ထရန့် အိမ်တော် ဝင်ရောက် ရှာဖွေမှု ကြောင့် နိုင်ငံရေး မုန်တိုင်းကြီး တိုက်ခတ်လာနိုင်သလော

by Hla Soewai - Aug 11 2022

ဖလော်ရီဒါရှိ သမ္မတဟောင်း ‌ဒေါ်နယ်ထရန့်၏ မာရာလာဂို စံအိမ်တော်ကြီးအား ဩဂုတ်လ ၈ ရက်‌ နေ့တွင် အက်ဘီအိုင်မှ ဝင်ရောက်ရှာဖွေခဲ့မှုသည် ထရန့်အပေါ် စုံစမ်း အရေးယူနေမှုသည့် ပေါ့ပေါ့တန်တန် လုပ်နေခြင်း မဟုတ် ဆိုသည်ကို မီးမောင်းထိုးပြလာခဲ့သည်။

 

အမေရိကန် သမ္မတ အဖြစ် နောက်တကြိမ် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းကြီးနေသော ယခင် သမ္မတဟောင်း နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့မှုကြီးသည် အမေရိကန် သမိုင်းတွင် မကြုံစဖူး ဖြစ်ရပ်ကြီး ‌ဖြစ်လာခဲ့သည့်အပြင် ထရန့် နှင့် သူ၏ ထောက်ခံသူများ ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ကြသည် နှင့် အမျှ နိုင်ငံရေး တွင် အကျိုးအမြတ် ထွက်အောင် ကြိုးပမ်းလာခဲ့ကြသည်။

 

ထရန့် ရာထူးမှ ဆင်းပေးပြီးနောက်တွင် အိမ်ဖြူတော်မှ တရားမဝင် တပါတည်း သယ်ဆောင်သွားသည့် စာရွက်စာတမ်း များအား ပြန်လည် သိမ်းဆည်းရန် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်ပုံရသည်ဟု ယူဆခဲ့ကြသည်။ ယခု ဝင်ရောက် ရှာဖွေမှုသည် ၂၀၂၀ ရွေးကောက်ပွဲ အရေးနိမ့်သွားခဲ့ရမှု ပျက်ပြားသွားစေရန် ကြိုးပမ်းခဲ့မှု အတွက် တရားရေး ဝန်ကြီးဌာန Department of Justice (DOJ) မှ စုံစမ်းစစ်ဆေးနေမှုများ၊ နယူးယောက်ရှိ ၎င်း၏ စီးပွားရေး လုပ်ငန်းများ အပေါ် စွဲဆိုထားသော တရားမ မှုများ နှင့် ဂျော်ဂျီယာ ပြည်နယ်တွင် ကျုးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရွေးကောက်ပွဲ မသမာမှုများ နှင့် ဆက်စပ်ခြင်း မရှိသည့် သီးခြားဖြစ်စဉ် တရပ်လည်း ဖြစ်သည်။

 

၂၀၁၇ ခုနှစ် အတွင်း ထရန့် ခန့်အပ်ခဲ့သည့် အက်ဘီအိုင် အကြီးအကဲ ခရစ်စတိုဖာ ဝရေး နှင့် DOJ တို့မှ ဝင်ရောက်ရှာဖွေ ခဲ့မှု နှင့် ပတ်သက်၍ တလုံးတပါဒ မျှ ပြောကြားခြင်း မရှိသေးသော်လည်း သတင်း အချက်အလက်များကို ထရန့် နှင့် ၎င်းနှင့် နီးစပ်သူများထံမှသာ ကြားသိနေရသည်။

 

အက်ဘီအိုင်မှ ဝင်ရောက်ရှာဖွေချိန်တွင် ထရန့်သည် နယူးယောက်တွင် ရှိနေပြီး သားဖြစ်သူ အဲရစ် မှ လှမ်း အသိပေးခဲ့၍သာ အကြောင်းစုံ သိသွားခဲ့ရခြင်း ဖြစ်သည်။

 

အက်ဘီအိုင်သည် ရှာဖွေဝရမ်း ကိုင်ဆောင်ပြီး ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး မီးခံသေတ္တာကိုပါ ရိုက်ဖွင့်၍ ရှာသွားသည်ဟု သိရသည်။

