စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (41)

by Hla Soewai - Jul 24 2022

ထိတွေ့ဆက်ဆံပြီ (၁၀)

 

Old Wine, New Bottles?

 

ဩဂုတ်လတွင် ဒဲရက်သည် SPRC အမည်ပေးထားသည့် အထူး ကိုယ်စားလှယ် ရာထူးကို စတင် တာဝန်ယူ ထမ်းဆောင်လာခဲ့သည်။ မြန်မာသည် သုံးစွဲသူများ အတွက် နားမလည် နိုင်သောပစ္စည်း တခုလို ဖြစ်နေဆဲပင်၊ မည်သူက အပြောင်းအလဲများ လုပ်ရန် ဖြစ်နိုင်ခြေ ရှိသည် ဆိုသည်ကို နားမလည်နိုင်ပဲ စမ်းတဝါးဝါး ဖြစ်နေကြသည်။

 

ဒဲရက် အဖို့ ထိုသို့ လုပ်မည့်သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို ရှာဖွေဖေါ်ထုတ်ဖို့ ဖြစ်လာသည်။ ထို့ကြောင့် သူနှင့် တွဲ၍ လုပ်နိုင်မည့် လူများကို တန်းစီ၍ စာရင်း ပြုစုလာခဲ့သည်။

 

ဒဲရက်သည် သူ့၏ ရုံးမှ မည်သို့ လုပ်နိုင်သည် ဆိုသည်နှင့် ပတ်သက်ပြီး ဆန်းသစ်သော အမြင်များလည်း ရှိထားပြီး ဖြစ်သည်။ သူ နှင့် ဂရင်းတို့ နှစ်ဦး Foreign Affairs စာစောင်တွင် ဆောင်းပါး ပူးတွဲ ရေးပြီး ‌နောက်ပိုင်း ကာလများတွင် မြန်မာ ပေါ်လစီ အပေါ် ပြန်လည် သုံးသပ်လာခဲ့ပြီးနောက်  မြန်မာပြည်နှင့် ပတ်သက်ပြီး အပြောအဆိုများက ပြောင်းလဲလာမှု ထွက်ပေါ်မလာခဲ့ပေ။

 

ပိတ်ဆို့ ဒဏ်ခတ်မှုများ တိုး၍ ပြုလုပ်ရေး၊ ပို၍ ထိတွေ့ဆက်ဆံရေး အစရှိသည်တို့အား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ နှင့် စီးပွားရေး အရ ဆက်ဆံလိုသူများ အကြား အခြေအတင် ပြောဆိုမှုများ သည်လည်း ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်သည်။ ထိုအနေအထား မှ ဖေါက်ထွက်ရန် တခုခု လုပ်ဖို့ လိုလာပြီဟု အမေရိကန်တို့ဖက်က ယူဆလာသည်။

 

သို့သော် နိုင်ငံတွင်းတွင် အခြေအနေများ က ပြောင်းလဲနေပြီ ဖြစ်သည်။ သမ္မတ ဖြစ်လာသူ သိန်းစိန် သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အကြောင်း လူသိရှင်ကြား ပြောဆိုလာခဲ့သည်။ မတ်လ ၂၀၁၁ သမ္မတရာထူး လက်ခံသည့် မိန့်ခွန်းတွင် အလုပ်သမား အခွင့်အရေးများ၊ အကျင့်ပျက် လာဘ်စားမှုများ အဆုံးသတ်ရေး၊ နိုင်ငံတကာ မှ ကျွမ်းကျင်မှု များ ကြိုဆိုနေရာပေးရေး၊ EAO များ နှင့် ငြိမ်းချမ်းရေး ရယူနိုင်ရေး တို့ကို ထည့်သွင်း ပြောဆိုခဲ့သည်။ ဤသည်ကပင် ယခင် လူများ၏ အနေအထားမှ သိသိ သာသာ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။

 

