မြန်မာ စစ်တပ်၏ တပါတ်ရိုက်ခြင်းကို ခံလိုက်ရသော အနောက်အုပ်စု

by Hla Soewai - Sep 12 2019

စက်တင်ဘာ ၉ ရက်နေ့ထုတ် Wall Street Journal တွင် Walter Russell Mead ဆိုသူ ရေးသားသော ဆောင်းပါး ကို ပြန် လည် တင်ပြထားခြင်း ဖြစ်ပါသည်။

 

 

အမေရိကန် နိုင်ငံခြားရေး မူဝါဒ ရေးဆွဲသူ အသိုက်အ၀န်းသည် စနစ်တကျ နှင့် ချင့်ချင့်ချိန်ချိန်လည်း ရှိပြီး ဘာသာရပ်ကို ပိုင်ပိုင်နိုင်နို်င် သိထားကြမည်ဆိုက လျှမ်းလျှမ်းတောက် ဖြစ်လာနေသော တရုတ် အား ထိထိရောက်ရောက် ထိမ်းညှိပေးနိုင်မည့် အကျိုးတူ အဖွဲ့အစည်းတခု ကောင်းစွာ တည်ထောင်နိုင်ခဲ့မည်လားဟု မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။ ထိုသို့ မေးခွန်း ထွက်ပေါ်လာခဲ့ရခြင်းမှာလည်း မြန်မာ၏ နမူနာ ကို ကြည့်၍ စိုးရိမ်စရာ ဖြစ်လာနေခြင်းကြောင့် ပင် ဖြစ်သည်။

မြန်မာသည် ယခင် အမေရိကန် အစိုးရ လက်ထက်က အထူး အာရုံစိုက်ခံခဲ့ရသော နိုင်ငံ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် သမ္မတ အိုဘာမားတို့ နှစ်ဦးစလုံး ရောက်လာခဲ့ဖူးသည့်အထိပင် ဖြစ်ခဲ့ရဖူးသည်။ သို့သော် ထိုသို့ အရေးပါ အရာရောက်ခဲ့သော နိုင်ငံသည် အားလုံးမျှော်လင့်ခဲ့သလို လူ့အခွင့်အရေး ပိုင်းတွင် ထူးထူးခြားခြား အံ့သြဖွယ် အလှည့်အပြောင်းတခု ဖြစ်မလာခဲ့ပေ။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များက ၀ါရှင်တန် တွင် စိတ်ကူးယဉ်ဆန်စွာ ရေးဆွဲခဲ့သော ဇာတ်ညွှန်း အတိုင်း ဖြစ်မလာခဲ့သည့်အခါ အမေရိကန်၏ တုန့်ပြန်လာမှုက ပြုပြင်ပြောင်းလဲရေး သမား များကို ချိနဲ့စေပြီး စစ်တပ်ကို အားကောင်းလာစေယုံမျှမက တရုတ်တို့ပင် အသာစီးရသွားစေခဲ့သည်။ ဤသည်က အမေရိကန် အနေဖြင့် မြန်မာလူထု တလေးတစား ရှိနိုင်သည့် လူ့အခွင့်အရေး ပုံစံမျိုးနှင့် မချည်းကပ်နိုင်ခဲ့ ဆိုသည်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။

အိုဘာမား အစိုးရ တက်လာခဲ့စဉ် ကာလများက မြန်မာနိုင်ငံရေး ခေါင်းဆောင်လည်းဖြစ်၊ နှစ်ပေါင်း ၁၅ နှစ်လုံးလုံး အကျဉ်းချ ခံခဲ့ရခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် ၁၉၉၁ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးနိမ့်လာနေပြီ ဖြစ်သော စစ်တပ်ထံမှ အာဏာကို အရယူနိုင်တော့မည်ဟုသော စိတ်ကူးစိတ်သန်း များ နှင့် အမေရိကန် လူထု ပျော်မွေ့ခဲ့ကြဖူးသည်။ ထိုသို့ ဖြစ်ခဲ့ကြခြင်းသည်က အခြေအနေကို အခြေခံကစပြီး မှားယွင်းစွာ သုံးသပ်ခဲ့ကြခြင်းပင် ဖြစ်သည်။

