နန်စီ ပလိုစီ ၏ တိုင်ဝမ် ခရီးစဉ်သည် အမေရိကန်၏ ဗလုံးဗထွေး မူဝါဒ အဖြစ် ဖေါ်ညွှန်းလျှက် ရှိ

by Hla Soewai - Aug 05 2022

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ မစ္စက် နန်စီ ပလိုစီသည် မလေးရှား မှတဆင့် တိုင်ဝမ် မြို့တော်သို့ ဒေသစံတော်ချိန် ည (၁၀) နာရီ (၃၀) မိနစ်တွင် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းကို အီကော်နောမစ် မဂ္ဂဇင်းကြီးမှ ဩဂုတ် (၂) ရက်နေ့ ထုတ် စာစောင်တွင် “Nancy Pelosi’s trip to Taiwan highlights America’s incoherent Strategy” ဆောင်းပါးကို ထုတ်နှုတ် တင်ပြထားသည်။

အမြင် (၁)

နန်စီ ပလိုစီ၏ တိုင်ဝမ် ခရီးစဉ်သည် အမေရိကန်မှ ၎င်းတို့ ခံယူထားချက်များကို ရဲတင်းစွာ ဖေါ်ကျူးလိုက်ခြင်း ဖြစ်သည်။ တရုတ်သည် တိုင်ဝမ် နှင့် သံတမန် ဆက်သွယ်လာသည့် နိုင်ငံများ အပေါ် အနိုင်ကျင့် ဗိုလ်ကျနေ သည်မှာ ကြာပြီ ဖြစ်သည်။ ထိုအထဲတွင် လူဦးရေ ၂.၆ သန်းသာ ရှိ လစ်သူယေးနီးယား နိုင်ငံငယ်လေးကို ပင် ချန်လှပ်မထားခဲ့ပေ။

ယခုအခါ ထိုသို့ အနိုင်ကျင့် ခြိမ်းခြောက်က်ခံရသူ ထဲတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ပင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ သူမသာ တိုင်ဝမ်ကို လာခဲ့လျှင် တရုတ် တပ်မတော် အနေနှင့် ဘာမှ မလုပ်ဘဲ ထိုင် ကြည့်နေမည် မဟုတ်ဟု ပြောလာခဲ့သည်။ နန်စီ ပလိုစီ အနေဖြင့် ထိုသို့ လုပ်ပိုင်ခွင့် ရှိနေသည်။ ၁၉၉၇ တွင် အောက်လွှတ်တော် ဥက္ကဌ ဖြစ်သူ နယူ ဂျင်ရစ်ချ်သည် အလားတူ သွားရောက်ခဲ့ပြီး လည်း ဖြစ်သည်။

အမြင် (၂)

ယခုလို သွားရောက်ခြင်းသည် အမေရိကန် ၏ တရုတ်အပေါ် ထားရှိနေသော မူဝါဒ ဗလုံးဗထွေး ဖြစ်နေမှုကို ဖေါ်ကျူးလိုက်ခြင်း ဖြစ်သည်။ တရုတ်သည် အမေရိကန် နှင့် ရေရှည် ယှဉ်ပြိုင်သွားရမည့် အရေးပါဆုံးသော ပြိုင်ဖက် တဦးလည်း ဖြစ်နေသည်။ ယခု ခရီးစဉ်သည် အမေရိကန် ၏ စွမ်းပကားကို ပြသရန် ရည်ရွယ်ခဲ့ သော်လည်း ထိုအစား ဘိုင်ဒင် အစိုးရ၏ မူဝါဒ ရေးရာ ရှုပ်ထွေးလာမှု နှင့် ဦးတည်ရာ ပျောက်နေသည်ကို ပြသ သလို ဖြစ်သွားခဲ့ရသည်။

