အကို့ ကို သနားလိုက်တာ

by Hla Soewai - Jul 21 2022

ယမန်နေ့က အာဇာနည် နေ့ အခမ်းအနား အား အာဏာသိမ်း ဒု ခေါင်းဆောင် စိုးဝင်း လာရောက် ပန်းခွေချပြီး တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။ အကြောက်တရား ကြောင့် အများပြည်သူများအား ဝင်ရောက်ခွင့် မပြုတော့။

 

သို့သော် နေရာအနှံ့အပြားတွင် ကားဟွန်းတီး၍၎င်း၊ ပုံစံအမျိုးမျိုး နှင့် ၎င်း ပြည်သူများက ကျေးဇူးတရား အောက်မေ့သတိရစွာ ဖြင့် အလေးပြုခဲ့ကြသည် ဟု သိရသည်။

 

ရန်ကုန် မြို့တွင်လည်း အချို့နေ့ရာများတွင် လမ်းများ ပိတ်ဆို့ထားပြီး ကင်းလှည့်နေသော စစ်ကားများကို နေရာအနှံ့တွင် တွေ့ရသည်ဟု ပြည်ပ မီဒီယာ များ တွင် ဖေါ်ပြထားသည်။

 

သို့သော် အခမ်းအနားသို့ မည်သည့် အနောက်တိုင်းသံရုံး တခုတလေကမျှ ကိုယ်စားလှယ် စေလွှတ်ခြင်း မရှိဟု သံတမန် သတင်းရပ်ကွက်များအား ကိုးကား၍ ဖေါ်ပြထားသည်။

 

"အာဇာနည် ကိုးဦး မကတော့" ဟူသော ဗီနိုင်း ပိုစတာများ ကိုင်ဆောင်ပြီး လျပ်တပျက် ဆန္ဒပြမှုများ နေရာအနှံ့တွင် ပေါ်ပေါက်ခဲ့သည်။

 

တိုင်းပြည် စီးပွားရေး သည် အနိမ့်ဆုံးသို့ ထိုးဆင်းလာနေပြီး ကျပ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် ယှဉ်လျှင် ဆက်တိုက်ဆိုသလို ကျဆင်းလာနေသဖြင့် မြန်မာငွေ အပေါ် ယုံကြည်မှု မရှိကြတော့ပဲ ရွှေများကို အလုအယက် ဝယ်ယူစုဆောင်းလာနေကြသည်။

 

ကမ္ဘာဈေးကွက်တွင် ရွှေတန်ဖိုး ကျဆင်းနေသော်လည်း မြန်မာတွင်မူ ၂၄ ကာရက် အမျိုးအစား "အကယ်ဒမီ" ရွှေဈေးသည် ၁၆.၆၀၆ ဂရမ် လျှင် ကျပ်ငွေ ၂.၁ သန်း ရှိသွားပြီဟု ‌ရွှေဆိုင် လုပ်ငန်းရှင် တဦးကပြောကြောင်း RFA တွင် ဖေါ်ပြထားသည်။

 

မြန်မာသည် အာဆီယံ ဆယ်နိုင်ငံထဲတွင် စီးပွားရေး ကျဆင်းမှုဒဏ် အခံရဆုံး ဖြစ်နေသည်ဟု အာရှဘဏ် အစီရင်ခံစာတွင် ဖေါ်ပြထားပြီး ချက်ခြင်း ပေးဆပ်ရန် ရှိနေသည့် ပြည်ပကြွေးမြီသည် ဒေါ်လာ ၁.၂ ဘီလီယံ ရှိနေကြောင်း Bloomberg data အရ သိရကြောင်း ရေးသားထားသည်။

 

ဇူလိုင် ၁၃ ရက်နေ့ ဗဟိုဘဏ် မှ ကျဆင်းလာနေ‌‌ သော ကျပ်တန်ဖိုး ကို ကျားကန်ထားနိုင်ရန် ဒေါ်လာ ဖြင့် ပေးဆပ်ရမည့် ပြည်ပကြွေးမြီများကို ဆိုင်းငံ့ထားရန် ထုတ်ပြန်လိုက်သော အမိန့်အရ မြန်မာနိုင်ငံ အတွင်း လုပ်ကိုင်နေသော ထိုင်း ကုမ္ပဏီများ နာမည်ပျက် စာရင်း ဝင်သွားမည့် အရေးအား ကာကွယ်ပေးရန် ထိုင်း ကူးသန်းရောင်းဝယ်ရေး ဘဏ်များမှ လောလောဆယ် ချေးငှားပြီး ဆပ်နိူင်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံထုတ် နေရှင်း သတင်းစာတွင် ဖေါ်ပြထားသည်။

 

မြန်မာနိုင်ငံတွင်တော့ ထိပ်ထိပ်ကျဲ စီးပွားရေး ပညာရှင်များ အကျဉ်းချခံနေရပြီး ဒုတိယတန်းစား ပညာရှင်များ လောက်နှင့်သာ စခန်းသွားနေရသည့် စစ်အာဏာသိမ်း အဖွဲ့အဖို့ အားကိုးစရာ လူမရှိ ဖြစ်လာနေပေပြီ။

 

ဗြိတိသျှ ဘုရင်မကြီး နှင့် အိမ်ရှေ့မင်းသားကြီးကပင် တလေးတစား နှင့် ဘတ်ကင်ဟန် နန်းတော်ကြီးတွင် တွေ့ဆုံ ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ အား တုပြိုင်ချင်သော စိတ်ဖြင့် အကြမ်းဖက် အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင် အဖို့ ဗြိတိသျှ သံအမတ်ကပင် အဖက်လုပ်၍ ခန့်အပ်လွှာ ပင် သွား မပေးပဲ နိုင်ငံက ထွက်သွားခဲ့ပြီ ဖြစ်သည်။ ထိုမျှလောက် အနေအထားများ ကွာခြားနေပြီ ဆိုသည်ကို တတိုင်းပြည်လုံးက မသိချင် မမြင်ချင်မှ အဆုံး ဖြစ်လာနေသည်။

 

နိုင်ငံ အနှံ့တော်လှန်ရေး အရှိန်အဟုန် ကောင်းလာသည်နှင့်အမျှ ရံပုံငွေ လစဉ် ဒေါ်လာ ဆယ်သန်းခန့် လိုအပ်နေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရမှ ‌ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

နိုင်ငံတကာ မှ မြန်မာတို့၏ အရေးအား ပါးစပ်မှ လွဲ၍ တကိုယ်လုံး တုတ်တုတ်မှ မလှုပ် ဖြစ်နေသည်ကို သိရှိလာပြီ ဖြစ်၍ "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဟူသော ကြွေးကြော်သံ နှင့်အတူ စစ်ကိုင်းတိုင်း နှင့် ကယား ပြည်နယ်များ တွင် လက်နက်များ ကိုယ်တိုင် တီထွင် ထုတ်လုပ်နေကြပြီ ဖြစ်ရာ ရံပုံငွေများလည်း လိုအပ်လာနေသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

ထိုသို့သော အခြေအနေများကို မင်းအောင်လှိုင်အား နားချပြောဆိုရဲသူ မရှိသော်လည်း ဇနီးဖြစ်သူကတော့ တနေ့တခြား ကောင်းစွာ ရိပ်စားမိနေပြီး အပူရုပ်ကို ဟန်လုပ်နေရရှာသည်ကို ပုံတွင် အတိုင်းသား တွေ့မြင်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!