ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူ လေးဦးအား တရားဥပဒေမဲ့ ကြိုးပေး ကွပ်မျက်မှုသည် မင်းအောင်လှိုင် အဖို့ ၎င်းအား ထောက်ခံမှု ပေးနေကြသည့် မြို့တော်ခမ်းမ ရှေ့ရှိ လူ အယောက် တရာ ခန့်အား သွေးကြွသွားသည် မှ အပ အရာအားလုံး ပြန်၍ အဖတ်ဆယ်မရအောင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ပထမ အချက် အဖြစ် အာဏာသိမ်းမှုကိုပင် မရှုတ်ချခဲ့သည့် လုံခြုံရေး ကောင်စီ မှ တညီတညွတ် တည်း ရှူတ်ချလာသည်။ ယင်းနှင့် အတူ လာမည့် စက်တင်ဘာလ တွင် ကုလအထွေထွေ ညီလာခံကြီးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ပိုနေမြဲ ကျားနေမြဲ ဆက်လက် ရပ်တည်သွားဖို့ကား သေချာသွားပြီ ဖြစ်သည်။
ဒုတိယ အချက် အဖြစ် မင်းအောင်လှိုင်သည် အာဏာရူး သက်သက်သာ ဖြစ်ပြီး ၎င်းတို့ တောင်းဆိုနေသည့် ဒီမိုကရေစီ နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို စိတ်ကူးထဲပင် ထည့်ထားခြင်း မရှိသည်ကို နိုင်ငံတကာ က လုံးဝ သဘောပေါက် သွားခြင်း ဖြစ်သည်။ တရုတ်သည်ပင် မြန်မာ အရေးအား နိုင်ငံတကာ မှ တသံတည်း ထွက်ဖို့ လိုနေပြီဟု အလေးအနက် ထုတ်ပြောလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ အဖွဲ့အား ယခုထက် ပို၍ ဖယ်ကျဉ်လာကြတော့မည်လည်း ဖြစ်သည်။ ထိုမှတဆင့် Enough is enough, Min Aung Hlaing must be stopped. ဖြစ်လာပေတော့မည်။
ယခု ပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်သည် အမေရိကန်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီယားသို့ ထွက်ခွာလာပြီ ဖြစ်သည်။ မြန်မာအရေး၊ ယူကရိန်း နှင့် ကိုဗစ် ကိစ္စများ အဓိကထား ဆွေးနွေးမည်ဟု သိရသည်။
အမေရိကန်သည် မြန်မာနိုင်ငံ အတွင်း နောက်ဆုံး ဖြစ်ပေါ်လာနေသည်များကို အခွင့်အရေး တရပ် အဖြစ် အသုံးချ၍ တုံဏှိဘာဝေ လုပ်နေဆဲ ဖြစ်သည့် အာဆီယံ ကို ငြင်းဆန်၍ မရအောင် ဖိအားပေးတော့မည် ဖြစ်သည်၊ ဝဏ္ကမောင်လွင် အဖို့ကား ထုံးစံ အတိုင်း ဘာတွေ ပြောလဲ ဆိုလဲ သိရအောင် သတင်းစာ ထိုင်စောင့်ဖတ်နေရပေတော့မည်သာ ဖြစ်သည်။
တတိယ အချက် အဖြစ် အာဆီယံ ၏ ဘုံ ငါးချက်သည် သဲထဲရေသွန် ဖြစ်သွားရပြီး ထိုလမ်းကြောင်းဖြင့် ချည်းကပ်မည် ဆိုပြီး အကြောင်းပြကာ မှိန်းနေ၍ မဖြစ်တော့ ဟု ဆိုကာ မြန်မာပြည် အပေါ် ဖိအားများ ပေးရန် အာဆီယံ အဖို့ မဖြစ်မနေ ပြင်ဆင်ရတော့မည် ဖြစ်သည်။