ပြဿနာတခု က ခရီးစဉ်၏ တိုက်ဆိုင်လာခဲ့မှုပင် ဖြစ်သည်။ အမေရိကန် အနေဖြင့် မိမိ၏ အကျိုးစီးပွားကို ဂရုမူ တလေးတစား ရှိအောင် ပြသရန်၊ မိမိ၏ အခွင့်အရေးကို တွန်းတွန်းတိုက်တိုက် ဖေါ်ဆောင်ရန်၊ မိမိတို့ အလေး ထားသည့် တန်ဖိုး များကို ကာကွယ်ရန် ဖေါ်ဆောင်ရမည့် အချိန် က မရှိမဟုတ် ရှိနေသည်။ သို့သော်လည်း ထိုသို့ ဖေါ်ဆောင်ခဲ့ခြင်းသည် အန္တရာယ်များ နှင့် ရောပြွမ်းလာနိုင်သည့် အချိန်မျိုးကိုတော့ ဂရုတစိုက် ရွေးချယ် ရှောင်ရှား ရမည်သာ ဖြစ်သည်။

ယခုအချိန်သည် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင် အတွက် လုံးဝ အထိအခိုက် မခံနိုင်သော ကာလမျိုး ဖြစ်နေ သည်။ ကျင်းပရန် ပြင်ဆင်နေသော တရုတ် ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ပါတီခေါင်းဆောင် အဖြစ် တတိယ ငါးနှစ် သက်တမ်းကို ထပ်မံ ဆုတ်ကိုင်ထားနိုင်ရန် မျှော်လင့်နေသည်။ အစဉ်အလာ များကို ချိုးဖောက် ဖေါ် ဆောင်ခြင်းလည်း ဖြစ်နေ၍ ပါတီတွင်း စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။ ထိုအတွက် ရှီ သည် “အမျိုးသားရေး ဝါဒ” ဆိုသည်ကို မြေတောင်မြှောက်လာပြီး တိုင်ဝမ် နှင့် “ပြန်လည် ပေါင်းထုတ်ရေး” သည် “တရုတ်နိုင်ငံ ပြန်လည် ရှင်သန်လာမှု ကို အားသစ်လောင်းပေးသည့်” လုပ်ရပ် အဖြစ် ခေါင်းစဉ်တပ်လာခဲ့သည်။ ယခု နန်စီ ပလိုစီ၏ ခရီးစဉ်သည် ၎င်း အနေနှင့် အပြောသမား မဟုတ်သည်ကို သက်သေ ပြရတော့မည့် အနေ အထား ဖြစ်လာခဲ့သည်။

နောက်ထပ် ပြဿနာ တခုက မစ္စက် ပလိုစီ သည် သမ္မတ ဂျိုးဘိုင်ဒင် နှင့် တိုင်တိုင်ပင်ပင် မလုပ်ခဲ့မှုပင် ဖြစ် သည်။ ဂျိုး ဘိုင်ဒင် သည် သူ၏ စစ်ကဲများ အပြောကို ကိုးကား၍ “အချိန် မကျသေးကြောင်း” ပြောဆိုသွား ခဲ့သည်။ ထိုအပြောမှာ ပေါက်ကြားသွားသည့် အခါတွင် ဂျိုး ဘိုင်ဒင် အဖို့ ရွေးစရာ လမ်း နှစ်ခု သာ ရှိပေတော့ သည်။ ပထမတခုက ပလိုစီ၏ ခရီးအား ကောင်းချီးပေးကာ တရုတ် နှင့် ထိတ်တိုက် အတွေ့ခံမည်လော၊ သို့မဟုတ် မသွားဖြစ်အောင် ဟန့်တားပြီး တရုတ်တို့ ခြိမ်းခြောက်လာမှုကို အညံ့ခံ အလျော့ပေးမည် လော ဟူ၍ ဖြစ်သည်။ ဤအခါတွင်တော့ ရီပတ်ဘလီကင် များ ၏ ဝေဖန်မှုကို ခံရတော့မည်လည်း ဖြစ်သည်။ ကွန်ဂရက် သည် အမေရိကန် အုပ်ချုပ်ရေး နှင့် တသီးတခြားစီ ခွဲခြားထားသည့် ဥပဒေပြုရေး ကဏ္ဍ ဆိုသည်ကား အမှန်ပင် ဖြစ်သည်။