 

ဥပ‌ဒေ ကြောင်းအရ အမျိုးသား မော်ကွန်းတိုက်သို့ လွှဲပြောင်းပေးရန် ရှိနေသော စက္ကူသေတ္တာ ၁၅ သေတ္တာခန့်ရှိ စာရွက်စာတမ်းများ ပျောက်ဆုံးနေမှု ကို အက်ဘီအိုင်မှ ထောက်လှန်းနေခဲ့သည်မှာ လပေါင်းများစွာ ရှိနေပြီး ဖြစ်သည်။

 

၁၉၇၈ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော သမ္မတ မှတ်တမ်း မှတ်ရာများ ဆိုင်ရာ အက်ဥပဒေအရ မှတ်စု စာရွက်၊ အီးမေး၊ မီမို နှင့် စာရွက်စာတမ်း မှန်သမျှ ကို သမ္မတ သည် အိမ်ဖြူတော်မှ မထွက်ခွာမီ အမျိုးသား မော်ကွန်းတိုက်သို့ လွှဲပြောင်းပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ ယင်းနှင့် ဆက်စပ်ဥပဒေများ ဖြစ်သည့် စာရွက်စာတမ်းများအား ဖျက်ဆီးပစ်ခြင်း၊ ဖုံးကွယ်ထားခြင်း များ အတွက် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

 

ထရန့် အိမ်အထိ ရှာဖွေရန် DOJ မှ ဆုံးဖြတ်ခဲ့ခြင်းသည် ၎င်းတို့ စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံး အဆင့်သို့ ရောက်နေပြီကို ခန့်မှန်း၍ ရနေသည်။ သမ္မတ ဟောင်း တယောက်၏ အိမ်တော်အား ဝင်ရောက်ရှာဖွေ ပိုင်ခွင့် ဝရမ်းအား မည်သည့် တရားသူကြီးမှ အလွယ်တကူ လက်မှတ် ထိုးပေးရဲမည် မဟုတ်ပေ။ ယခု အမှုသည် ရာဇဝတ်မှု ကျုးလွန်နေကြောင်း မငြင်း နိုင်သော အထောက်အထားများ တွေ့လာရ၍သာ ထိုးပေးလိုက်ခြင်း ဖြစ်ပေမည်။

 

DOJ သည် ပြုလုပ်နေကျ အတိုင်း စာရွက်စာတမ်းများကို ရုံးတော်သို့ လာရောက် အပ်နှံရန် သဗ္ဗာန်စာ ဆင့်ခေါ်၍ ရသော်လည်း ထိုသို့ ပြုလုပ်ပါက ထရန့်သည် သူ့တွင် မရှိဟု ငြင်းဆိုကာ အစဖျောက်ပစ်မည်ကို စိုးရိမ်၍ လျပ်တပျက် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။

 

ထိုသို့ သမိုင်းတွင် အစဉ်အလာ မရှိခဲ့ဘူးသည့် လုပ်ရပ်မျိုး ကို အက်ဘီအိုင် နှင့် DOJ တို့က ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့ကြမည် မဟုတ်သည်က ကြိမ်းသေနေပေသည်။

 

ထိုသို့ ဝင်ရောက် ရှာဖွေခဲ့သည့်အတွက် နောက်ဆုံးတွင် ထရန့်အပေါ် ကြိမ်းသေပေါက် စွဲချက်တင်လာလိမ့်မည်ဟုတော့ ယူဆ၍ မရပေ။

 

ထရန့် လိုလားသော Fox News ကဲ့သို့ သတင်းဌာနများကမူ ထရန့် ပြောစကားဖြစ်သည့် "ချွတ်ခြုံကျနေသော တတိယ ကမ္ဘာ နိုင်ငံမျိုး တွင်သာ ဖြစ်တတ်သည်မျိုး လာဖြစ်နေသည်" ဆိုသော စကားများကို အကျယ့်တဝင့် ဖေါ်ပြနေကြသည်။

 