သိန်းစိန်သည် နိုင်ငံရေးအရ သဘော ကွဲလွဲသူများ၊ အင်ဂျီအိုများ အား လက်ကမ်းပြီး နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ကူညီလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လာခဲ့သည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ထူ ထောင်ပေးခဲ့ပြီး အမျိုးသား ရင်ကြားစေ့ရေး နှင့် တိုင်းရင်းသား လက်နက်ကိုင်များထံ လက်ကမ်း လာခဲ့သည်။ အလုပ်သမား သမဂ္ဂများလည်း ဖွဲ့စည်းခွင့် ပေးလာခဲ့ပြီး မီဒီယာများ အပေါ် ကန့်သတ် မှုများ ဖြေလျော့ပေးခဲ့ပြန်သည်။

 

ဒေါ်အောင်ဆန်းစုကြည် နှင့်ပါ အလုပ်သဘော အရ ဆက်ဆံမှု များ တည်ဆောက်လာသည်။ တကယ်တမ်းတွင် သိန်းစိန်သည် သူ၏ဘဝ အထိခိုက်ခံပြီး ပြုပြင်ပြောင်းလဲရေးများ ကို တာဝန်ယူ လုပ်မည် လူမျိုး အဖြစ် မည်သူကမျှ မယူဆခဲ့ပေ။

 

ဆိုင်ကလုံး နာဂစ်နှင့် သံဃာတော်များအား သတ်ဖြတ်ခဲ့မှုများကြောင့် စစ်အစိုးရ ထိပ်ပိုင်းတွင် အပြောင်းအလဲများ လုပ်ဖို့ ယူဆလာခြင်းသည်သာ ဖြစ်နိုင်ဖွယ် ရှိနေသည်။ သိန်းစိန်သည် ဘာသာ တရားကို လွန်စွာ ကြည်ညို ကိုးကွယ်သူတဦး ဖြစ်ပြီး မြစ်ဝကျွန်းပေါ်သား လည်း ဖြစ်သည်။ လမ်းများ ပေါ်တွင် သေနတ် နှင့် ပစ်ခတ်ခံရ၍ သံဃာတော်များ အတုံးအရုံး လဲပြိုသေဆုံးခဲ့မှုများသည် သူ့၏ စိတ်အား အတော်ကို ထိခိုက်သွားစေခဲ့သည်။

 

သူ လူဖြစ်ကြီးပြင်းခဲ့ရာ မြစ်ဝကျွန်းပေါ်အား မုန်တိုင်းဒဏ် သင့်ခဲ့မှု အပေါ် SPDC စစ်အစိုးရက ရက် စက်စွာ ပေယျာလကန် ပြုခဲ့မှု အပေါ် စိတ်ထိခိုက် သွားမည် ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်း နိုင်ငံများ အရှိန်အဟုန်နှင့် လျှင်မြန်စွာ တိုးတက်လာနေပြီး မြန်မာ နောက်ကျကျန်နေခဲ့မှုကို ကောင်းစွာ ရိပ်စား မိလာသူလည်း ဖြစ်သည်။

 

ယခင်က ဝန်ကြီးချုပ် တဦးအဖြစ် ဒေသတွင်း မကြာခဏ ရောက်ရှိခဲ့ပြီး ဖြစ်၍ စင်္ကာပူသည် တတိယ ကမ္ဘာ မှ ပထမတန်းစား နိုင်ငံအဖြစ် ရောက်ရှိနေမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လာခဲ့သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း များ တဟုန်ထိုး တိုးတက်လာနေပုံ၊ မိမိနိုင်ငံထက် GDP မြင့်တက်လာနေပြီ ဖြစ်သော လာအို နိုင်ငံမှ အရာရှိများ သည် အာဆီယံ အစည်းအဝေးများသို့ iPads များ တကိုင်ကိုင် နှင့် တက်ရောက်လာခဲ့ပုံများ ကိုလည်း သတိထားမိလာခဲ့သည်။

 

၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် သိန်းစိန်သည် အကြံပေး အရာရှိ အများ အပြား ခန့်အပ်ပြီး အဓိက ရင်ဆိုင်စရာ ရှိသည့် ပြဿနာများ အပေါ် သုံးသပ်စေခဲ့ပြီး နိုင်ငံရေးရာ များ အတွက် အကြံဉာဏ်များ ရယူခဲ့သည်။

 

သူသည် Myanmar Egress ဆိုသည့် အဖွဲ့ အပေါ် အဓိက အားထားခဲ့သည်။ ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ ဂျာနယ်လစ်များ၊ တတ်သိပညာရှင် ဆိုသူများနှင့် ဖွဲ့စည်းထားပြီး စစ်တပ်နှင့် ဆက်ဆံ မှုများ ပြုလုပ်ပြီး ပြုပြင်ပြောင်းလဲလိုသူများကို ရှာဖွေခဲ့သည်။

 

ပြည်တွင်း ပြည်ပ မှ ထိုအဖွဲ့ နှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး ကွဲပြားနေကြသည်။ အချို့က စစ်တပ် နှင့် နီးစပ်လွန်းသည်ဟု ရှုမြင်ကြပြီး အချို့ကလည်း အမှန်တကယ် ပြုပြင်ပြောင်းလဲရေးထက် ၎င်းတို့ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည့် အလားအလာများ တိုးတက်ကောင်းမွန်ရေးကိုသာ အာရုံထား နေသူ များ ဟု ယူဆကြပြန်သည်။ ထိုအဖွဲ့သည် သိန်းစိန်အား ပေးပို့သည့် အစီရင်ခံစာများ တွင် The West Wing တီဗီ စီးရီးကိုပါ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်စေရန် ဆိုကာ ထည့်သွင်းပေးခဲ့သည်။ တီဗီ နှင့် ရုပ်ရှင်များသည် ယနေ့ခေတ် ချာတိတ်များ အပေါ် ဩဇာသက်ရောက်မှု မရှိဟု မည်သူ ပြောနိုင်ပေအံ့နည်း။

 

၂၀၁၁ မတ်လ တွင် သိန်းစိန် သည် သမ္မတရာထူးအား ရယူပြီးနောက်တွင် သူ့အတွက် သမ္မတရုံး ဝန်ကြီးများ အဖွဲ့ကို ဖွဲ့စည်းလာပြီး ထိုအထဲတွင် ယခင် ရေတပ် ဦးစီးချုပ် စိုးသိန်း၊ ယခင် ထောက် လှန်းရေး အရာရှိဟောင်း အောင်မင်းတို့ ပါဝင်လာခဲ့သည်။ စိုးသိန်းသည် စီးပွားရေး နှင့် အရေး ကြီးသော သံတမန်ရေး ကိစ္စများကို အဓိက ထားပြီး အောင်မင်းကတော့ ရှုပ်ထွေးနက်နဲနေသည့် EAO များ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တာဝန်ယူလာခဲ့သည်။ မြန်မာ အရေး လေ့လာ စောင့်ကြည့် သူများ၊ ကျောင်းသား အုပ်စုများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အားလုံး တအံ့တဩ ဖြစ်သွားခဲ့ရသည်။

 

သိန်းစိန်၏ စီမံခန့်ခွဲလာမှု စတိုင်သည် ကျွမ်းကျင်သူများ ၏ အကြံဉာဏ်များကို နားထောင်ခြင်း၊ လုပ်ပိုင်ခွင့်များ ခွဲဝေ သတ်မှတ်ပေးခြင်း၊ မြန်မာပြည်၏ စီးပွားရေး အခြေအနေများကို ပွင့်လင်းစွာ သိမြင်နိုင်မည့် အစီရင်ခံစာများ တောင်းဆိုလာခြင်း စသည်တို့သည် ရှေ့လျောက် ပြုလုပ်မည့် နိုင်ငံရေး အရ အသွင်ကူးပြောင်းလာမှုများ အတွက် ပဏာမ ခြေလှမ်းများ စတင်ပျိုးထောင်လာခြင်း နှင့် အလား သဏ္ဌာန် တူညီလာနေပြီ ဖြစ်သည်။