တိုင်ဝမ် ပေါ်လစီသည် ပါတီကြီး နှစ်ခု အတွက် အားပြိုင်နေသည့် ကွင်းတကွင်း ဖြစ်နေခဲ့သည်။ အဆုံးတွင်တော့ နန်စီ ပလိုစီကြောင့် ဘိုင်ဒင်သည် မပြတ်သားသူ၊ ဩဇာ အာဏာ မရှိသူ အဖြစ် ရောက်သွားစေခဲ့သည်။

အဆိုးဆုံး ဖြစ်လာခဲ့ရသည်မှာ အမေရိကန် အစိုးရ၏ တိုင်ဝမ် ပေါ်လစီသည် မရေရာ မသေချာ မှုများ နှင့် ပြည့်နှက်နေသည်ကို ဖေါ်ထုတ်လိုက်သလို ဖြစ်သွားခဲ့ရခြင်းပင်။ အကယ်၍ ထိုခရီးစဉ်ကြောင့် နိုင်ငံတကာ လုံခြုံရေးသည် အကျပ်အတည်းကြီး နှင့် ကျရောက်လာခဲ့မည် ဆိုလျှင် တရုတ်သည် အဓိက တာဝန်ရှိသူ ဖြစ်သွားပေလိမ့်မည်။ လက်ရှိ ယူကရိန်း စစ်ပွဲ အား ကိုင်တွယ် ဖြေရှင်းနေရသော ဘိုင်ဒင် အစိုးရ အတွက် ထိုအရေး အပေါ် ပြင်ဆင်ထားမှု ရှိမရှိ အစမ်းသပ်ခံပွဲကြီးလည်း ဖြစ်လာပေမည်။

မစ္စတာ ဘိုင်ဒင်သည် ယခင် သမ္မတ အဆက်ဆက် လို မဟုတ်ဘဲ တိုင်ဝမ်အား ကျူးကျော်လာပါက ကာကွယ် သွားမည်ဟု တကြိမ်မက ကြွေးကြော် ထားခဲ့ပြီးလည်း ဖြစ်သည်။ တရုတ်သည် တိုင်ဝမ် ကိစ္စနှင့် ပတ်သက်လျှင် အမေရိကန် ကို ရင်ဆိုင် နိုင်သည်ဟု ယုံကြည်မှုများ တိုးလာချိန်တွင် ဘိုင်ဒင်၏ ထိုသို့ ပြတ်ပြတ်သားသား ပြောဆိုလာမှု အပေါ် အချို့က ထောက်ခံခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်း တွင် သူ၏ လက်ထောက်များက ယခင်ကလိုပင် မရေမရာ စကားများ ဖြင့် နောက်ပြန်ဆုတ်သွားခဲ့ကြပြန်သည်။

အမေရိကန် အနေဖြင့် တိုင်ဝမ်အား အကာအကွယ် ပေးခြင်းသည် မှန်ကန်သော လုပ်ရပ်လည်း ဖြစ်သည်။ တိုင်ဝမ်သည် အကောင်းဆုံး ကွန်ပျူတာ ချစ် များ ထုတ်လုပ်ပေးနေသဖြင့် ကမ္ဘာ စီးပွားရေး တွင် လွန်စွာ အရေးပါသော နေရာတွင် ရှိနေပြီး လူဦးရေ ၂၂ သန်း ရှိသော ကျွန်းကလေးသည် အနောက်တိုင်း ဒီမိုကရေစီ စနစ်အား ထောက်ခံ ကျင့်သုံးခဲ့ကြသည်။ ထို့အတွက် ဒေသတွင်း အမေရိကန် ကမကထ ပြုသည့် အခင်းအကျင်း များ၏ ထောက်တိုင်ကြီး အဖြစ်လည်း ရပ်တည်လာခဲ့သည်။

