ပလိုစီ ကြောင့် အကျပ်ရိုက်နေသော ရှီ

by Hla Soewai - Aug 08 2022

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ မစ္စက် နန်စီ ပလိုစီသည် တိုင်ဝမ်သို့ သွားဖို့ စဉ်းစားနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာစဉ် မှာပင် "သွားရဲ သွားကြည့်၊ တွေ့ကြသေးတာပေါ့" ဟု တရုတ် နိုင်ငံခြားရေး ဌာန အရာရှိတဦးက ကြိမ်းဝါးခဲ့သလို ကာကွယ်ရေး ဝန်ကြီးဌာနမှ "မိမိတို့ တပ်များ အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်" ဟု ခြိမ်းချောက်ခဲ့ပြန်သည်။ သမ္မတ ရှီကျင်ပင့်ကလည်း သမ္မတ ဘိုင်ဒင် နှင့် အွန်လိုင်းမှ ဆွေးနွေးရာတွင် "မီးနှင့် ကစားသူ သည် မီးကြောင့် သေဆုံးရတတ်သည်" ဟု ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။

 

အဆိုပါ စကားများကို ကြားထားပြီး ဖြစ်သော တရုတ် အမျိုးသားရေး သမားများသည် မစ္စက် ပလိုစီ ပါလာသော လေယာဉ်သာ တိုင်ဝမ်ကို ချည်းကပ်လာခဲ့လျှင် မိမိတို့ဖက်မှ ကြိမ်းသေပေါက် ပစ်ချ လိမ့်မည်ဟု အတွေးဖြင့် အားတက်နေခဲ့ကြသည်။

 

သို့သော်လည်း သူမ၏ လေယာဉ်သည် အနှောက်အယှက် တစုံတရာ မရှိပဲ ဩဂုတ်လ ၂ ရက်နေ့တွင် တိုင်ဝမ်သို့ ဆင်းသက်နိုင်ခဲ့သည်၊ တိုင်ဝမ်တွင် ရှိနေသည့် ၂၄ နာရီ အတွင်း တိုင်ဝမ် နိုင်ငံရေး သမားများ၊ ပြည်မကြီးမှ ရောက်ရှိနေသော တရုတ် အစိုးရ ဆန့်ကျင်သူများ နှင့် ‌တွေ့ဆုံနိုင်ခဲ့သည်။

 

သူမ ပြန်လည် ထွက်ခွာပြီး နောက် တွင် တရုတ်တို့ဖက်မှ တိုင်ဝမ်ကို ဖြတ်ပြီး ပထမဆုံး အကြိမ်အဖြစ် ဒုံးကျည်များ ပစ်လွှတ်လာခဲ့သည်။ စစ်သင်္ဘောများ နှင့် လေယာဉ်များသည် တိုင်ဝမ်ရေလက်ကြား အလယ်တွင် နယ်နမိတ်သဖွယ် ပိုင်းခြားထားသည့် မျဉ်းကို ဖြတ်ကျော်လာခဲ့ကြသည်။ တိုင်ဝမ်ကျွန်းအား ပိတ်ဆို့ထားနိုင်ရေး အတွက် ကျွန်းပတ်ပတ်လည် တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခဲ့သည်။ (တရုတ်တို့ ၏ နည်းဗျူဟာ ကို အမေရိကန် ဖက်က ကောင်းစွာ လေ့လာခွင့် ရရှိသွားခဲ့သည်)

 

ထို့ပြင် တိုင်ဝမ်အား စီးပွားရေး ဒဏ်ခတ်မှုများ ပြုလုပ်လာပြီး အမေရိကန် နှင့် စစ်ဖက် ဆက်ဆံရေး အပါအဝင် အတော်များများ ကို ရပ်ဆိုင်းပစ်ခဲ့သည်။

 

သို့သော် ထင်သလို ဖြစ်မလာ၍ တရုတ် အမျိုးသားရေး ဝါဒီများ မကျေမနပ် ဖြစ်ခဲ့ကြသည်။ ရပ်ကွက်ထဲရှိ ‌ကိုဗစ် အတွက် အသွားအလာ ကန့်သတ်မှု များ စောင့်ကြည့် နေသည့် ကော်မတီ လောက်တောင် နိုင်ငံခြားရေး ဝန်ကြီးဌာန အား လေးစားမှု မရှိဟုပြောလာကြသည်။

 

