သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(26)

by Hla Soewai - Aug 02 2022

ရုရှား တော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ (၇)

 

 

အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင်တော့ ဆောင်းရာသီ နန်းတော် နှင့် မဝေးလှသော နီဗား မြစ်ကမ်း တွင် ဆိုက်ကပ်ရပ်နားထားသည့် ရုရှားရေတပ်မှ ကရူဆာ စစ်သင်္ဘောတစီး ဖြစ်သော အော်ရိုရာ သည် ဗလာ အမြှောက်ဆံများ ဖြင့် ပစ်ခတ်လာခဲ့သည်။ ဤသည်က နန်းတော်အား ဝင်ရောက်စီးနင်းရန် အချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ (ထိုသင်္ဘောအား ပြတိုက် အဖြစ် ဆက်လက်ထားရှိခဲ့သည်၊ ပုံတွင်ရှု)

 

သန်းကောင်ယံ တွင် နန်းတော်ထဲတွင် ရှိနေကြသော ဝန်ကြီးများကို ဖမ်းဆီးနိုင်ခဲ့ကြသည်။ ထိုအထဲတွင် အလက်ဇန်းဒါး ကာရင်စကီးတော့ မပါဝင်ခဲ့ပေ။ ထိုအချိန်မရောက်မီ နေ့လည် ကတည်းက အမေရိကန် သံရုံးမှ ပေးသော ကားတစီးဖြင့် မြို့တော်မှ လစ်ထွက်သွားခဲ့ပြီး ဖြစ်သည်။ သူသည် ရှေ့တန်းတွင် ရှိနေသော တပ်များထံ အရောက်သွားပြီး အစိုးရအား ကာကွယ်ပေးဖို့ စည်းရုံးမည်ဟူသော  အကြံဖြင့် ထွက်ခွာလာခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော် သူ့အား ဘော်ရှီဗစ်တို့က လမ်းခုလပ်မှ ဟန့်တားနိုင်ခဲ့ကြသည်။ ကာရင်စကီးသည် ယခုအခါ သူကိုယ်တိုင် ဂက်ချီနာ နန်းတော်ထဲတွင် ထည့်သွင်း ပိတ်လှောင်ထားခြင်း ခံခဲ့ရပြီ ဖြစ်သည်။ သို့သော် မကြာမီမှာပင် နန်းတော် ဝန်ထမ်း တဦး အဖြစ် အယောင်ဆောင်ကာ လွတ်မြောက်သွားခဲ့သဖြင့် အသက်ဘေးမှ ချမ်းသာရာ ရသွားခဲ့သည်။

 

ဒီမိုကရေစီ တော်လှန်ရေးကြီးသည်လည်း ဖုစ်ပေါ်လာသော အခြေအနေ အသစ်များ နှင့် အသားကျအောင် ဖန်တီးနိုင်ခဲ့ခြင်း မရှိ၍ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်၊ ဖေဖေါ်ဝါရီ တော်လှန်ရေး ကြောင့် အားတက် ပျော်ရွှင်ခဲ့ရမှုများ၊ မျှော်လင့်ချက်များသည်လည်း နိုင်ငံရေး အားပြိုင်မှုများ၊ စီးပွားရေး ပျက်ယွင်းလာမှုများ၊ အနိုင်မရနိုင်သော စစ်ပွဲကြီးကြောင့် ပျက်သုံးသွားခဲ့ရသည်။

 

ဆိုဗီယက် ကွန်ဂရက်အား ပီထရိုဂရက်တွင် ကျင်းပနိုင်ခဲ့ပြီး တိုင်းပြည်အာဏာကို မိမိတို့ ဆိုဗီယက်များက သိမ်းယူလိုက်နိုင်ပြီဟု ကြေညာခဲ့ကြသည်။ တကယ်တမ်းတွင် ဘော်ရှီဗစ်များသည် ကွန်ဂရက် တွင် နေရာပေါင်း ၆၅၀ အနက် ၃၃၈ နေရာ သာ ထိန်းချုပ်ထားနိုင်ခဲ့သူများ ဖြစ်၍ လူနည်းစု ဟု ပြော၍ ရပေသည်။ သို့သော် ဘော်ရှီဗစ်တို့၏ တဖက်သတ် အာဏာသိမ်းမှုအား ကန့်ကွက်သည့် အနေဖြင့် မင်ရှီဗစ်များ နှင့် ဆိုရှယ်လစ် တော်လှန်ရေး သမားများသည် ညီလာခံ ခန်းမထဲမှ ထွက်ခွာသွားကြသဖြင့် လီနင် အဖို့ လုပ်ရကိုင်ရ သည်မှာ ပို၍ လွယ်ကူသွားခဲ့ရသည်။

 

