ကုလ လုံခြုံရေး ကောင်စီ ရှုတ်ချပြီ

by Hla Soewai - Jul 30 2022

နိုင်ငံရေး အကျဉ်းသား လေးဦးအား အာဏာသိမ်း အဖွဲ့ မှ ကြိုးပေးကွပ်မျက်ခဲ့မှု အား ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးက တညီတညွတ်တည်း မဲပေး ရှုတ်ချလိုက်ပြီ ဖြစ်သည်။

 

ထို့အပြင် လူ့အခွင့်အရေး နှင့် တရားဥပဒေအား အပြည့်အဝ လေးစားလိုက်နာရေး နှင့် အကြမ်းဖက်နေမှု များ ရပ်တန့်ရန်လည်း တောင်းဆိုလိုက်သည်။

 

လုံခြုံရေး ကောင်စီမှ မြန်မာ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကို အပြည့်အဝ ထောက်ခံကြောင်း၊ အချုပ်အခြာ အာဏာ၊ နိုင်ငံရေး လွတ်လပ်ခွင့်၊ နယ်မြေ တည်တံ့ပိုင်ခွင့်များကို အပြည့်အဝ အာမခံကြောင်း လည်း ပါရှိသည်။ သို့သော် ထိုစကားရပ်သည် စစ်ကောင်စီ အတွက် သည်းခြေကြိုက် ဖြစ်သွား ရသည်ကိုတော့ လုံခြုံရေး ကောင်စီ ကတော့ သိလိမ့်မည် မဟုတ်ပေ။ ထိုစကားရပ် ပါရှိဖို့ ရှုတ်ချသည် ဆိုသည် နှင့် အပေးအယူ လုပ်ခဲ့ရပုံ ရှိသည်။

 

စစ်ကောင်စီသည် ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် မည်သူက ရှုတ်ချ ချ ယခု အချိန်တွင် အလေးထား ဖို့ အချိန်မရသေးပေ။ ၎င်းတို့ဖက်က ပုံမှန် အစိုးရ သဖွယ် တည်ဆောက်လာနိုင်မှသာ စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သည်။

 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုသည်ကလည်း ရုရှားကဲ့သို့ ဒီမိုကရေစီ အယောင်ဆောင် ရွေးကောက်ပွဲ၊ လွှတ်တော်များ ဖြင့် ကရိုနီများ၊ နိုင်ငံရေး အချောင်သမားများစုပေါင်း စပ်ပေါင်း အုပ်ချုပ်ကြမည့် Oligarchy စနစ်မျိုးသာ ရည်ရွယ်ထားသည်မှာလည်း ထင်ရှားနေသည်။

 

လောလောဆယ်တွင် မြန်မာ အကျပ်အတည်း အား ဖြေရှင်းရန် ပုံအပ်ထားခြင်း ခံရသည့် အာဆီယံ မှလည်း ကြိုးပေးကွပ်မျက်မှု အပေါ် ကြေညာချက် ထုတ်ကာ ရှုတ်ချထားပြီး ဖြစ်သည်။

 

တရုတ် မှ လုံခြုံရေး ကောင်စီ သည် အာဆီယံ ဥက္ကဌ ၏ ကြေညာချက် နှင့် အမြင်ချင်း တသားတည်း ရှိခဲ့မှု အပေါ် ကြိုဆိုကြောင်း ပြောခဲ့သည်ဟု သိရသည်။

 

ကုလ ရှိ တရုတ် မစ်ရှင် အဖွဲ့ ပြောရေးဆိုခွင့် ရှိသူက လုံခြုံရေး ကောင်စီ ၏ ကြေညာချက်သည် #"အထူးအရေးပါကြောင်း"၊ မည်သည့် ပုံစံ နှင့် မဆို အကြမ်းဖက်မှုများ ချက်ခြင်း ရပ်တန့်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အခြေခံ အဆောက်အအုံများ အား တိုက်ခိုက်နေမှု များ အဆုံးသတ်ရန် လည်း ပါဝင်နေ၍ ဖြစ်သည်ဟု ဆိုသည်။ တရုတ်တို့ အဖို့ ထိုကြေညာချက်အား မထောက်ခံ၍ မဖြစ်တော့ပေ၊ ၎င်းတို့၏ ပိုက်လိုင်းများ ထိခိုက်လာမည် ဆိုက လစ်ဗျား ကဲ့သို့ပင် R2P ကို ပင် မဖြစ်မနေ ထောက်ခံလာရဖို့ ရှိနေသည်။