ရှီ အတွက် အတော်အကျပ်ရိုက်လာခဲ့ရသည်၊ သူ့အား အစဉ်အလာကို ဖေါက်ဖျက်ပြီး တတိယ သက်တမ်း အတွက် အတည်ပြုပေးမည့် ပြည်လုံးကျွတ် ကွန်မြူနစ် ပါတီ ညီလာခံကြီး ကျင်းပရန် လအနည်းငယ်သာ လိုတော့သည့် အချိန်လည်း ဖြစ်နေသည်။

 

အစဉ်အလာ ရှိခဲ့သည့် အတိုင်းဆိုက ယခုလ အတွင်း ပါတီ ထိတ်တန်း ခေါင်းဆောင်ပိုင်းသည် ဗေဒါဟီ အပန်းဖြေစခန်း မြို့တွင် အကြို ဆွေးနွေးကြဖို့ ရှိနေသည်။ ဆွေးနွေး ဖြစ်သည် မဖြစ်သည် ဖြစ်စေ ရှီ အား ထိတ်ပိုင်းတွင် မည်သူတွေ ဝိုင်းရံပေးမည်၊ တိုင်ဝမ် ပြန်လည် ပေါင်းစည်းရေး အပါအဝင် ရှေ့နှစ်များ တွင် ဦးစားပေး လုပ်သွားရမည် များ နှင့် စပ်လျင်းပြီး အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရဖို့ ရှိနေသည်။

 

ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာသည့် နှစ်တရာပြည့် ၂၀၄၉ တွင် "တရုတ်ပြည် ပြန်လည် ရှင်သန်လာခြင်း" ဆိုသည့် ရည်မှန်းချက် နှင့် ဆက်စပ်နေရမည်လည်း ဖြစ်သည်။

 

ယခု နှစ်ဆန်းပိုင်း လောက်ကစ၍ ပါတီ ထိတ်ပိုင်းတွင် ရှီအား ဆန့်ကျင်နေကြသည့် အတိုင်းအတာ အပေါ် ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လာနေသည်။ ထိုအနေအထားများသည် ၎င်း၏ အာဏာ ဆက်လက်တည်မြဲရေး အပေါ် ရိုက်ခတ်လာနိုင်ဖွယ် ရှိနေသည်။

 

သို့သော် ထူးထူးခြားခြား အနှောက်အယှက် ပေးလာနိုင်သည် အထိတော့ ဖြစ်လာနိုင်စရာ မရှိပေ။ သို့သော် ရှီသည် ပြည်နယ်များရှိ ပါတီအကြီးအကဲများ နှင့် စစ်တပ်၏ အခိုင်အမာ ထောက်ခံမှု မရှိက ရှေ့လျောက် ထိထိရောက်ရောက် အုပ်ချုပ်သွားနိုင်မည် မဟုတ်ပေ။ ပလ္လင်ပေါ်တွင်သာ ခပ်ကုပ်ကုပ်ကလေး ဆက်ထိုင်နေရဖို့ ရှိပြီး မူဝါဒ ပိုင်းဆိုင်ရာ အစီအမံများကိုလည်း တွန်းတွန်းတိုက်တိုက် ပြောနိုင် ဆိုနိုင်တော့မည် မဟုတ် ဟု အမေရိကန် ရှိ မဟာဗျုဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ မှ Jude Blanchette က ထောက်ပြခဲ့သည်။

 

ရှီ သည် သူ၏ အနေအထား မလုံမခြုံဖြစ်လာပါက ရွေးချယ်ရဖို့ ရှိနေသည့် ပါတီ ဗဟိုကော်မတီ ဝင် ၃၀၀ အတွက် လိုက်လျောမှု များ လုပ်လာရဖို့ ရှိနေသည်။

 

တရုတ်သည် ယခုအခါ မကြုံဘူးအောင် အခက်အခဲများ ရင်ဆိုင်နေရပြီး ထိုအခက်အခဲများ သည်လည်း ရှီ ကိုယ်တိုင် ပြုလုပ်ခဲ့သည့် မူဝါဒများကြောင့် ဖြစ်လာရသည်ဟု Blanchette က ဆိုသည်။

 

