သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(25)

by Hla Soewai - Aug 01 2022

ရုရှား တော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ (၆)

 

ထိုနှစ် နွေရာသီ မှာပင် ကာရင်စကီးသည် ဇာဘုရင် နီကိုလပ်စ် နှင့် သူ၏ မိသားစုအား ဆိုက်ဘေးရီး ယား အနောက်‌ဖက် ခြမ်းရှိ တောဘို့စ် မြို့သို့ ရွှေ့ပြောင်းပေးလိုက်သည်။ ဝေးကွာပြီး သွားရန် မီးရထား လမ်းပင် မရှိသည့် အတွက်ကြောင့် ဇာဘုရင်ကို လူထုကြီး၏ တိုက်ခိုက်ခံရမည့် အခွင့်အလမ်း နည်းပါးသွားအောင်နှင့် ဘုရင်ဝါဒီ များမှ ကယ်ထုတ်ရန် ကြိုးပမ်းမှု ကို ကာကွယ်နိုင်ရန် အမြော်အမြင် ရှိရှိ စီမံခဲ့ခြင်းလည်း ဖြစ်သည်။

 

ဤသို့ဖြင့် ၁၉၁၇ ဩဂုတ်လ ၁၄ ရက် နေ့ နံနက်စောစော အလင်းရောင် ပြူထွက်စ ပြုလာချိန်တွင် ဘုရင် မိသားစုသည် သူတို့ ဆွေစဉ်မျိုးဆက် စံမြန်းလာခဲ့ကြသည့် နန်းတော်ကြီးမှ အပြီးအပိုင် စွန့်ခွာ ထွက်လာခဲ့ကြရ‌ပေတော့သည်။ တပ်နီတော် စစ်သားများက နောက်ပိုင်း တနှစ်မပြည့်မီ အချိန်လေး တွင်သူတို့အား သတ်ဖြတ်ကြတော့မည်ကိုတော့ တွေးမိခဲ့ကြဟန် မတူပေ။

 

လက်ရှိတွင် သပိတ်တိုက်ပွဲများ တနိုင်ငံလုံး အနှံ့ ဖြစ်ပွားလာခဲ့သည်။ အလုပ်သမား လူတန်းစား များသည် အသက်ဆက် ရှင်သန်နိုင်ရေး ဟူသည့် ရည်ရွယ်ချက် တခုတည်းဖြင့် ရုန်းကန် တိုက်ပွဲဝင် နေကြခြင်း ဖြစ်သည်။ အစားအသောက်နှင့် လောင်စာဆီများက ရှားသည်ထက် ရှားပါးလာနေသည်။ ကာရင်စကီးသည် သူကိုယ်တိုင် ဆိုရှယ်လစ် တဦး ဖြစ်သော်လည်း သူ၏ ရောင်းရင်း ဆိုရှယ်လစ် ဝါဒီများကို ထောင်သွင်း အကျဉ်းချ လာခဲ့ရပြီ ဖြစ်သည်။

 

မက်ဝါဒ သီအိုရီ သမားကြီး ဖြစ်သည့် လီယွန် ထရော်စကီးနှင့် အခြား ဘော်ရှီဗစ်များ အကျဉ်းထောင် ထဲ ရောက်ကုန်ကြသည်။ လီနင်အား နိုင်ငံတော် အပေါ် သစ္စာဖေါက်မှု ဖြင့် ယာယီ အစိုးရက အပူ တပြင်း လိုက်လံ ရှာ‌ဖွေနေကြ၍ ဖင်လန် သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။ ပြည်ပမှနေ၍ လီနင်သည် ကာရင်စကီး အစိုးရအား ဗော်ရှီ‌ဗစ် စာနယ်ဇင်းများ မှ တဆင့် အပြင်းအထန် ဝေဖန် တိုက်ခိုက်လာနေပြီ ဖြစ်၍ အစိုးရ အဖို့ နောက်ထပ် အန္တရာယ် တခု ထပ်တိုးလာခဲ့ရတော့သည်။

 

စစ်ခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်ကြီး လပ်ဗ် ကော်နီလော့ဗ် သည် (ပုံတွင်တွေ့ရသူသည်) လက်ရှိ အခြေအနေမှ ရုရှားကို ကယ်တင်နိုင်မည့် တခုတည်းသော မျှော်လင့်ချက်မှာ စစ်အာဏာရှင် စနစ် နှင့် မာရှယ်လော အုပ်ချုပ် ရေး ဖြစ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြောလာခဲ့သည်။

 

နောက်ပိုင်း ကာရင်စကီး နှင့် ဆက်တိုက်ဆိုသလို မရေမရာ စကားများဖြင့် အခြေအတင် ပြောဆို လာခဲ့ပြီး နောက်တွင် ကော်နီလော့ဗ် နှင့် သူ၏ တပ်များသည် အာဏာသိမ်းယူရန် အကြံဖြင့် မြို့တော်သို့ ချီတက်လာခဲ့ကြ‌ တော့သည်။ ကာရင်စကီးလည်း အချိန်ဆိုင်းမနေဘဲ သတင်းရလျှင်ရခြင်း ကော်နီ လော့ဗ်အား တိုင်းပြည် သစ္စာဖေါက် အဖြစ် ကြေညာလိုက်သည်။

