မင်းအောင်လှိုင် အတွက် အာဆီယံ ၏ သုံးလ

by Hla Soewai - Aug 07 2022

ယနေ့ ထုတ်ပြန်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ ကြေညာချက်တွင် အားလုံး သဘောတူညီမှု ရရှိထားသော အချက် ငါးချက်အပေါ် မြန်မာဖက်မှ အကောင်အထည် ဖေါ်ရာတွင် မဆိုသလောက်သာ တိုးတက်မှု ရှိခဲ့၍ “လွန်စွာ စိတ်ပျက်မိကြောင်း” ပြစ်တင်ရှုတ်ချထားမှုကို ထည့်သွင်း ဖေါ်ပြလာခဲ့သည်။

 

ထို့အပြင် မြန်မာ စစ်ကောင်စီ မှ အချက် ငါးချက် ဖေါ်ဆောင်ရေး တွင် တိုးတက်မှု ရှိမရှိ ဆိုသည်ကို လာမည့် နိုဝင်ဘာ အာဆီယံ ထိပ်သီး စည်းဝေးပွဲတွင် သုံးသပ်ပြီး ရှေ့ဆက်လုပ်ရမည်များကို ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ဆိုသည်။ တနည်းအားဖြင့် အာဆီယံ မှ အချိန်သုံးလ သတ်မှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ 

 

အာဆီယံ၏ ပဋိညာဉ် စာတမ်း ပုဒ်မ (၂၀) အရ “လိုက်နာမှု မရှိ” ဆိုသည်ကို အသုံးချ၍ အရေးယူသွားရန် ရှိကြောင်း သွယ်ဝိုက် သတိပေးခဲ့ပြန်သည်။ ပုဒ်မ (၂၀) တွင် ထိပ်သီး တွေ့ဆုံပွဲ၏ ဘုံသဘောတူညီချက် ဆိုသည်ကို ကျော်လွှားနိုင်သော အခွင့်အာဏာရှိနေသည်။ (ပုံတွင် ဝဏ္ဏမောင်လွင် ထိုင်ရမည့် ခုံ ကို ပြသထားသည်)

 

မည်သို့ပင် ဆိုစေ အာဆီယံ ၏ ကြေညာချက်သည် မျှော်လင့်ထားသည်ထက် အားပျော့နေ၍ ရှေ့လျှောက် ဘုံရပ်တည်ချက် ငါးချက် သည် မြန်မာ ပြဿနာအား ဖြေရှင်းနိုင်တော့မည် မဟုတ်ဆိုသည်ကို နိုင်ငံတကာက သိရှိလာကြပြီ ဖြစ်သည်။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး မှ အစည်းအဝေး အပြီး ပြောဆိုရာတွင် မြန်မာပြည်သည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည့် အခြေအနေသို့ တိုးဝင်နေပြီ ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။ ထိုအနေအထားသည် ၄ နှစ် မှ အနှစ် ၂၀ အထိ လည်း ကြာသွားနိုင်သည်ပြီး မိမိအနေဖြင့် အကောင်းမြင်စရာ တကွက်မှ မရှိဟု ဆိုသည်။

 

မင်းအောင်လှိုင် အတွက် မူ ၎င်း၏ အာဏာတည်မြဲရေး အတွက် အနိုင်ရအောင် ရုန်းကန်နေရသူဖြစ်၍ အာဆီယံ မှ ထုတ်ပယ်သည်တိုင် ဂရုစိုက်နိုင်တော့မည် မဟုတ်၊ ၎င်းတို့ကိုပင် သခွပ်ပင် က မီးတကျီကျီဟု ပင် ယူဆနေလောက်ပြီ ဖြစ်သည်။ ဤသည်ကို မြန်မာ ပြည်သူ တရပ်လုံးက သဘောပေါက်ထားကြပြီး ဖြစ်သော်လည်း ပြဿနာကို ဖြေရှင်းရေးထက် အာဆီယံသည် ၎င်းတို့ ဂုဏ်သိက္ခာ မကျရေး ထွက်ပေါက် အဖြစ် အသုံးချနေခြင်းသာ ဖြစ်သည်။

 