 

တရုတ်က ကောင်စီ၏ အရေးပါလှသော မက်ဆေ့ခ်ျအား သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံး မဖြစ်မနေ လိုက်နာကြလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။ လက်စားချေ၊ လက်တုန့်ပြန်မှုများ ဖြစ်လာမည့် အရေးကို တရုတ်လို အမျှော်အမြင် ရှိသော နိုင်ငံများက ကြိုတင် တွက်ဆထားခဲ့ပြီးလည်း ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ အာဏာသိမ်း အဖွဲ့၏ မိုက်ရူးရဲ လုပ်ရပ်များကြောင့် တရုတ် နှင့် ရုရှားတို့ပင် ဗီတို မသုံးရဲအောင် ဖြစ်သွားခဲ့ရသည်ကို အထင်အရှား တွေ့မြင်လာနေရပြီ ဖြစ်သည်။ ၎င်းတို့ အဖွဲ့၏ လုပ်ရပ်အား ထောက်ခံခြင်း၊ ရေငုံနှုတ်ပိတ်နေသည့် နိုင်ငံ ဟူ၍ တနိုင်ငံမျှပင် မကျန်တော့ပေ။

 

ကမ္ဘာတွင် ဩဇာအကြီးမားဆုံး သော လုံခြုံရေး ကောင်စီကပင် တရားဝင် ရှုတ်ချ လာခဲ့ပြီ ဖြစ်သည်။

 

ကမ္ဘာ ထိတ်တန်း ဒီမိုကရေစီ နိုင်ငံကြီးများ နှင့် ဖွဲ့စည်း ထားသော G-7 အဖွဲ့ကြီး၏ နိုင်ငံခြားရေး ဝန်ကြီးများကလည်း အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချ လိုက်ပြီး ထပ်၍ မကျုးလွန်ရန်လည်း သတိပေးလိုက်သည်။

 

အိန္ဒိယ အစိုးရ မှ ရက်အတန်ကြာ နှုတ်ဆိတ်နေခဲ့ရာမှ ယခုအခါ "လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း" ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ မြန်မာပြည်သူများ၏ မိတ်ဆွေ ဖြစ်သည့် အားလျှော်စွာ ဒီမိုကရေစီ နှင့် တည်ငြိမ်မှု ရှိရေး ဆက်လက် ထောက်ခံသွားမည်ဟု ဆိုသည်။

 

ဖိလစ်ပိုင်၏ မားကိုစ် အစိုးရ သစ် ကပင် တရားဝင် ကြေညာချက် ထုတ်ကာ ရှုတ်ချလာခဲ့ပြီ ဖြစ်သည်။

 

အဆိုပါ အဖြစ်ဆိုးကြီး မှ အမြတ်ထွက်လာရသည်က မင်းအောင်လှိုင်လို လူမျိုးအား သံခင်းတမန်ခင်း ဖြင့် ပြောဆို၍ မရဟူသည်ကို အားလုံးက သိနားလည် စ ပြုလာကြခြင်းပင် ဖြစ်သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းက သုံးသပ်ထားသည်ကိုလည်း ဖတ်ရှုခဲ့ရသည်။

 

#စစ်ကောင်စီအနေဖြင့် မင်းအောင်လှိုင်အား မည်သို့မျှ ခေါင်းဆောင်နေရာတွင် ဆက်ထား၍ မဖြစ်တော့သည်ကို သဘောပေါက်သင့်ပြီ ဖြစ်သည်၊ ၎င်းဆက်ရှိနေမည်ဆိုက မြန်မာသည် အပယ်ခံ ဘဝ နှင့်ပင် လိမ်ဖယ် လိမ်ဖယ် စခန်းသွားရပေတော့မည်၊ နိုင်ငံတကာ နှင့် ပြန်ပေါင်းထုတ်လိုပါက ပထမ ခြေလှမ်း အဖြစ် မင်းအောင်လှိုင်အား ဖယ်ရှားမှသာ ဖြစ်ပေတော့မည်၊ မိမိတို့ဖာသာ မအုပ်ချုပ်ရဲဟု ဆိုကလည်း ရှိစေတော့။

