၂၀၁၁ ဩဂုတ်လ တွင် မြန်မာနိုင်ငံ အတွက် အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေး မှူး Special Representative and Policy Coordinator (SRPC) ရာထူး ခန့်အပ်ရန် အတည်ပြုချက် ရလာခဲ့သည်။ ၂၀၀၈ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော JADE ACT တွင် ပါရှိလာသည့် ကို ဖြည့်ဆည်း ခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါ ဥပဒေအား ရွှေဝါရောင် တော်လှန်ရေး အပြီး စစ်အာဏာရှင် တိုက်ဖျက် ရေး နှင့် လူ့အခွင့်အရေးများ အတွက် ရည်ရွယ် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
၂၀၀၇ ဩဂုတ်လတွင် SPDC သည် စက်သုံးဆီ ဈေးများကို တဟုန်ထိုး မြှင့်တင်ခဲ့၍ လူအများ နေ့စဉ်သုံး စားကုန်များ ဈေးနှုန်း မြင့်တက်လာပြီး ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေကြရသော အိမ်ထောင်စုများ မလောက်မင ဖြစ်လာသည့် အခြေသို့ ဆိုက်လာခဲ့သည်။ ယင်းနှင့် အတူ လူထု၏ ဒေါသ ရေချိန်သည်လည်း မြင့်မားလာသည်။
နောက်ဆုံးတွင် ဒီမိုကရေစီ အရေး လှုပ်ရှားတက်ကြွသူများ၊ ၁၉၈၈၊ ၁၉၉၀ နှင့် ၁၉၉၆ လူထု အုံကြွ မှုများတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားဟောင်းများ သည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြပြီး လူထု ရင်ဆိုင်နေရသော အကျပ်အတည်းများကို ဖြေရှင်းပေးရန် စစ်အစိုးရအား တောင်းဆို ဆန္ဒပြခဲ့ ကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတို့ အထွတ်အမြတ်ထား ကိုးကွယ်ကြသည့် သံဃာ တော်များလည်း ရှေ့ဆုံးမှ ပါဝင်ချီတက်ဆန္ဒပြခဲ့ကြသည်။ သံဃာတို့၏ သင်္ကန်းရောင်ကို အစွဲပြု၍ ရွှေဝါရောင်တော် လှန်ရေး ဟု တင်စား ခေါ်ဆိုလာကြသည်။ သံဃာတော်များက သူတို့၏ အစွမ်းအထက်ဆုံး လက်နက် ဖြစ်သည့် သပိတ်ကို မှောက်ကာ ကန့်ကွက် လာကြပြီး ဆန္ဒပြပွဲများသည်လည်း တနိုင်ငံလုံးသို့ ပျံ့နှံ့လာခဲ့တော့သည်။ ထိုသို့ သံဃာတော်များ သပိတ်ကို မှောက်လိုက်ခြင်းကြောင့် စစ်သားများ နှင့် မိသားစုများ ဆွမ်းလောင်းကုသိုလ် ပြုခွင့် မရ ဖြစ်သွားခဲ့သည်။ ဘာသာရေးအရ ဖယ်ကျဉ်ခြင်း ခံလိုက် ရခြင်းလည်း ဖြစ်သည်။ ဤသည်က ဗုဒ္ဓဘာသာ ကို လွန်စွာ ကြည်ညို သဒ္ဓါ ပွားတတ်သည့် မြန်မာတို့ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ပြဿနာကြီး ဖြစ်လာခဲ့ရသည်။
ဆန္ဒပြနေမှုများအား ရက်သတ္တပတ် အနည်းငယ်အထိ ဆက်လက်ခွင့်ပြုထားခဲ့ပြီးနောက် စစ်တပ်သည် သံဃာ တော် တို့၏ တော်လှန်ဆန့်ကျင်မှုများအား အကြမ်းဖက် နှိမ်နှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သံဃာတော် တဒါဇင်ကျော်မျှ ပျံလွန်တော် မူခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရသူ အဖမ်းခံရသူများ ရှိလာခဲ့ သည်။
ထို့ကြောင့်လည်း အမေရိကန် ကွန်ဂရက်သည် နောက်ထပ် တကြော့ပြန် မူဝါဒများ ချမှတ်ကာ JADE ACT ကို ပြဋ္ဌာန်းလာခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာ စစ်အစိုးရ ရှုံ့မဲ့လာအောင် လုပ်နိုင်မည့်၊ မူဝါဒများ ဖေါ်ထုတ်နိုင်မည့်၊ လူကို ရှာဖွေ ခန့်ထားရန် SRPC ရာထူးကို ဖန်တီးပေး လာခဲ့သည်။