အမေရိကန် အစိုးရသည် စစ်အာဏာသိမ်း အဖွဲ့၏ ခေါင်းမာစွာ တင်းခံနေမှု အား တုန့်ပြန်ရန် နိုင်ငံ အတွင်းရှိ စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့ ဒဏ်ခတ်မည့် အစီအစဉ်များကို လာမည့်လ အတွင်း ကြေညာဖို့ ရှိနေသည်ဟု အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောကြောင်း အမေရိကန် Foreign Policy မဂ္ဂဇင်း တွင် ဖေါ်ပြလာသည်။

 

ဇူလိုင် ၂၇ ရက်နေ့တွင် ကွန်ဂရက်ရှိ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆက်ဆံရေး ဥက္ကဌ ဂရီဂိုရီ မိစ် အပါအဝင် သမ္မတ ဂျိုးဘိုင်ဒင်၏ လွန်စွာ အားထားရသည့် ဝါရင့် ဥပဒေပြု အမတ်များ သည် တံခါးပိတ် အစည်းအဝေး ကျင်းပပြီး ထိုသို့ ပြုလုပ်ရန် အဘယ်ကြောင့် နှောင့်နှေးနေရသည် ကို အစိုးရ ဖက်မှ တာဝန်ရှိသူများအား မေးခွန်းထုတ်ကာ ဖိအားပေးခဲ့ကြ၍ ဖြစ်သည်ဟု ဆိုသည်။ 

 

ထိုအထဲတွင် အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ သံတမန် ဖြစ်သူ ဒင်နီယယ် ကရစ်တင်ဘရင့်ခ် လည်း ပါဝင်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေး နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အထက်တန်း အရာရှိကြီးများပါ တက်ရောက်ခဲ့ ကြပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိဟု သိရသည်။

 

ဝါရှင်တန် သည် ယခုထိ မြန်မာ ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း MOGE အား အရေးယူ ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းထားခဲ့ခြင်း မရှိသေးပေ။ အီးယူ မှ ဖေဖေါ်ဝါရီ လ ကတည်းက ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်သည်။ မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် MOGE တခုတည်းမှ ဒေါ်လာ တစ် ဘီလီယံ ခန့် ရရှိနေသည်။ အမေရိကန် အစိုးရ အရာရှိများက မြန်မာ ပြည်သူများ အနေဖြင့် မလိုလားအပ်သော ဆင်းရဲကျပ်တည်းမှုများ ကျရောက်လာမည် စိုးသောကြောင့်ဟု ပြောခဲ့ကြသည်။

 

သို့သော် မင်း‌အောင်လှိုင်၏ မဆင်မခြင် ဒီမိုကရေစီ အရေး ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများအား ကွပ်မျက်ခဲ့ ခြင်းကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်ဟု မဂ္ဂဇင်း က ဆိုသည်။ 

 

နောက်တရက် ဖြစ်သည့် ဇူလိုင် ၂၈ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ နက် ပရိုက်စ် ပြောခဲ့သည့် “အခြား မည်သည့်နည်းလမ်းများကို မဆို” သုံးစွဲသွားရန် ဆိုသည့် စကားအပေါ် မေးမြန်းခဲ့သည်များနှင့် ပတ်သက်၍ ၎င်းက ဖြေကြားရန် ငြင်းဆိုသွားခဲ့သည်။

 

အမေရိကန် သည် စစ်အာဏာသိမ်း အဖွဲ့၏ အဓိက ဝင်ငွေရရာ ရကြောင်း စွမ်းအင်ကဏ္ဍ အား အရေးယူ ပိတ်ဆို့ခြင်း အားဖြင့် ရုရှား၏ လက်နက်ရောင်းရာမှ ရနေသော ဝင်ငွေများကိုလည်း ပိတ်ဆို့ပြီးသား ဖြစ်သွားမည်ကို ရိပ်စားမိလာနေပြီ ဖြစ်သည်။ မြန်မာ စစ်တပ်၏ လက်နက်ဝယ်ယူမှုများက လေးပုံတပုံ သည် ရုရှားထံမှ ဖြစ်သည်။

 

နောက်တဆင့် အဖြစ် စင်္ကာပူ ဘဏ်များတွင် စစ်ဖက် အကြီးအကဲများ၏ အပ်နှံငွေများကို ထိန်းချုပ်ထားနိုင်ရေး အတွက် ဆက်လုပ်သွားရန် အမေရိကန် အမတ်များက တွန်းအားပေးလာကြဦးမည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ရုရှားလက်နက်များ ဖြင့် မိမိတို့ လွတ်လပ်ခွင့်များကို ချေမှုန်း၍ မရစေရဟု ကြွေးကြော်ထားခဲ့ပြီး ဖြစ်သည်။ ဇူလိုင် ၃၁ ရက်နေ့တွင် တိုကျို၌ NUG ကိုယ်စားလှယ် ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