အမေရိကန် တို့ တိုင်ဝမ်ကို မဖြစ်မနေ ကာကွယ် ပေးသွားမည်ဟု တရုတ်တို့က ယူဆထားပြီး ဖြစ်၍ အမေရိ ကန်တို့၏ အပြောသည် တရုတ်တို့ ၏ ရည်ရွယ်ချက်ကို အဟန့်အတား မဖြစ်ခဲ့ပေ။ သို့သော် “တရုတ် တို့၏ ပြတ်ပြတ်သားသား မရှိသော grey zone” ဗျူဟာ ဖြင့် တိုင်ဝမ်ကို အနှောက်အယှက် ပေးနေခြင်းဖြင့် သမ္မတ ရှီကျင့်ဖျင် သည် မည်မျှ အတိုင်းအတာ အထိ လုပ်နိုင်သည်ကို ရှင်းလင်း ပြတ်သားသော မျဉ်းတကြောင်း ရေးဆွဲ ပြဋ္ဌာန်းပေးထားသကဲ့သို့ ဖြစ်လာသည်။ ဥပမာ အားဖြင့် ယခုနှစ်အတွင်း တိုင်ဝမ် လေကြောင်းပိုင်နက် အနီး အကြိမ်ပေါင်းများစွာ တရုတ် စစ်လေယာဉ် အများအပြား ပျံသန်းပြခဲ့ခြင်းမျိုး ဖြစ်သည်။ ဘိုင်ဒင် အနေဖြင့် ထိုသို့ လူကြိုက်များ အောင် ပြောဆိုနေခြင်းထက် တိုင်ဝမ်၏ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့သာ စဉ်းစားသင့်ပေသည်။

အမေရိကန် စစ်ကဲကြီးများ အနေဖြင့် တိုင်ဝမ် ဗိုလ်ချုပ်ကြီးများ နှင့် ဘာတွေ လိုအပ်သည် ဆိုသည်အား ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြခြင်းဖြင့် စတင်သင့်သည်။ တိုင်ဝမ် အနေဖြင့်လည်း စစ်တပ် အတွင်း ခြစားမှုများဖြင့် လေလွင့် ပြုန်းတီးနေခြင်းကို ကာကွယ်ရန်၊ လေ့ကျင်ပေးရန်၊ လူသစ် စုဆောင်းရန် အစရှိသည် များကို တိုးမြှင့် ပြုလုပ်သင့်သည်။ တိုင်ဝမ် စစ်ဗိုလ်ချုပ်များက နောက်ဆုံးပေါ် တန်ဖိုးကြီး စစ်လက်နက် အသစ် အဆန်း များကို ရရှိရေးအတွက်သာ စိတ်အား ထက်သန်နေပြီး ကျစ်လစ်တောင့်တင်းသော စစ်အင်အား ဖြင့် “ဖြူတကောင်” ကဲ့သို့ ဗျူဟာ သုံးပြီး အလွယ်တကူ ရွှေ့ပြောင်းနိုင်သော၊ ဖုံးကွယ်ထားနိုင်သော စစ်လက်နက်များ ဖြင့် သမား ရိုးကျ မဟုတ်သော စစ်ပွဲမျိုး ဖြင့် ခုခံကာကွယ်သွားနိုင်ရန် ပြင်ဆင်ထားသင့်သည်။

