ရန်စလာခြင်းဟု အီးယူပြေ/ာ ဆူပါမင်း မဟုတ်/ အာဆီယံ ပန်းသေသွားသည့် အဖြစ်

by Hla Soewai - Aug 08 2022

အီးယူ၏ နိုင်ငံခြားရေးရာ ကိုယ်စားလှယ် ဂျိုးစက် ဘောရယ်မှ မြန်မာ အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်း အား ဖြေရှင်းရန် ရဲရင့် ပြတ်သားစွာ ကိုင်တွယ်သွားဖို့ လိုအပ်လာပြီ ဟု ဖနွမ်းပင်တွင် ယနေ့ ထုတ်ဖေါ် ပြောဆိုလာသည်။

 

ဒီမိုကရေစီ အရေး လှုပ်ရှားသူများအား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ ကြိုးပေး ကွပ်မျက်ခဲ့ခြင်းသည် “ရန်စမှု သက်သက်” ဖြစ်သည် မှာ ထင်ရှားသည်ဟု ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်၏ နိုင်ငံရေး နှင့် စီးပွားရေး အနေအထားများကို ပျက်စီးသည်ထက် ပျက်စီးအောင် လုပ်ဆောင်နေကြပြီ ဖြစ်၍ နိုင်ငံတကာ အနေဖြင့် မိမိတို့ တတ်နိုင်သမျှ နိုင်ငံရေး နှင့် စီးပွားရေး အင်အားများ ပုံအောပြီး ဖိအားပေးသွားဖို့ လိုလာနေကြောင်း ပြောဆိုသွားခဲ့သည်။

 

နိုင်ငံတကာ မှ ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော်တို့အား ကွပ်မျက်ခဲ့ခြင်းသည် အာဏာသိမ်း အဖွဲ့ အနေဖြင့် အကြီးမားဆုံး အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်ဟု ခံယူထားကြပြီး ဖြစ်သည်။

 

သူ သည် အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံပွဲကို တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်၊ မြန်မာ၊ ကိုရီးယား ကျွန်းဆွယ်၊ ယူကရိန်း နှင့် တိုင်ဝမ် ရေလက် ကြား ကိစ္စများကို အဓိက ဆွေးနွေးကြမည်ဟု သိရသည်။

 

အာဆီယံ အထူး သံတမန် အဖြစ် ခန့်အပ်ထားသော ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ အတွင်း အကျပ်အတည်း ကို ဆူပါမင်း ပင် ဖြေရှင်း၍မရဟု စနေနေ့က ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ ကမ္ဘောဒီးယားမှ ထိုသို့ အကျပ်အတည်း ဖြစ်လာသည့် အတွက် မိမိတို့မှ ကူညီပေးမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာယာ ဟာဆာရှီ မှ ဟွန်ဆန်အား ကတိပေးခဲ့သည်ဟု သိရသည်။ မည်သို့ ကူညီမည် ဆိုသည်ကိုကား အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။

 

အာဆီယံ၏ အဖြစ်သည် အကြောင်းအမျိုးမျိုးဖြင့် မည်သည့်ဖက်ကိုမျှ ပါဝင်စေခြင်း မရှိဘဲ ၎င်းတို့ဖာသာ စာရွက်ပေါ် ချရေးပြီး အဖြေထုတ်ရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်လာနေသည်။

 

ဤသည်ကို ရိပ်စားမိနေသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင် မှ NUG နှင့် NUCC တို့အား မြန်မာအရေး အဖြေရှာရန် ကြိုးပမ်း နေသည့် အာဆီယံ အစည်းအဝေးများ တွင် ပါဝင်ခွင့် ပေးရန် တောင်းဆိုခဲ့သည်။ ဤသည်မှာ ပွဲသိမ်းစေမည့် လုပ်ငန်းစဉ်များ အတွက် မရှိမဖြစ် လိုအပ်သည်ဟု ဆိုသည်။ ပွဲသိမ်းသည် ဆိုသည်မှာ ငြိမ်းချမ်းပြီး စည်းလုံ ညီညွတ်ကာ ကြွယ်ဝချမ်းသာ သည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာရေး နှင့် ပြည်သူများ အတွက် မြို့ပြ နှင့် နိုင်ငံရေး အခွင့်အရေး များ အာမခံပေးမည့် ပြည်သူ့ ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေး ပင် ဖြစ်ကြောင်း မလေးရှားက ခံယူသည် ဟုလည်း ဆိုသည်။

 

အချက် ငါးချက်နှင့် ပတ်သက်၍ တိုးတက်မှု မရရှိလျှင် မြန်မာ စစ်ဗိုလ်ချုပ်များအား လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ခွင့် ပြုမည်မဟုတ်ဟု အာဆီယံ ဝန်ကြီးများက တညီတညွတ်တည်း သဘောတူခဲ့ကြ သည်။ ထပ်မံပြီး ကွပ်မျက် မှုများ ပြုလာမည် ဆိုလျှင် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးဖို့ ရှိနေကြောင်း လည်း ဆိုသည်။

 

အာဆီယံ ပန်းသေသွားရသည့် ကိစ္စ ၏ တရားခံသည် ဟွန်ဆန် ကြောင့် ဖြစ်သည်ဟု ကမ္ဘောဒီယား အတိုက်အခံ ခေါင်းဆောင် ဆမ် ရိမ်းဆေး မှ Nikkei Asia Review တွင် ဆောင်းပါး ရေးသားလာခဲ့သည်။

 

ထို့အတွက် ၅၄ သန်းသော မြန်မာပြည်သူများ သည် ၎င်းတို့ ရင်ဆိုင်နေရသော ဒုက္ခများ အား အိမ်နီးချင်း နိုင်ငံများမှ ကူညီ ဖြေရှင်းပေးကြလိမ့်မည်ဟူသော မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်ဟု အစချီထားသည်။