အင်တာနက်ပေါ်ရှိ ထရန့်လိုလားသော ဖိုရမ်များတွင်မူ "လက်နက်စွဲကိုင်၍ ပြည်တွင်းစစ်ကြီး ဆင်နွဲကြလော့' ဟု နှိုးဆော်နေကြသော်လည်း ဒါဇင် အနည်းငယ်မျှသာ ရှိသော လက်နက်မဲ့ လူများ မာ လာဂို ရှေ့တွင် လာရောက်စုရုံးကြသည်မှ အပ ထူးထူးခြားခြား မတွေ့ခဲ့ရပေ။

 

ရီပတ်ဘလီကင် အမတ်များကမူ ဒေါသတကြီး တုန့်ပြန်ခဲ့ကြပြီး အက်ဘီအိုင် ကို ဖျက်သိမ်းပစ်ရန်ပင် လက်ယာ အစွန်းရောက် အမတ်အချို့က တောင်းဆိုလာခဲ့ကြသည်။

 

ဆီးနိတ်ရှိ ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနယ် မှ သိသိသာသာ နှုတ်ဆိတ်နေပြီး နောက်မှ DOJ အနေဖြင့် ထိုကိစ္စ အပေါ် ချက်ခြင်း လက်ငင်း ဖြေရှင်းချက် ထုတ်ပြန်ရန် ပြောလာခဲ့သည်။

 

သို့သော် DOJ သည် ၎င်းတို့ လုပ်ထုံးလုပ်နည်း အတိုင်း တရားဝင် စွဲချက်မတင်မချင်း ရေငုံနှုတ်ပိတ်နေမည်သာ ဖြစ်သည်။

 

ရီပတ်ဘလီကင်များက အမေရိကန် တရားရေး ဌာနသည် ပါတီစွဲ ကင်းရှင်းခြင်း မရှိဟု တိုက်ခိုက်လာကြတော့မည် ဖြစ်သည်။

 

DOJ သည် ထိုသို့ နိုင်ငံရေး မုန်တိုင်းထန်သွားနိုင်သည့် အဖြစ်မျိုးကို ရှောင်ရှားလိုသော်လည်း မျှော်မှန်းသလို ဖြစ်မလာခဲ့ပေ။ သို့သော်လည်း ‌ဖလော်ရီဒါရှိ မစ္စတာ ထရန့် ၏ အိမ်တော်ထဲတွင် ရာဇဝတ်မှု ကျုးလွန်ထားသည့် အထောက်အထားများက သံသယ ရှိမှု အဆင့်ထက်ပင် ကျော်လွန်နေ၍လည်း မတတ်သာပဲ လုပ်ခဲ့ရခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

 

သို့သော် အောက်လွှတ်တော်ရှိ ဝါရင့် ရီပတ်ဘလီကင် အမတ် ကယ်ဗင် မက္ကာသီ မှ သက်တမ်းလယ် ရွေးကောက်ပွဲ အပြီး မိမိတို့ပါတီသည် အောက်လွှတ်တော်တွင် လူများစု ဖြစ်လာပါက တရားရေဌာနအပေါ် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်သွားမည်ဟု ကြုံးဝါးလိုက်သည်။

 

လောလောဆယ်တွင် ထိုဖြစ်ရပ် အပေါ် အခွင့်အရေး တရပ် အဖြစ် အသုံးချသည့် အနေဖြင့် ရီပတ်ဘလီကင် ဗဟို ကော်မတီ မှ "Stop Joe Biden" ခေါင်းစဉ် ဖြင့် ရံပုံငွေ ရှာရန် အင်တာနက် တွင် winred ဝက်ဆိုဒ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

နောက်ဆုံးရရှိသော သတင်းအရ ဗဟိုတရားသူကြီး မှ ဒေါ်နယ် ထရန့်၏ အခွန် တင်သွင်းသည့် စာရွက်စာတမ်းများကို အောက်လွှတ်တော် အနေဖြင့် တောင်းယူပိုင်ခွင့် ရှိသည်ဟု စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

 

(၂၀၂၂ ဩဂုတ်လ ၉ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ "An FBI raid on Donald Trump's home ignites a political firestorm" မှ ကောက်နှုတ် တင်ပြသည်)