ထိုအရေး အတွက် အမေရိကန် မှ အကူအညီပေးရန် လိုလိုလားလား ရှိကြောင်း ပြသသင့်သည်။ ဥပမာ အားဖြင့် တိုင်ဝမ်၏ စစ်ရေးလေ့ကျင့်မှုများကို အဆင့်မြှင့်တင်ပေးခြင်း၊ အမေရိကန်လက်နက်များ ဝယ်ယူနိုင်ရန် အစ္စရေး ကဲ့သို့ စစ်ရေး အကူအညီများ ပေးအပ်ခြင်း၊ ဝယ်ယူသည့် လက်နက်များ အပေါ် မူတည်ပြီး ဈေးနှုန်း လျော့ချ ရောင်းပေးခြင်း များ ပြုလုပ်နိုင်သည်။ ထို့အပြင် အခြား အာရှနိုင်ငံများနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်သည့် အခါ မျိုးတွင် တိုင်ဝမ်ကိုလည်း ပါဝင်ရန် သို့မဟုတ် လေ့လာသူ အဖြစ် တက်ရောက်ရန် ဖိတ်ကြားသင့်သည်။ ဖြစ်ပေါ် လာမည့် အရေးအခင်းကြီးများ အတွက် အမေရိကန် နှင့် ဂျပန် တို့ပြင်ဆင်ထားမှုများ အတိုင်း တိုင်ဝမ်ကိုလည်း လိုက်နာအောင် ပြုလုပ်ပေးသင့်သည်။

ထိုသို့ လုပ်ရန်ရှိသည်များက ယခု အပတ်အတွင်းတော့ ဖြစ်မလာသင့်သေးပေ။ မစ္စက် ပလိုစီ၏ ခရီးစဉ်သည် လက်ရှိ အနေအထားကို မည်သို့မျှ အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟု မှန်ကန်စွာ မှတ်ချက်ချထားပေးခဲ့ပြီး လည်း ဖြစ်သည်။ မစ္စက် ပလိုစီသည် တိုင်ဝမ်တွင် ရောက်နေစဉ်ကာလ အတွင်း အခွင့်အရေး တရပ်အဖြစ် အသုံးချကာ တိုင်ဝမ်ကို အင်အားသုံး တိုက်ခိုက်ခြင်း မပြုရန် တရုတ်ကို သတိပေးသင့်ပြီး တိုင်ဝမ် လွတ်လပ်ရေး အား ကြိုဆိုလက်ကမ်းပေးသင့်သည်။ ထို့အပြင် အိမ်ရှင် ဖြစ်သူ တိုင်ဝမ်အား မိမိတို့မှ အင်တိုက်အားတိုက် ထောက်ခံပေးမည်ဟုလည်း ပြောသင့်သည်။

တရုတ်အနေဖြင့် တိုင်ဝမ် အပေါ် စစ်လေယာဉ်များ စေလွှတ်ခြင်း၊ တိုင်ဝမ်အနီး ရေပိုင်နက်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခြင်းမျိုး ဖြင့် စစ်‌ရေးအရ တုန့်ပြန်ကောင်း တုန့်ပြန်လာနိုင်သည်။ ထို့အပြင် စီးပွားရေး နှင့် သံတမန် အရေး အရ ယခုထက် ပိုပြီး ပိတ်ဆို့နိုင်အောင်လည်း လုပ်လာနိုင်သည်။

ထိုအရေး အပေါ် တရုတ်၏ တုန့်ပြန်မှု များသည် ရက်သတ္တပေါင်း များစွာ ကြာမြင့်အောင် ဖြစ်လာနိုင်စရာ ရှိနေသည်။ အမေရိကန် အစိုးရ အဖို့ မီဒီယာများ၏ ခေါင်းကြီးပိုင်း သတင်းတွင် ပါဖို့လောက် သာ စိတ်ဝင်စား ခြင်းထက် တိုင်ဝမ်ကို အမှန်တကယ် မိမိကိုယ် မိမိ ကာကွယ်နိုင်အောင် ပံ့ပိုးပေးခြင်း ရှိမရှိ စမ်းသပ်ခံမည့် ပွဲကြီး ဖြစ်လာပေတော့မည်။

နောက်ဆုံးရရှိသော သတင်းအရ တရုတ် တိုက်လေယာဉ် ၂၁ စီးသည် တိုင်ဝမ်လေကြောင်း ပိုင်နက်ထဲသို့ ဝင်ရောက် လာခဲ့ပြီဟု သိရသည်။ သတ်မှတ်ထားသော စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။