 

ဤသည်ကလည်း ဟွန်ဆန်ကြောင့် အာဆီယံ လည်း လုပ်ရကိုင်ရ အခက်အခဲ ဖြစ်လာရ၍ ဖြစ်သည်။ ဟွန်ဆန်သည် ဒေသတွင်း ရှိ အာဏာရှင်တို့၏ ပွဲစား၊ ပြောရေးဆိုခွင့် ရှိသူ၊ ယုံကြည်ခံထားရသူ၊ လမ်းညွှန်ပေးနေသည့် ခေါင်းကိုင် ဆရာလည်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် ယခင် ဟွန်ဆန် ကျင့်သုံးခဲ့သည့် ဗျူဟာများ အတိုင်း ပြုမူနေကြသူများ ဖြစ်သည်။ မြန်မာ စစ်ခေါင်းဆောင်များအား ရဲဆေး တင်ပေးခဲ့သူ ဖြစ်သည့်အပြင် ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် စစ်ရေး ချဲ့ထွင်နေသည့် တရုတ်၏ အကျိုးစီးပွားကို ထမ်းရွက်ပေး‌နေသူ ဖြစ်ကြောင်းလည်း ပါရှိသည်။

 

ရုရှားသည်ပင် ဟွန်ဆန်လောက် မျက်နှာပြောင်တိုက်ကာ မြန်မာ အစိုးရအား အသိအမှတ်ပြုသည့် လုပ်ရပ်မျိုး မပေါ်လွင်အောင် ချုပ်တည်းနိုင်ခဲ့သည်ဟု လည်း ထောက်ပြသွားခဲ့သည်။

 

ဟွန်ဆန်သည် ၎င်း၏ သက်တမ်း ကုန်အောင် စောင့်နေသည့် အဆင့်သာ ရှိပြီး နောက်တက်လာသည့် လူမှ ရှင်းဖို့ ထားခဲ့လိုသူ ဖြစ်သည်။ အာဆီယံ အတွင်းရှိ အာဏာရှင် များသည်လည်း ၎င်းတို့ ဖက်လှည့်လာမည်စိုး၍ ပြည် တွင်းရေး ဝင်မစွက်ရ ဟူသော အာဆီယံ မူ ကို တတွတ်တွတ် ရွတ်ဆိုနေကြသည်ဟုလည်း ဆိုသည်။ သို့သော် မြန်မာ စစ်ဗိုလ်ချုပ်များ၏ အာဏာသိမ်းမှု သည် ၎င်းတို့ ၏ မိမိကိုယ် မိမိ လှည့်ဖျားနေမှုများ အား ဖေါ်ထုတ် ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

 

မင်းအောင်လှိုင်သည်လည်း အာဆီယံ ဥက္ကဌ ဖြစ်နေ၍သာ ဟွန်ဆန်တို့အား အရေးတယူ လုပ်ပြနေရသော်လည်း ဟွန်ဆန်ကိုယ်နှိုက်က သူ့လိုပင် အာဏာရှင် တပိုင်း ဖြစ်နေ၍ နိုင်ငံတကာတွင် ဩဇာ မရှိဆိုသည်ကို သိပြီး ဖြစ်သည်။ ထို့အတွက်လည်း ဟွန်ဆန် တောင်းပန်ခယ ခဲ့မှုများကို အရေးမလုပ်ခဲ့ခြင်း ဖြစ်သည်။ ကိုယ့်အကြောင်း ကိုယ်မသိသော ဟွန်ဆန်သည်သာ အရှက်ကွဲပြီးရင်း ကွဲနေရခြင်း ဖြစ်သည်။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး၏ အပြောကို ကြည့်က လက်ရှိ မြန်မာ တွင် ဖြစ်ပေါ်နေမှုများသည် ပြည်တွင်းစစ်ကြီး အနေအထား မရောက်သေးဟု ရှု့မြင်နေသည်မှာ ထင်ရှားသည်၊ သို့ဖြစ်၍ ပြည်တွင်းစစ်ကြီး ဖြစ်ရန်သို့ ဦးတည်နေပြီဟု ဆိုလိုခြင်း ဖြစ်ပေသည်။

 

တော်လှန်ရေး အင်အားစုများဖက်မှ တပ်ပေါင်းစု ဖွဲ့ကာ ထိုးစစ်ဆင်ခြင်း မျိုး ပြုလုပ်နိုင်ခြင်း မရှိသေးပဲ ဟိုတကွက်၊ ဒီတကွက် တိုက်နေကြသည့် အဆင့်မျိုးသာ ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်၍လည်း နောက် ၄ နှစ်၊ နှစ် ၂၀ ကြာသွားနိုင်သည်၊ ခန့်မှန်း၍ မရဟု ပြောခြင်းသာ ဖြစ်ပေသည်။ ထိုသို့ အပြောခံရသည်မှာလည်း မိမိတို့ ဖက်တွင်လည်း လက်နက်အင်အား မပြည့်စုံသည့် ချို့ယွင်းချက်များ၊ စည်းလုံးညီညွတ်မှု အားနည်းခြင်း တို့ မရှိမဟုတ် ရှိနေသည်။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တရားမဝင် အာဏာရယူထားသည့် အဖွဲ့အား တိုက်ခိုက်နေမှု ကို အခိုင်အမာ အကူအညီပေးကြပါရန် နှင့် အမျိုးသား ညီညွတ်ရေး အစိုးရအားလည်း ယခုထက် ပို၍ အသိအမှတ်ပြုရန် မြန်မာ အရေး နှင့် ပတ်သက်၍ Asia Society Policy Institute မှ ကမကထ ပြုလုပ်သော ညှိနှိုင်း ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!