ဘယ်သူ သတ်သတ် မသေတော့သော သူများ

by Hla Soewai - Jul 26 2022

ဥပဒေကို ထင်သလို လုပ်ပြီး တရားရုံးများကို စိတ်ကြိုက် ချယ်လှယ် အသုံးချခွင့် ရနေသော မင်းအောင်လှိုင် သည် လူမိုက်တသိုက် အားတက်သွားစေရန်၊ ပြည်သူတို့အား ခြိမ်းခြောက်နိုင်မည်လောဟူသည့် တွေးလို့ ရသမျှ အသိဉာဏ်ကလေး ဖြင့် ပြည်သူတရပ်လုံးအား စော်ကား မော်ကား ပြုလိုက်ပြီ ဖြစ်သည်။

 

ထိုမျှလောက် မိုက်မဲစွာ ကျူးလွန်လိမ့်မည်ဟု ပြည်သူတရပ်လုံးအနေနှင့် နာရီပေါင်း များစွာ ကြာအောင် မယုံ နိုင်အောင် ဖြစ်ခဲ့ကြရသည်ကို အတိုင်းသား ကြားသိနေရသည်။ ဇော်မင်းထွန်းက ထိုအရေးကို သူ လုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင်ပင် ထည့်သွင်း ပြောဆိုမည် မဟုတ်ကြောင်း ပမာမခန့် ပြောလာခဲ့သည်။ 

 

နိုင်ငံတကာက ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တစာစာ တောင်းဆိုနေမှုကို အရေးစိုက်စရာ မလိုသည့် အဖြစ်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ အား ဆန့်ကျင်သူ မှန်သမျှ ကို ရန်သူ ဟုပင် မသတ်မှတ်တော့ဘဲ တိရစ္ဆာန် သာသာ သဘောထားနေသည်ကို အတိုင်းသား မြင်တွေ့နေကြရပြီ ဖြစ်သည်။ 

 

မင်းအောင်လှိုင်က ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော်တို့သည် ရက်စက်စွာ ကျူးလွန်ခဲ့သော လူသတ်မှုများကို နောက်ကွယ်မှ စီမံခန့်ခွဲခဲ့ကြသူများ ဟု စွပ်စွဲကာ ကွပ်မျက်ခဲ့သည်။ သို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်နှင့်ကော မည်သို့များ ကွဲပြားခြားနားနေရသနည်း၊ ၎င်း၏ လက်ပါးစေ တပ်များသည် တရက် တည်း နှင့်ပင် လမ်းလယ် ကောင်တွင် လူပေါင်း ရာချီ၍ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ 

 

ထို့အတွက် သူသည်လည်း ပြည်သူတို့ ၏ ထိုက်တန်စွာ စီရင်မှုကို မလွဲမသွေ ခံစားရပေတော့မည်၊ နောက်ထပ် သတ်ဖို့ တန်းစီထားသည့် လူပေါင်း ၁၁၇ ဦး ရှိနေသည်။ ၎င်း၏ လုပ်ရပ်ကြောင့် နိုင်ငံတကာ မှ ကြားဝင် စေ့စပ် ပေးမည့် အမျိုးသား ရင်ကြားစေ့ရေး ဆိုသည့် မူ သည် လုံးဝ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ အပါအဝင် နိုင်ငံပေါင်းများစွာက အဆိုပါ ရာဇဝတ်မှုကြီး အပေါ် လွန်စွာ ထိတ်လန့် တုန်လှုပ်သွားခဲ့ ကြပြီး လူသတ် အစိုးရအဖြစ် ရှုတ်ချလိုက်သည့် သတင်းများလည်း တရစပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ အတွက် ထိုကဲ့သို့ သော အကြမ်းဖက် အဖွဲ့ နှင့် မည်သို့မျှ ဆက်ဆံစရာ မလိုတော့၊ အကြောင်းအမျိုးမျိုး ပြ ဆက်ဆံလာခဲ့ပါကလည်း ကူညီလို၍ မဟုတ်ဘဲ ၎င်းတို့ အကျိုးစီးပွား ရှိရာ ရှိကြောင်း ဩဇာသက်ရောက်ရာ သက်ရောက်နိုင်ကြောင်း အတွက်သာ ဖြစ်ပြီး မြန်မာ တမျိုးသားလုံးအား သစ္စာဖေါက်မှုကြီး အဖြစ် ရှုမြင် ကြတော့မည်လည်း ဖြစ်သည်။ မြန်မာပြည်ကို စိတ်ရင်းကောင်းဖြင့် ကယ်တင်လိုပါက ကန့်ကွက် ရှုတ်ချစာများ ထုတ်နေရုံဖြင့် အရှက်ရှိကြမည့်လူများ မဟုတ်၊ ၎င်းတို့ ဆက်လက်ရှင်သန် မနေနိုင်အောင် ဘက်ပေါင်းစုံမှ ပိတ်ဆို့ အရေးယူကြဖို့သာ ရှိသည်။