၎င်းတို့အပေါ် အမြဲလို သက်သက်ညှာညှာ ပြောတတ် လုပ်တတ်သည့် ဂျပန် ပင် လျှင် ဝန်ကြီးချုပ် ဟောင်း အာဘေး၏ ဈာပန ကို မင်းအောင်လှိုင်ကို အတက်ခံမည် မဟုတ်တော့၊ ဤသည်က ၎င်းအား နိုင်ငံ ခေါင်းဆောင် တဦး အဖြစ် မဆက်ဆံပဲ နေ၍ မရ ဟု ပြချင် နေသည့် မင်းအောင်လှိုင် အဖို့ အကြီးအကျယ် ထိုးနှက်ခံလိုက်ရခြင်းပင် ဖြစ်သည်။
မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား အရောတဝင် လုပ်ခြင်းသည် လူထုမဲဖြင့် တိုင်းပြည် အုပ်ချုပ်နေရ သော ခေါင်းဆောင်များ အတွက် နိုင်ငံရေး အရ သေကြောင်းကြံခြင်း သက်သက်ဟု ယူဆဖို့ ဖြစ်လာနေသည်။ ယခုပင် အမေရိကန်သည် ရုရှားအား "အကြမ်းဖက် နိုင်ငံ" အဖြစ် သတ်မှတ်ရန် တာစူလာပြီ ဖြစ်သည်ကို သတိမူသင့်သည်။
လက်ရှိ တရားမဝင် ကြိုးပေး နေမှုများ ဆက်၍ ကျုးလွန် နေမှုများ ဆက်၍ ကျူးလွန်နေမည်ဆိုက အလားတူ သတ်မှတ်ခံရဖို့က ကြိမ်းသေနေပြီ ဖြစ်သည်၊ ထိုအခါတွင်တော့ သံတမန်ရေး ကြိုးပမ်းမှု များ လမ်းစ ပိတ်သွားပေတော့မည်။
ယခုပင် ဧရာဝတီ သတင်းဌာနကြီး မှတဆင့် ဆောင်းပါးရှင် David Scot Mathieson သည် မင်းအောင်လှိုင် အုပ်ချုပ်ခံနေရသည့် မြန်မာပြည်သည် "Murder Republic" ဖြစ်လာနေပြီဟု ကမ္ဘာကို လက်တို့ အသိပေးလာခဲ့ပြီ ဖြစ်သည်။
ပြင်သစ်၊ ဂျာမဏီ နိုင်ငံများက ၎င်းတို့ မြို့တော်များတွင် မြန်မာသံအမတ်ကြီး အဖြစ် ကုတ်ကပ်နေသူများကို ဆင့်ခေါ်၍ ဆူပူ ကြိမ်းမောင်းခဲ့ကြပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် ခေါင်းကို ကျော့နေအောင် ဖီးကာ တိုက်ပုံ အင်္ကျီကြီး တကားကားဖြင့် နိုင်ငံ ခေါင်းဆောင် ဟန်ဆောင်ကာ ပြောဆိုနေသော်ငြားလည်း ၎င်း၏ လက်မရွံတပ်သားများက နိုင်ငံ အနှံ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေကြပြီး အပြစ်မဲ့ ပြည်သူများ အသက်မဆုံးရှုံးရသည့် နေ့ဟူ၍ တရက်မျှပင် မရှိခဲ့သည်ကို အားလုံး တွေ့မြင်သိရှိနေကြပြီး ဖြစ်သည်။
လူထု၏ စိတ်တွင် ၎င်းတို့ အား ဖြုတ်ချနိုင် မှ ဖြစ်မည်ကို လည်း ခံယူလာနေကြပြီ ဖြစ်သည်။ ထို့အတွက်လည်း ဇူလိုင် ၃၁ ရက် နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် နိုင်ငံ အနှံ့ "လူထု သစ္စာ အဓိဋ္ဌာန်ပြုပွဲ" များ ပြုလုပ်လာကြပေတော့မည်။