ဇီးရိုး ကိုဗစ် ပေါ်လစီ ဆိုကာ လော့ဒေါင်းများ ပြုလုပ်ခြင်း၊ လူများအား အတင်းအကျပ် ဆေးစစ်ခိုင်းခြင်းများကြောင့် စီးပွားရေး တုန့်နှေးသွားခဲ့ရသည်။ ထိုကိစ္စ အပေါ် တရုတ် နိုင်ငံသား အတော်များများက မကျေမနပ် ဖြစ်လာခဲ့ကြသည်၊ တဖန် ရုရှား၏ ယူကရိန်းအား ကျုးကျော်မှု ကို ထောက်ခံခဲ့ပြန်သဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာခဲ့ပြန်သည်။

 

ထိုပြဿနာများ အပေါ် တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က တိုင်ဝမ် ပြဿနာ ပေါ်လာခဲ့ရခြင်းပင် ဖြစ်သည်။ ထိုအရေး ကို ကိုင်တွယ်ရာတွင် ရှီသည် သူ့အား ပျော့တော့တော့ ဟု မည်သို့မျှ အထင်မခံရအောင် လုပ်ပြဖို့ လိုအပ်နေသည်။ တဖက်တွင်လည်း တရုတ် စီးပွားရေး အား မတည်မငြိမ် ဖြစ်သွား နိုင်သည့် အမေရိကန် နှစ် စစ်ကြီး ဖြစ်မလာအောင်လည်း ချုပ်တီးရဖို့ ရှိနေပြန်သည်။

 

တရုတ်သည် မည်မျှပင် အင်အား ကြီးထွားလာနေသည် ဆိုငြားလည်း စစ်ဖြစ်လာပါက အမေရိကန်တို့ အောင်ပွဲခံသွားနိုင်သည့် အလားအလာများ ရှိနေသည်၊ ထိုသို့ ဖြစ်လာခဲ့သည် ရှိသော် ရှီ သာမက ပါတီ၏ အာဏာဆုပ်ကိုင်ထားမှုပါ အန္တရာယ်ကျရောက်လာနိုင်ပေသည်။

 

လက်ရှိ နန်စီ ပလိုစီ၏ တိုင်ဝမ် ခရီးစဉ်အပေါ် တရုတ်၏ တုန့်ပြန်မှုသည် အားရစရာ မရှိဟု ယူဆလာကြပြီ ဖြစ်သည်။ ရှီသည် အမေရိကန်ကို အံတုနိုင်ပြီး ကမ္ဘာအင်အားကြီး နိုင်ငံအဖြစ် တင်းပြည့်ကျပ်ပြည့် ရောက်အောင် ဖေါ်ဆောင်ပေးနိုင်မည့် ခေါင်းဆောင်အဖြစ် ပုံဖေါ်ရန် လိုအပ်နေသည်။ ဤသည်ကလည်း ပါတီ ကွန်ဂရက် အပြီးတွင် သူ့လူများကို အရေးပါသည့် နေရာများတွင် ခန့်ထားနိုင်ခြင်း ရှိမရှိ အပေါ် မူတည်နေသည်။

 

တိုင်ဝမ် နှင့် ပြန်လည် ပေါင်းစည်းရေးတွင် အပြောကြီးခဲ့မှု များက ရှီ အား ပြဿနာ ဖြစ်လာစရာ ရှိနေသည်။ "Wolf Warrior" ရုပ်ရှင်ဇာတ်လမ်းများ၊ အခြား စစ်သွေးကြွ ဝါဒ ဖြန့်ချီခဲ့မှုများကြောင့် တရုတ် အမျိုးသားရေး ဝါဒီ များသည် အမှန်တရား နှင့် ကင်းကွာသော အတွေးအခေါ်များ ကိန်းအောင်းလာနေခဲ့သည်။

 

လက်ရှိတွင် မစ္စက် ပလိုစီ ၏ အလည်အပတ် ခရီးစဉ် အပေါ် တရုတ်၏ တုန့်ပြန်မှု ကို ကြည့်ပြီး တိုင်ဝမ် နိုင်ငံသားများ အကြား အမုန်းတရားများ ပို၍ တိုးပွားလာအောင် ဖန်တီးပေးလိုက်ပြီး အမေရိကန် အား ထောက်ခံ လာကြတော့မည် ဖြစ်၍ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး အလားအလာ သည် ဝေးကွာသည်ထက် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

 

(ဩဂုတ်လ ၅ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် "The crisis over Taiwan is yet another test for Xi Jinping" ဆောင်းပါးအား ကောက်နှုတ်တင်ပြသည်။)