၂၀၁၀ သည် စစ်တပ်အဖို့လည်း အဆင်မပြေ ဖြစ်နေရသော အချိန်လည်း ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ မအောင်မမြင် ဖြစ်ခဲ့ရသော ဆိုရှယ်လစ် စီမံကိန်းများကြောင့် တိုင်းပြည် စီးပွားရေး သည် သိသိသာသာ ပင် နောက်ကျကျန်နေခဲ့ရပြီး အခြားသော အာရှ နိုင်ငံများက ချမ်းသာကြွယ်ဝလာနေခဲ့သည်ကို တွေ့မြင်လာခဲ့ကြသည်။ နိုင်ငံသည်လည်း တရုတ်၏ ရင်းနှီးမြုပ်နှံမှုများကို မှီခိုနေရသည့် အနေအထားကြောင့် ဗိုလ်ချုပ်ကြီးများ စိုးရိမ်ထိတ်လန့်လာခဲ့ကြသည်။ ထို့အတွက်ကြောင့်လည်း ပြည်တွင်း စီးပွားရေးကို အချုပ်အနှောင်များမှ လျော့ပေါ့ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ဂျပန်၊ အမေရိကန် နှင့် ဥရောပ မှ ရင်းနှီးမြုပ်နှံမှုများ ရရန် ဆွဲဆောင်လာခဲ့သည်။

ထိုသို့ ဖြစ်လာရန် အလွယ်ကူဆုံး နည်းလမ်းက ဒေါ်အောင်ဆန်းစုကြည်၏ အနောက်အုပ်စုတွင် ကျော်ကြားထင်ရှားနေမှုကို အသုံးချနိုင်မှသာ ဖြစ်မည်ကိုလည်း သိလာခဲ့ကြသည်။ အနောက်အုပ်စု ၏ ရင်းနှီးမြုပ်နှံမှုနှင့် ချစ်ကြည် ရင်းနှီးမှုကို ရနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီအား ရွေးကောက်ပွဲမှတဆင့် အာဏာ ခွဲဝေပေးရန် လုပ်လာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် လွှတ်တော်တွင် လူများစု နေရာ ရလာခဲ့ပြီး သူမကိုယ်တိုင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဆိုသည့် အဆင့်မြင်မားသည့် ရာထူးကို လက်ဝယ်ရရှိလာခဲ့သော်လည်း “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု” မဟုတ်သေးပဲ ဗိုလ်ချုပ်ကြီးများ ကြံစည်ခဲ့သလို ၎င်းတို့ဖက်ကို တဖက်သတ် ယိမ်းထားသည့် အာဏာခွဲဝေရေး အဆင့်သာ ရှိပေသေးသည်။