 

အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ခဲ့သော သီလဝါ အထူး စီးပွားရေး ဇုံတွင် ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီ ပေါင်း ၁၁၃ ခု ရှိရာမှ ယခုအခါ စက်ရုံပေါင်း ၄၅ ရုံသာ လည်ပတ်နိုင်တော့သည် မည်သို့မျှ ငြင်း၍ မရသော သာဓက များပင် ဖြစ်သည်။

 

နိုင်ငံ အတွင်း အခြေအနေများ ဆက်လက်ဆိုးဝါး‌လာနေပြီး ယခုအခါ သံလွင် အနောက်ခြမ်း မိုင်းရှုး မြို့နယ် အတွင်းတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP နှင့် စစ်ကောင်စီ တပ်များ အကြား ထိတ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နေပြီး ဝ တို့၏ UWSA မှ လည်း မဟာမိတ် ဖြစ်သူ SSPP ထံ စစ်ကူများ စေလွှတ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

သံလွင် မြစ်အား ဖြတ်ကူးရာတွင် အချက်အခြာကျသည့် လွယ်နိုင်း ဒေသမှ တပ်များ ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှု ကို SSPP က လိုက်လျောခြင်း မရှိသဖြင့် စစ်ရေး အခြေအနေ တင်းမာလာခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လူအင်အား ဖြုန်းတီး ပစ်သည်ထက် ထူးခြားလာသည် မရှိခဲ့သည်က များနေပေသည်။

 

ထို့အတွက်လည်း ရုရှားလုပ် တိုက်လေယာဉ်များ မှ လွဲ၍ အဖက်ဖက်မှ ချွတ်ခြုံကျလာနေသော စစ်တပ်တတပ်၏ တောင်းဆိုမှု အား ပေလျကံ ပြုလာကြသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ ပြောင်းလဲလာသော အခြေအနေများကို အမိအရ ဆုတ်ကိုင်နိုင်ဖို့သာ တော်လှန်ရေး အင်အားစုများ ကြိုတင် ပြင်ဆင်ထားကြရမည် သာ ဖြစ်သည်။

 

သို့သော် တော်လှန်ရေး အင်အားစု များ အတွက် သတိထားစရာ အန္တရာယ်ကြီး တခုက ရှိနေပြန်သည်။ စစ်ကောင်စီသည် သွားလာနေသည့် လူအုပ်ကြီးထဲတွင် ၎င်းတို့ အလိုရှိသူများ၏ မျက်နှာ၊ ကားနံပတ်များ ကို တိုက်ဆိုင် စစ်ဆေးနိုင်သည့် facial recognition ဆော့ဖ်ဝဲယားကို အသုံးပြုကာ cctv နှင့် ခြေရာခံလိုက် နိုင်‌ နေပြီ ဖြစ်သည်ဟု ဂျာမန် သတင်းဌာန DW မှ ဆောင်းပါးရေးသား ဖေါ်ပြလာခဲ့သည်။ မျက် နှာ ပုံဖမ်းမိသွားသည် နှင့် cctv များမှတဆင့် ၎င်းတို့ နေထိုင်နေသည့် အိမ်များ အထိ တောက်လျှောက် ခြေရာခံနိုင်ပြီ ဖြစ်သည်။

 

သတင်းကောင်းတရပ် အဖြစ် ဩစတေးသျှ မြို့တော် ကင်ဘာရာ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်ရုံးကို လာမည့် အပတ်ထဲတွင် အခမ်းအနား နှင့် တရားဝင် ဖွင့်လှစ်တော့မည်ဟု သိရသည်။ ဩစတေးသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ကြမည် ဖြစ်သည်။

 

ပြည်သူ့တို့၏ တော်လှန်ရေး မုချ အောင်ရမည်!!!