ဤသည်များက လူအယောက်တရာ ၏ ထောက်ခံမှု နှင့် အလဲအလှယ် လုပ်ခဲ့သည့် ဆိုးကျိုးများပင် ဖြစ်သည်။ ခံစရာရှိက ကိုယ်တယောက်တည်း ခံရမည်ကို သိသင့်လှပေသည်။
အီရန်၊ ဆော်ဒီအာရေး ဗီယား တို့တွင် သေဒဏ် စီရင်နေသည်များကို တကမ္ဘာလုံးရှိ လူ့အခွင့်အရေး အဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသော်လည်း မြန်မာ စစ်ခေါင်းဆောင်များကဲ့သို့ ၎င်းတို့လုပ်ရပ်အား လူထုမှ ထောက်ခံပါသည် ဆိုသည့် အဆင့်အထိ အောက်တန်းကျကျ ပြုမူ ခဲ့ကြခြင်း မရှိပေ။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက်နှင့် နာရေး ပြုလုပ်နေသော ကျန်ရစ်သူ မိသားစု အိမ်များကိုပင် ခဲ နှင့်ပင် ပေါက်ခိုင်းလိုက်သေးသည်။
ငပြူးက ပြဲသည့် သဘော မြန်မာပြည်သူများ အစားအသောက် ချို့တဲ့၍ ဉာဏ်ရည်နိမ့်ပါးနေခြင်း ဖြစ်သည်ဟု တနိုင်ငံလုံးကို စော်ကားလိုက်သေးသည်၊ ထို အပြောမျိုးကို ပြည်ပသတင်းဌာနများက အပြိုင်အဆိုင် ဖေါ်ပြလာပါက မခက်ပေဖူးလော။
၎င်းတို့စိတ်ထဲ ဘာတွေ တွေးပြီး အဘယ်သို့သော စိတ်ကူးများနှင့် လုပ်ကိုင်နေကြသည်ကို မည်သို့မျှပင် နားမလည်နိုင်တော့သည်ကား အမှန်ပင် ဖြစ်သည်။
ဘာမဆို လုပ်ရဲ၍ လုပ်ပြီးသွားလည်း ဓါးကို ဓါးခြင်း လှံကို လှံခြင်း ယောက်ျားပီပီ မတုန့်ပြန်သင့်ပေဖူးလော၊ ကျောင်းသား သမဂ္ဂ ကို ဗုံးခွဲခဲ့သည့် ဗိုလ်နေဝင်းပင် ထိုသို့ အရှက်မဲ့စွာ ၎င်းလုပ်ရပ်အား လူထုက ထောက်ခံပါသည် မလုပ်ခဲ့၊ ဥရောပသို့ပင် ခရီး ထွက်လိုက်သေးသည်။
တွေးလို့ရသည်က အဖက်ဖက်မှ အရေးမလှ ဖြစ်လာနေသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် ပြည်သူ့တော်လှန်ရေး အင်အားစုများကို ၎င်းတို့နှင့် တတန်းစားထဲ အဖြစ် မြင်လာအောင် ရည်ရွယ်ချက် ရှိရှိ ဖန်တီးလိုက် ခြင်းမျိုးလည်း ဖြစ်နိုင်သည် ဆိုခြင်းပင်။ ထိုအချက်ကို သတိကြီးစွာ ထားကာ လှုပ်ရှားသွားရ ပေလိမ့်မည်။
အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ရှူတ်ချစာများသာ ထုတ်နေယုံဖြင့် မဖြစ်တော့ပဲ မိမိတို့ အား လက်နက်များ အမြန်ဆုံး ကူညီ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာသို့ ပန်ကြားလာပြီ ဖြစ်သည်။
ပြည်သူတို့၏ ဖက်ဆစ် တော်လှန်ရေး မုချအောင်ရမည်!!!