အကြွင်းမဲ့ အာဏာရှင် စနစ် နှင့် တန်ပြန် တော်လှန်ရေး (၃)
၁၉၃၃ နှစ်ဆန်းပိုင်း အရောက်တွင် ဂျာမန် အထက်တန်းလွှာ လူတန်းစားများပင် ဂျာမဏီ နိုင်ငံတော် ကြီးကျယ် မြင့်မြတ်စေရမည်ဟူသော ဟစ်တလာ၏ ကတိကစားများ တွင် ယစ်မူးလာနေကြပြီ ဖြစ်သည်။ ဂျာမန် သမ္မတ ပေါလ် ဟစ်ဒင်းဘတ်ခ် သည် နာဇီ ခေါင်းဆောင် ဟစ်တလာ အား အဓိပတိ အဖြစ် အမည်တင်သွင်းရန် သဘောတူလာခဲ့သည်။
ဟစ်တလာသည် အဓိပတိ အဖြစ် ခန့်အပ်ခံရပြီး တလ အတွင်းမှာပင် ရိုက်ခ်ျစတက် ပါလီမန် အဆောက်အအုံကြီးသည် သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် မီးစွဲလောင်သွားခဲ့ရသည်၊ ထို အဆောက်အအုံကြီးသည် ဂျာမန်တို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် များ ရရှိနေဆဲ ဖြစ်သည်ဆိုသည့် အထိမ်းအမှတ်တခု လည်း ဖြစ်ပေသည်။
Enabling Act ဆိုသည့် အကောင်အထည် ဖေါ်နိုင်ရေး အက်ဥပဒေကိုပြဠာန်းလာပြီး နိုင်ငံတော်၏ အရေးပေါ် ကိစ္စများကို လိုအပ်သလို ကိုင်တွယ် ဖြေရှင်းရန် ဆိုကာ ဟစ်တလာသည် သူတဦးတည်း ဆုံးဖြတ် လုပ်ပိုင်ခွင့် များ ရရှိသွားခဲ့သည်။ ကနဦးတွင် ယာယီ အပ်နှင်းခြင်းဟု ဆိုသော်လည်း နောက်ပိုင်း ၁၂ နှစ်လုံးလုံး ဟစ်တလာ အဖို့ ထင်တိုင်းကြဲခွင့် လက်မှတ် ရရှိသွားခဲ့ခြင်းပင် ဖြစ်ပေတော့သည်။
ဟစ်တလာသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီစုံစနစ်ဖြင့် အစိုးရ တရပ် ဖွဲ့စည်းရမည် ဆိုသည်ကို ရွံရှာမုန်းတီးခဲ့သူ ဖြစ်သည်။ အဓိပတိ ဖြစ်လာပြီး နောက်တွင် ဂျာမန်တို့၏ အာယန် သွေးသည် ကမ္ဘာကို လွှမ်းမိုး ချယ်လှယ်ရမည်ဟူသော သူ၏ အယူအဆ အား နိုင်ငံ အနှံ့ လှည်လည် ဟောပြောကာ ရိုက်သွင်းလာခဲ့သည်။
ထိုသို့ ဖြစ်လာအောင် အကောင်အထည် ဖေါ်နိုင်ရေး အတွက် တပါတီတည်းကသာ အဆင့်ဆင့် လက်ဆင့်ကမ်း အုပ်ချုပ်သွားရေး နှင့် ထိုပါတီအပေါ် လူထု၏ အကြွင်းမဲ့ သစ္စာရှိရှိ ဖြင့် ထောက်ခံသွားရေး လိုအပ်သည်ဟု ဟောပြောလာခဲ့ပြန်သည်။