ဒဏ္ဍာရီ ပုံပြင်များတွင် သူရဲကောင်း များ ပါဖို့လိုသည့် အတိုင်း အနောက်တိုင်းမှ လေ့လာသူများကလည်း သတ္တိ နှင့် ဂုဏ်သိက္ခာတို့ ပြည့်စုံပြီး စိတ်ဓါတ်ကြံခိုင်ကာ ငြိမ်းချမ်းမှုကို လိုလားသော အမျိုးသမီးတဦး သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မည်သူ့ တဦး အဖြစ် စိတ်ထဲ ထင်မြင်လာခဲ့ကြသည်။ ထိုသို့ မျှော်မှန်းထားမှုများကြောင့် ၂၀၁၇ သြဂုတ်လတွင် ၎င်းတို့ အဖို့ အကြီးအကျယ် တုန်လှုပ်စရာ ကောင်းသည့် အဖြစ်ကို သိမြင်ခဲ့ကြရသည်။ ဤသည်က မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အရေးပါသော အခန်းမှ ပါဝင်ခဲ့သော သွေးထွက် သံယို ဖြစ်ခဲ့သည့် လူမျိုးစု ပဋိပက္ခကြီးပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မူဆလင် များ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ ထွက်ပြေးသွားခြင်း၊ မောင်းထုတ်ခံရခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။ ယခုတိုင်လည်း ထိုနေရာများတွင် သောင်တင်နေကြဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းအားကို အလွန်အကျွံ ခန့်မှန်းခဲ့ကြသော သူမ၏ ပရိသာတ်များက ဖြစ်ပျက်ခဲ့မှုများ အတွက် သူမအပေါ် အပြစ်ဖို့လာခဲ့ကြသည်။ ထိုသို့ မူဆလင်များ အား တိုက်ခိုက်ခဲ့မှုများ နောက်တွင် သူမကိုယ်တိုင် ရှိနေသည်လော သို့မဟုတ် ၀င်ရောက် ဟန့်တားရန် ပျက်ကွက်ခဲ့သည်လော မည်သို့ပင်ဆိုစေ သူမသည် စိတ်ဓါတ်ရေးရာ ပိုင်းတွင် သူရဲဘောကြောင်မှု အဖြစ် ပြောဆိုလာခဲ့သည်။ တခါက သူမ အား ကိုးကွယ်ခဲ့ကြသူများက ရုတ်ခြည်း ဆိုသလို ၀ိုင်းပါယ်လာခဲ့ကြသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ဆုတံဆိပ်များ ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရောင်ကိုယ်ဝါ ဖြင့် အရောင်တောက်နိုင်မည်လား ဟု စိတ်အားထက်သန်ခဲ့ကြသော အမေရိကန် နှင့် ဥရောပရှိ ဘဏ်များ၊ ကော်ပိုရေးရှင်းကြီးများကလည်း အလျင်အမြန် နောက်ဆုတ်ကုန်ကြသည်။ ဗြိတိန် နိုင်ငံထုတ် လက်ဝဲယိမ်း သတင်းစာကြီး ဖြစ်သည့် ဂါဒီယန်းကပင် သူမအား “ငြိမ်းချမ်းရေး ပြယုဒ် အဖြစ် အမွှမ်းတင်ခံရသူ” ဘ၀မှ “အပါယ်ခံ ဘ၀” ဆင်းသက်ခဲ့ရသည်ဟု ယမန်နှစ် က ရေးသားခဲ့ဖူးသည်။

နိုင်ငံတွင်း မည်သို့ မည်ပုံ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းသည် ပဟေဠိ ဆန်နေရသည်။ မြန်မာပြည်တွင် ကျွန်တော် ဆုံခဲ့ရသည့် အတိုက်အခံများရော၊ အတိုင်ပင်ခံကို ထောက်ခံနေသူများ ရော ကြားတွင် တူညီသည့် အမြင်တခုကတော့ စစ်တပ်သည် ရိုဟင်ဂျာ ပြဿနာကို ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ မဟာမိတ် အနောက်အုပ်စုကို သွေးကွဲအောင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည် ဆိုခြင်းပင်။ သို့ဆိုက ၎င်းတို့၏ မဟာဗျုဟာ သည် အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုမျှမကသေး စစ်တပ်သည် အနောက်နိုင်ငံများရှိ လူ့အခွင့်အရေး အဖွဲ့များအား လိုသလို ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့ကြပြန်သည်။

မြန်မာပြည်မှ အနောက်နိုင်ငံ ဘဏ်များနှင့် ရင်နှီးမြုပ်နှံမှုများ ထွက်သွားခြင်းသည်လည်း ဗိုလ်ချုပ်ကြီးများ အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာခဲ့ပြန်သည်။ ဂျာမန်၊ ဗြိတိသျှ နှင့် အမေရိကန် ရင်းနှီးမြုပ်နှံသူများ ပါတ်စာခွာ ဖျာသိမ်းသွားနေစဉ်အတွင်း ဂျပန်၊စင်္ကာပူ နှင့် တောင်ကိုရီယားတို့က ၎င်းတို့လောက် စည်းစောင့်ရကောင်းမှန်း သိသူများ မဟုတ်ကြပေ။ အနောက်တိုင်း ရင်းနှီးမြုပ်နှံသူများ မရှိသည့်အတွက် လုပ်ငန်းများကို ပွင့်လင်းမြင်သာအောင် လုပ်ဖို့လည်း မလိုအပ်တော့ပြန်ပေ။ ယခုအခါ ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း တရုတ်အပေါ် မှီခိုနေရမှုများ လျော့ချနိုင်ခဲ့သည့်အပြင် တိုင်းပြည်စီးပွားရေး စွမ်းပကားကိုလည်း ၎င်းတို့၏ ထိမ်းချုပ်မှု အောက်မှာပင် မြှင့်တင်လာနို်င်ခဲ့သည်။

