင်နှင့် အဖွဲ့သည် လက်နက်အားကိုး ဖြင့် တိုင်းပြည်ကို ထိန်းချုပ်ထား နိုင်သည့် အဆင့်မျိုးသာ ရှိပေတော့၍ သက်ဆိုးရှည်ဖို့ တရက် ပြီး တရက် လက်ချိုးကာ ဖြတ်ကျော်နေရပြီ ဖြစ်သည်။ ထိုသို့သော ပုံစံဖြင့် သက်ဆိုးရှည်ခဲ့သည့် အဖွဲ့မျိုး ကမ္ဘာပေါ်တွင် ရှိခဲ့ဖူးပါ၏လော။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!