 

ဗိုလ်ချုပ်ကြီး ကော်နီလော့ဗ် ၏ အာဏာသိမ်းရန် အကြံသည် အလုပ်သမားများမှ လက်နက်စွဲကိုင်ကာ ခံစစ် အနေအထားဖြင့် ခုခံ ကာကွယ်နိုင်ခဲ့သဖြင့် ပျက်ပြယ်သွားခဲ့ရပြီး ကာရင်စကီး အစိုးရလည်း အသက် ဆက်နိုင်ခဲ့သည်။ ဘော်ရှီဗစ် များက တပ်နီ အစောင့်တပ် အဖြစ် ဖွဲ့စည်းပေးနိုင်ခဲ့သည့် အပြင် မီးရထား အလုပ်သမားများကလည်း အာဏာသိမ်း တပ်များ မြို့တော်သို့ ရောက်မလာနိုင်အောင် ဟန့်တားပေးခဲ့ကြသည်။

 

ထို့နောက်တွင် ဘော်ရှီဗစ်များက မိမိတို့သည်သာ တော်လှန်ရေးကြီး ကို ကာကွယ်ခဲ့သူများ ဖြစ်သည် ဟု ပြောလာခဲ့ကြသည်။ ယခုအခါ ဇာဘုရင် ၏ ဆောင်းရာသီ နန်းတော် ကြီးထဲတွင် နေထိုင်နေပြီ ဖြစ်သော ကာရင်စကီးအား တော်လှန်ရေး သမားဟု မမြင်တော့ဘဲ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ် နေသူ အဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။

 

စက်တင်ဘာလတွင် တခါက မင်ရှီဗစ်များ လွှမ်းမိုးခဲ့သည့် ပီထရိုဂရက် နှင့် မော်စကို မြို့ကြီးများသည် ဘော်ရှီ‌ဗစ် လူများစု လက်ထဲ ရောက်ရှိ လာနေသည်။ ကာရင်စကီးသည် လက်ဝဲနှင့် လက်ယာ အုပ်စု များ အကြားတွင် ကြားညှပ်လာနေပြီ ဖြစ်ပြီး သူ့ဖက်မှ ရပ်တည်ပေးမည့်သူများမှာ မဆိုသလောက်သာ ကျန်တော့သည်။

 

ဖေဖေါ်ဝါရီ တော်လှန်ရေး မှ အစပျိုးလာခဲ့သော ရုရှားတို့၏ ဒီမိုကရေစီ စမ်းသပ်ခဲ့မှုသည် ယခုအခါ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လာနေပေပြီ။ နိုဝင်ဘာလ တွင် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက် ပွဲများ ကျင်းပရန် သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ ဆိုဗီယက် ပြည်သူကိုယ်စားလှယ်များနှင့် စစ်သား ကိုယ်စားလှယ်များ၏ ကွန်ဂရက် ကို ထို့မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အတွင်း ပီထရိုဂရက် မြို့တွင် ပြုလုပ်ရန် သတ်မှတ်ထားခဲ့သည်။

 

လီနင်သည် ရုရှားသို့ လျှို့ဝှက်စွာ ပြန်ရောက်လာခဲ့သည်။ သူ၏ ရဲဘော် ဘော်ရှီဗစ်များအား အောက်တိုဘာ ၂၅ တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဆိုဗီယက် ကွန်ဂရက် မတိုင်မီ အာဏာသိမ်း နိုင်ရန် နားချခဲ့သည်။ သို့သော် လီနင်၏ အကြံသည် အပြင်သို့ ပေါက်ကြားသွားခဲ့သည်။

 

ကာရင်စကီးသည် လက်ဦးမှု ရယူရန် ဆုံးဖြတ်လိုက်ပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် ဘော်ရှီဗစ် သတင်းစာတိုက် ကို ပိတ်ပြစ်လိုက်သည်။ ထို့ပြင် ဘော်ရှီဗစ် တို့၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော တော်လှန်ရေး စစ်ကော်မရှင် အဖွဲ့ဝင်များကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ မြို့လယ်ကောင် နှင့် အလုပ်သမား ရပ်ကွက်များကို ဆက်သွယ်ထားသည့် တံတားကြီးကို မြှင့်တင်လိုက်ပြီး ဓါတ်ရထားလိုင်း အချို့ကို ရပ်ဆိုင်းခဲ့သည်။

 

ယခင် မိန်းကလေး ကျောင်း ဖြစ်သည့် စမောနီ အင်စတီကျု အတွင်း ဖွင့်ထားသည့် ဘော်ရှီဗစ် ဌာနချုပ် ရှိ တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက်လိုက်သည်။ မည်သည့် အတွက်ကြောင့် မှန်း ယခုတိုင် သဲသဲ ကွဲကွဲ မသိရခဲ့သည်က ဘော်ရှီဗစ် ထိပ်တန်း အဖွဲ့ဝင် များအား ဖမ်းဆီးခြင်း၊ ကျောင်းဝင်းကို အပြင်မှ ပိတ်ဆို့ထားခဲ့ခြင်းမျိုး မလုပ်ခဲ့သည့်အတွက် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်း သည် ဘော်ရှီဗစ်တို့ အတွက် အခွင့်အလမ်းများ ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့သည်။