 

စီးပွားရေး ဆက်လက် ကျဆင်းလာနေသည့် လက္ခဏာ တရပ်အဖြစ် ဗဟိုဘဏ်မှ ဒေါ်လာ နှင့် ကျပ်ငွေ လဲလှယ် နှုန်းအား ၁၈၅၀ မှ ၂၁၀၀ ကျပ်အထိ လျော့ချပေးလာပြန်သည်။ ၎င်းတို့ အဖို့က မြန်မာငွေစက္ကူများ လိုသလောက် ရိုက်နှိပ်ထုတ်ဝေနေကြခြင်း ဖြစ်၍ ဒေါ်လာ ရမည် ဆိုက မည်မျှ ပေးရ ပေးရ ပြဿနာမဟုတ်ဟု သတ်မှတ်ထားကြပြီးလည်း ဖြစ်သည်။ မကြာမီ အတောအတွင်း ဥဇဘက်ကစ္စတန် မှ ငွေစက္ကူရိုက်နှိပ်ရန် ကုန်ကြမ်းများ လေယာဉ် စီးလုံးပြည့် သယ်ဆောင်လာသော အီရန် လေယာဉ်သည် နေပြည်တော်သို့ ဆိုက်ရောက်လာဖို့ ရှိနေပေသည်။

 

မြန်မာတွင် ဘဏ်များ ကို အယုံအကြည် မရှိကြတော့၍ ငွေကို ဒီဂျစ်တယ် ဒေတာ များ ဖြင့် လည်ပတ်နေခြင်းမျိုး မဟုတ်တော့ပဲ ငွေစက္ကူများ သုံးကာ အရောင်းအဝယ် ပြုလုပ်နေကြသည့် အဆင့်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

 

စစ်ကောင်စီ အတွင်းရှိ ဝဏ္ဏမောင်လွင်ကဲ့သို့ အတွေ့အကြုံ ရှိသည့် နိုင်ငံခြားရေး နှင့် စီးပွားရေး မူဝါဒ ရေးဆွဲသူများသည် အခြေအနေ ကို လိမ္မာပါးနပ်စွာဖြင့် ရှေ့တိုးနောက်ဆုပ် ကိုင်တွယ်သွားလိုပုံရှိသော်ငြားလည်း မင်းအောင်လှိုင်အား မလွန်ဆန်နိုင်၍ ၎င်း၏ ဆင်ကန်းတောတိုး လုပ်ရပ်များ ကို မလွှဲမရှောင်သာ လိုက်နေရပုံ ရှိနေသည်။ ဤသည်ကလည်း တော်လှန်ရေး အင်အားစုများ အတွက် လွန်စွာ တပမ်းသာနေရသည်။

 

အကယ်၍ နောက်ပိုင်းတွင် မင်းအောင်လှိုင်အား ဖယ်ရှားပြီး ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားလာပါက တော်လှန်ရေး အင်အားစုများ အတွက် ပို၍ လုပ်ရကိုင်ရ ကျပ်တည်းလာနိုင်ပေသည်။

 

မနေ့က ဖေ့စ်ဘုတ်တွင် တွေ့ရသော ပို့စ်တခု ကို သဘောကျ၍ ပြန်လည် မျှဝေလိုက်ပါသည်။ ရေးထားသည်မှာ အမေရိကန် နိုင်ငံရေးသမား အမျိုးသမီးကြီးသည် လုံခြုံရေး အခြေအနေ စိတ်မချရသည့် ကြားမှ တိုင်ဝမ် ကို အရောက်သွားခဲ့သော်လည်း မြန်မာပြည်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဆိုသူကမူ လုံခြုံရေး အခြေအနေ စိတ်မချ ရ၍ ဆိုကာ ပူတာအို ခရီးစဉ်ကို ဖျက်သိမ်းပြီး လှည့်ပြန်လာခဲ့သည် ဟူ၍ ဖြစ်လေသတည်း။

 

There is no point guessing how a story will end. Keep turning the page until you reach the next chapter. – Unknown English Professor

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!