အနောက်နိုင်ငံများသည် လူ့အခွင့်အရေး ကို ရှေ့နောက် မညီ အသုံးချနေကြသည်ဟု မြန်မာရှိ လူတော်တော်များများက ယုံကြည်နေကြသည်။ ပြီးခဲ့သည့် လအတွင်း အိန္ဒိယ နိုင်ငံသား ဖြစ်သူ စာရင်းအသစ် ထုတ်ပြန်လိုက်သည့်အခါ အာသံ ပြည်နယ်ရှိ နှစ်သန်းနီးပါးသော မူဆလင်များ နိုင်ငံမဲ့ဘ၀ ရောက်ကုန်ကြသည်။ ထိုအရေးကို အနောက်တိုင်း အစိုးရများ၏ ပြောဆို ဆောင်ရွက်မှုများက မရှိသလောက်ဟု ဆိုရမည် ဖြစ်သည်။ ရှင်ကျန်ရှိ မူဆလင်များ အပေါ် တရုတ်၏ အပြုအမူများနှင့် ကက်ရှ်မီယား ရှိ အိန္ဒိယ ၏ လုပ်ရပ်များကလည်း အနောက်တိုင်း အစိုးအရများ နှင့် ရင်းနှီးမြုပ်နှံသူများအပေါ် သိသိသာသာ သက်ရောက်ခဲ့မှုများ မတွေ့ရပြန်ပေ။ အနောက်နိုင်ငံ အစိုးရများ၏ တာဝန်မဲ့ လုပ်ရပ်များကြောင့် တရုတ်ပြည်သည် မြန်မာအား မယိမ်းမယိုင်နှင့် ယုံကြည်စိတ်ချရသော ပါတ်တနာ အဖြစ် ပို၍ ရှု့မြင်လာစေခဲ့သည်။

သို့သော်ငြားလည်း မြန်မာသည် ဗီယက်နမ်ကဲ့သို့ တရုတ်တို့၏ ဖိအား ပေးမှုများကို ဆန့်ကျင်ပြီး မိမိ၏ လွတ်လပ်ရေးကို ထိမ်းသိမ်းကာကွယ်နိုင်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းက ရှိခဲ့ပြီး ဖြစ်သည်။ အမေရိကန်သည် ဒီမိုကရေစီ အစဉ်အလာ တွင် မြန်မာထက် လျော့နည်းနေသည့် ဗီယက်နမ်၊ ထိုင်းတို့နှင့် ဆက်ဆံသလိုမျိုး နည်းလမ်းတခုကို ရှာဖွေပြီး တရုတ်ကို လက်တကမ်းအကွာတွင် ရှိအောင် ထားနိုင်ရမည် ဖြစ်သည်။ ဤသို့ဆို၍ ဒေသတွင်း ဒီမိုကရေစီ တန်ဘိုးများ မြှင့်တင်ရေးကို စွန့်လွှတ်ရမည်ဟု မဆိုလိုပေ။ သို့သော် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသိုက်အ၀န်း အနေဖြင့် လက်ရှိ လုပ်ကိုင်နေမှုမျိုးထက် ပို၍ စနစ်တကျ ဖြင့် ညဏ်အားစိုက်ထုတ်ပြီး သမိုင်း အစဉ်အလာကို မျက်ခြေမပြတ်စေသော ချည်းကပ်မှု မျိုး ဖြင့် အရှေ့တောင်အာရှ တွင် လုပ်ဖို့လိုနေပေသည်။

Hla Soewai