ဟစ်တလာသည် ရုရှားတွင် ပေါ်ပေါက်လာသော ဘော်ရှီဗစ်ဝါဒ အပေါ် လူထု၏ ကြောက်ရွံ့လာနေမှုကို အခွင့်ကောင်း အဖြစ် အသုံးချကာ နိုင်ငံတွင်းရှိ ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ပါတီများကို ကိစ္စတုံး စီရင်လာခဲ့သည်။ ထို့နောက်တွင် သူ၏ မဟာမိတ်များ အဖြစ် ရပ်တည်ပေးခဲ့ကြသည့် နာဇီ မဟုတ်သော အမျိုးသားရေး ဝါဒီ များဖက် လှည့်လာခဲ့ပြန်သည်။ နောက်ဆုံးတွင် ကျန်ရှိနေသေးသော အတိုက်အခံများ ဖြစ်သည့် လစ်ဘရယ် နှင့် ရီပတ်ဘလီကင် ပါတီများ အပေါ် အာရုံစိုက်လာခဲ့သည်။
ဤသို့ဖြင့် ၁၉၃၃ ဇူလိုင်လ ၁၄ ရက်တွင် အမျိုးသား ဆိုရှယ်လစ် အလုပ်သမား ပါတီသည်သာ ဂျာမဏီတွင် တရားဝင် ရပ်တည်ခွင့်ရသည့် တခုတည်းသော ပါတီကြီး အဖြစ် ကျန်ခဲ့ပေတော့သည်။
ဟစ်တလာသည် သူတဦးတည်း ထင်တိုင်းကြဲခွင့် ရလာသည့် အခါတွင်တော့ အချိန်မဆိုင်းပဲ ဂျုးဆန့်ကျင်ရေး မူဝါဒကို ချမှတ်လာခဲ့သည်။ ထိုနှစ်တည်းမှာပင် ဂျုး လူမျိုး အားလုံးနှင့် "နိုင်ငံရေးအရ ယုံကြည်ကိုးစားခြင်း မခံရသူ" မှန်သမျှ အစိုးရ ဝန်ထမ်း အဖြစ်မှ ရပ်ဆိုင်းပစ်ခဲ့သည်။ ၁၉၃၅ တွင် နုရင်ဘတ် ဥပဒေကို ပြဋ္ဌာန်းပြီး ဂျာမန် ဂျုး မှန်သမျှ ကို နိုင်ငံသား အဖြစ် မှ ရုပ်သိမ်းခဲ့သည်။
ဆိုဗီယက် ယူနီယံ တွင်လည်း စတာလင်သည် ဟစ်တလာ ကဲ့သို့ပင် အချိန်မဆိုင်းပဲ တရားဝင် ရပ်တည်နေသော အတိုက်အခံ ပါတီများ အပေါ် ရှင်းလင်းပစ်ခဲ့သည်၊ လီနင် ရှိစဉ်ကတည်းကပင် ကွန်မြူနစ် မဟုတ်သော အဖွဲ့အစည်းများနှင့် ပါတီများအား မတရား အသင်း များ အဖြစ် သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် စတာလင်သည် ထိုမျှ နှင့် မလုံလောက်သေးဟု ခံယူလာပြီး သူ၏ တကိုယ်တော် အာဏာရှင်အဖြစ် အခိုင်အမာ ရပ်တည် သွားနိုင်ရန် မလိုလားအပ်သူများ နှင့် အုပ်စုများကို အတိုက်အခံများ အဖြစ် ပုံဖေါ်လာခဲ့သည်။ နောက်ဆုံးတွင် လူပေါင်း သန်းချီ၍ စတာလင်၏ သားကောင်ဘဝ ကျရောက်ခဲ့ရသည်။
၁၉၂၀ ကျော် အစောပိုင်း ကာလများအထိ ဆိုဗီယက် ကွန်မြူနစ် ပါတီဝင်များသည် မူဝါဒ များ အပေါ် အပြီးသတ် ဆုံးဖြတ်ချက် မကျမီ အထိ အကြိတ်အနယ် ဆွေးနွေး ပြောဆိုခွင့် ရခဲ့ကြသည်။ သို့သော် စတာလင် လက်ထက်တွင်တော့ ထိုကဲ့သို့သော အခွင့်အရေးများသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရတော့သည်။ သူ့ နှုတ်ထွက်စကားများသည်သာ ပါတီ၏ မူဝါဒ ဖြစ်လာခဲ့သည်။ "စတာလင် ညက ပြောခဲ့သည်များကို နောက်တနေ့ မနက်တွင် တလုံးမကျန် ပြန်ပြော နိုင်မှသာ ပါတီ အပေါ် သစ္စာရှိသူ ဖြစ်လာသည်" ဟု သမိုင်းပညာရှင် ဟာနန် အာရင့် က မှတ်ချက်ချခဲ့သည်။