သမိုင်းပညာရှင်တဦး ဖြစ်သူ ရှောင် မက်မီကင်းမှ “အတိုက်အခံများ အဆောက်အဦး အပြင် ရောက်သည်နှင့် ဘော်ရှီဗစ်များသည် ၎င်းတို့၏ တော်လှန်ရေး အဖြစ် လုပ်ချင်တာ လုပ်ခွင့်ရသွားခဲ့ခြင်း ဖြစ်သည်” ဟု မှတ်ချက်ချခဲ့သည်။

 

ကာရင်စကီးသည် တကယ်တမ်းတွင် ရုရှား အား အနောက်တိုင်း ပုံစံ ဒီမိုကရေစီ စနစ် ဖေါ်ဆောင်လိုသူ ပင် ဖြစ်သည်။ သို့သော် ရုရှားတွင် ဒီမိုကရေစီ အစဉ်အလာဟူ၍ တခါဖူးမျှ မရှိခဲ့သည့်အပြင် ထိုအချိန်က စီးပွားရေး နှင့် စစ်ရေး တွင် အထွေထွေ အကျပ်အတည်းကြီးများ ကျရောက်နေချိန်လည်း ဖြစ်၍ ထိုသို့သော အနေအထား တွင် လစ်ဘရယ် ဒီမိုက‌ရေစီ သည် အဘယ်သို့ များ အမြစ်တွယ်နိုင်ပေမည်နည်းဟု မေးပါက လွန်အံကျမည် မဟုတ်ပေ။

 

ကာရင်စကီးသည် ပဲရစ်သို့ ထွက်ပြေးလာနိုင်ခဲ့ပြီး ထိုမှတဆင့် ဗြိတိန်၊ ပရပ်ဂ် သို့ ရောက်သွားပြန်ပြီး မကြာမီ မှာပင် ပဲရစ်သို့ ပြန်ရောက်လာခဲ့သည်။ ထိုမှတဆင့် အမေရိကန်၊ ဩစတေးလျှ သို့ သွားခဲ့သည်။ နောက်ဆုံးတွင် ကယ်လီဖိုနီးယားရှိ စတန်ဖို့ တက္ကသိုလ်အနီးရှိ ပါလို အယ်တို တွင် အခြေချခဲ့သည်။ ၁၉၇၀ ခုနှစ် အသက် ၈၉ နှစ် တွင် နယူးယောက်တွင် ကွယ်လွန်သွားခဲ့သည်။

 

ကာရင်စကီးသည် တော်လှန်‌ရေး သမားတဦး အဖြစ် မှ ဂုဏ်သိက္ခာကျဆင်းခဲ့ရသည့်  နိုင်ငံ ခေါင်းဆောင် ဖြစ်လာခဲ့ရသော လမ်းကြောင်းသည် ရုရှားတော်လှန်ရေး၏ ပျက်သုံးသွားသော မျှော်လင့်ချက်များ အတွက် တင်စား နှိုင်းယှဉ်ပြစရာ ဖြစ်ခဲ့ရပေသည်။ လီနင် နှင့် ဘော်ရှီဗစ် များ၏ တွန်းထုတ်ပစ်ခဲ့ခြင်းကို ခံခဲ့ရပြီးနောက်တွင် သူ အနေဖြင့် ဖြစ်ကောင်း ဖြစ်လာနိုင်သည့် အလားအလာများ ကို တွေးရင်း ဘဝ တလျှောက်လုံး အချိန်ကုန်ဆုံးခဲ့မည်ကား သေချာလှပေသည်။

 

(လီနင် အာဏာရပြီး နောက်တွင် တပ်နီ များ နှင့် ဘော်ရှီဗစ် ဆန့်ကျင်ရေး တပ်ဖြူများ အကြား ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့သည်။ ၁၉၁၈ ဇူလိုင်လ တွင် တပ်ဖြူများက ဇာဘုရင် မိသားစု ရှိရာ ဆိုက်ဘေးရီးယားရှိ တော်ဘို့စ် ဒေသရှိ ယူကာတာရင်ဘတ်ခ် မြို့သို့ ချီတက်လာကြသည်၊ ထိုအခါတွင်တော့ ဒေသခံ ဆိုဗီယက်များက လျို့ဝှက်တွေ့ဆုံ ဆွေးနွေးအပြီး တွင် ဇူလိုင် ၁၆ ရက်နေ့တွင် မိသားစု တခုလုံး အား မြေအောက် ဝိုင်သိုလှောင် ခန်းထဲ ခေါ်လာပြီး ဓါတ်ပုံ မှတ်တမ်း ရိုက်ရန် ဆိုကာ တန်းစီခိုင်ပြီး သေနတ်များ၊ လှံစွပ်များ နှင့် ကွပ်မျက်ပစ်ခဲ့ကြသည်)