 

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့က စစ်အာဏာရှင်တို့၏ လက်ဝယ်တွင် နောက်ဆုံး ထွက်သက်ကို ရှူရင်း မီး မောင်းထိုးပြသွားခဲ့မှုကို ပြည်သူတရပ်လုံး စိတ်ထဲဝယ် စွဲမြဲ စွာ ခံယူသွားကြရမည် ဖြစ်ပြီး တော်လှန်ရေး အတွက် အင်အားတရပ် အဖြစ် ပြောင်းလဲ ခံယူနိုင်မှသာ အလဟသ ဖြစ်သွားမည် မဟုတ်ပေ။ ၎င်းတို့ သတ်ဖြတ်၍ လူ လေးဦး သာ သေဆုံးသွားခဲ့သော်လည်း လူပေါင်း များစွာ ရှင်သန် ထကြွ လာကြမည့် အရေးကို ရှောင်နိုင်ကြဦးမည်လော။

 

အကြမ်းဖက် စစ်တပ်က ၎င်းတို့သည် မည်သို့သော အတန်းအစားမျိုး ဖြစ်သည်ကို ထိုလုပ်ရပ်ဖြင့် တကမ္ဘာလုံး အား တပ်လှန့် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ အဖွဲ့ အတွက်လည်း မည်သို့မျှ အောင်ပွဲ ရရာ ရကြောင်း မရှိဘဲ ပြည်သူတရပ်လုံးသာမက တကမ္ဘာလုံး၏ ဝိုင်းကျဉ်ခြင်း ခံကြရပေတော့မည်။ စစ်ကောင်စီ အတွင်းတွင် မင်းအောင်လှိုင်၏ မိုက်ရူးရဲ လုပ်ရပ်ကြောင့် နိုင်ငံ‌ရေး ထွက်ပေါက် ရရန် ကြိုးစားနေသူများ အဖို့လည်း စိတ်ပျက် လက်ပျက် ဖြစ်ကုန်ကြပေတော့မည်။ ၎င်းတို့ အားလုံး အတွက် အန္တရာယ်ကောင်ကြီး အဖြစ် ရှုမြင်ကြပေ တော့ မည်။ မင်းအောင်လှိုင်ကလည်း If I go down, you all go down. So do your job. ဟု သူနှင့် အတူ ဆွဲခေါ်ဖို့ ကြံစည်နေခြင်းပင် ဖြစ်သည်။

 

ထိုသို့ မတရားမှုကို မတရားမှု အဖြစ် မျက်ဝါးထင်ထင် သိမြင်လာအောင် အသက်ပေးသွားခဲ့သည့် လူများသည် ဘယ်သူသတ်သတ် မသေတော့သော မြန်မာ ပြည်သူ တရပ်လုံး အတွက် ပြည်သူ့သားကောင်း အာဇာနည်များ အဖြစ် သမိုင်း အဆက်ဆက် မော်ကွန်းထိုးခံကြရတော့မည်လည်း ဖြစ်သည်။ ထိုသို့သော သေခြင်းမျိုးထက် မြင့်မြတ်သော သေချင်းမျိုး အဘယ်မှာများ ရှိနိုင်အံ့ပေမည်နည်း။ 

 

၎င်းတို့လက်အောက်တွင် မည်သူမျှ လူပီပီ နေ၍ မရတော့ ဟု သိမြင်လာကြသည်ကပင် အဆိုးထဲက အကောင်းအဖြစ် တော်လှန်ရေး မီးရှူးတိုင်အား အပြီးသတ်သည်အထိ ထွန်းညှိသွားကြရပေတော့မည်။ 

 

ကိုဂျင်မီ၏ ဇနီး မနီလာသိန်း က “ကျမတို့ အားလုံး ပိုချစ်ခင်မယ်၊ ပိုစည်းလုံးမယ်၊ ရန်ငါရှင်း ပြတ်ပြတ် အလုပ်တွေ ဆတိုး လုပ်ကြမယ်၊ ကြယ်တွေကြွေတာ ရှင်သူတွေ ရပ်တန့်ဖို့ မဟုတ်၊ ရှုံးနိမ့်ဖို့မဟုတ်၊ ခွန်အား အဖြစ် ပြောင်း၊ စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ် ရှင်သန်ခွင့် မရစေရ” ဟု သူမ၏ လူမှု ကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!