ခေါင်းဆောင်တဦးတည်း ထံတွင် လုပ်ပိုင်ခွင့် အာဏာများ စုစည်းလာခြင်းသည် ဗဟိုချုပ်ကိုင်မှု ဖြစ်လာပြီး အကြွင်းမဲ့ အာဏာရှင်စနစ် ၏ သော့ချက် သဖွယ် ဖြစ်လာခဲ့သည်။ ခေါင်းဆောင် ဖြစ်သူသည် မူဝါဒ တခုကို ၎င်း၏ သဘောထား အဖြစ် ချပြလာလျှင် လက်အောက်ငယ်သားများသည် နိုင်ငံ ရေး အရ စစ်ကြောရမည့်အစား မိမိတို့၏ သစ္စာရှိမှုကို ပြသနိုင်ရန် ထိုမူဝါဒကိုပင် ဦးလည် မသုံ ထမ်းရွက်လာပေတော့သည်။
၁၉၃၀ ကျော် နှစ်များ၏ အစောပိုင်းကာလများတွင် ဆိုဗီယက် ယူနီယံတွင် စနစ်တကျ ဖွဲ့စည်းထားသည့်အတိုက်အခံ အဖွဲ့ ဆို၍ လက်ညိုးထိုးပြစရာ မရှိလောက်အောင် ရှားပါးလာသည်။ ထိုအခြေအနေ ဖြစ်လာသည်ကိုပင် စတာလင်သည် စိတ်မချနိုင်သေးပဲ နောက် ဆယ်စုနှစ် တခု အတွင်း လူ တသန်း နီးပါး ကို ဖြုတ်ထုတ်သတ် လုပ်လာခဲ့သည်။
စတာလင်သည် နိုင်ငံသားများအားလည်း သံသယ ရှိသူများ အား ဖေါ်ထုတ်ရန် ပြောလာသဖြင့် လူများသည်လည်း မိမိတို့ အပြစ်ကင်းကြောင်း ပြသနိုင်ရန် တဦးပေါ် တဦး ဦးအောင် လက်ညိုးထိုးလာခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံရေး ရန်သူများအား လုပ်ကြံ ဖန်တီးလာခဲ့ကြပြီး မရမက ဝန်ခံခိုင်းခဲ့ကြသည်။
စတာလင် ကိုယ်နှိုက်ကပင် "ဘော်ရှီဗစ် မှန်သမျှ ရန်သူ သည် မည်မျှပင် မျက်နှာဖုံး စွပ်ထားစေကာမူ ခွာချနိုင်စွမ်း ရှိရမည်" ဟု ပြောလာခဲ့သည်။ ဆိုလိုသည်ကတော့ ဘော်ရှီဗစ် ပီသရန် မရှိသည့် ရန်သူကို ရှာဖွေရဖို့ ဖြစ်လာသည်။
တော်လှန်ရေး စနစ် ဖြင့် ခြိမ်းချောက်မှုများကို ဖယ်ရှားခြင်း မဟုတ်တော့ပဲ ထိုအစား နိုင်ငံကို လုံးဝဥသုံ ထိန်းချုပ်ထားနိုင်ရေး အတွက် မတည်ငြိမ်မှု များ ကသောင်းကနင်းများ အဆက်မပြတ် ဖြစ်လာ နေရေး ဆီ ဦးတည်စေမည့် တော်လှန်ရေး ဆန့်ကျင်သည့် အလေ့အထများ ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။