SRPC သည် သံအမတ်ကြီး အဆင့် နှင့် တန်းတူဟု သတ်မှတ်ပေးခဲ့သည်။ သမ္မတ မှ ထိုရာထူး အတွက် အမည်တင်သွင်းရန် လိုလာပြီး အထက်လွှတ်တော်မှ ခေါ်ယူ ကြားနာ အတည်ပြုပေးရဖို့ ဖြစ်လာခဲ့သည်။ ခန့်အပ်ခံရသူသည် နိုင်ငံတကာ အသိုက်အဝန်းဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာယံ နှင့် အီးယူ အဖွဲ့များနှင့် ညှိနှိုင်း တိုင်ပင်ပြီး မိမိ မူဝါဒအား ထောက်ခံလာအောင် စည်းရုံး နိုင်ရမည်လည်း ဖြစ်သည်။
သူ၏ သံအမတ် ရာထူးတွင် ကပ်ပါလာသည့် "မူဝါဒ ရေးရာ ညှိနှိုင်းရေးမှူး" သည် အရေးပါဆုံးပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတကာ အသိုက်အဝန်း နှင့် သာမက သူ့ ဌာန ၏ အမြင် နှင့် ရည်မှန်း ချက်များ ပေါက်မြောက် အကောင်အထည် ဖေါ်နိုင်ရန် အမေရိကန် အစိုးရ အဖွဲ့ရှိ ဝန်ကြီးဌာန အသီးသီး ထံမှ လိုအပ်သည့် အကူအညီများ တောင်းခံရယူ နိုင်သည့် အခွင့်အာဏာ ပေးအပ်ခံရခြင်းပင် ဖြစ်သည်။ ဤသည်က အရေးပါဆုံး ဖြစ်ရုံမက လက်တွေ့ လုပ်ကိုင်ရန် အခက်ခဲဆုံး လည်း ဖြစ်သည်။
အိုဘာမား အစိုးရသည် ပထမဆုံး SRPC အဖြစ် ဒဲရက် မစ်ချယ်ကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ ထိုရာထူး အတွက် ဒဲရက် နှင့် ပို၍ သင့်လျော်သည့် လူကို အိုဘာမား အဖို့ မည်သည်နည်းနှင့်မျှ ရှာတွေ့ နိုင်မည်လည်း မဟုတ်ပေ။ ဒဲရက်သည် ကာလကြာမြင့်စွာ ကတည်းကပင် အာရှ ရေးရာ များ သာမက မြန်မာ အရေးနှင့် လည်း ထဲထဲဝင်ဝင် ပတ်သက်ထားခဲ့ပြီး ဖြစ်သည်။ ဒဲရက် သည် အထက် လွှတ်တော် အမတ် တက် ကနေဒီ ၏ရုံးတွင်၎င်း၊ တွေးခေါ်မျှော်မြင်ရေး အဖွဲ့များတွင်၎င်း၊ ကာကွယ်ရေး ဝန်ကြီး ဌာနတွင် ၎င်း အမှုထမ်းခဲ့ပြီးသူ ဖြစ်သည်။
မြန်မာ ပြဿနာ ၏ ဆွဲငင်ခြင်း ခံခဲ့ရသူများ ကဲ့သို့ပင် ဒဲရက်လည်း ရှောင်လွှဲ၍ မရသည့် ကြမ္မာဖန်လာ ခဲ့သူ ဖြစ်သည်။ ၁၉၉၂ တွင် ဒဲရက်သည် သူ နှင့် အတူ တက် ကနေဒီ ၏ရုံးတွင် လုပ်ဖေါ်ကိုင်ဖက် ဖြစ်ခဲ့သူ ရှေ့နေတဦးလည်း ဖြစ်သော ဂရက် ခရိတ် ထံ ရောက်လာပြီး သူ့၏ အလုပ်အကိုင် အခွင့် အလမ်း အတွက် အကြံဉာဏ်များ တောင်းခံလာခဲ့သည်။ ခရိတ်က လောလောဆယ် လူ့အခွင့်အရေး နှင့် ဆိုင်သော အခမ်းအနားတခု လုပ်ရန်ရှိနေ၍ သွားတက်ဖြစ်အောင် တက်ရန် တိုက်တွန်းခဲ့သည်။ ထိုအခမ်းအနားသည် မြန်မာ အမျိုးသမီးတဦး အကြောင်း အဓိက ထား ဆွေးနွေးမည့်ပွဲဟုလည်း ဆိုသည်။ သို့သော် ခရိတ် ပြောသည့် ထိုအမျိုးသမီး နာမည်ကို ဒဲရက်သည် မည်သို့မျှ မှန်ကန်အောင် အသံမထွက်နိုင် ဖြစ်နေသည်။
ဒဲရက်သည် ထိုအခမ်းအနားသို့ သွားဖြစ်အောင် သွားခဲ့ပြီး သူမ ရေးသော Freedom From Fear စာအုပ်ကို ဝယ်ယူခဲ့ပြီး စတင် ဖတ်ရှု ခဲ့သည်။
ထိုအချိန်က သူသည် တရုတ်ပြည် အကြောင်း အဓိက အာရုံစိုက် လေ့လာနေချိန်လည်း ဖြစ်၍ လမ်းလွဲ သွားမည် စိုး၍ ဖတ်ချင်စိတ် သိပ်တော့ မရှိလှပေ။ သို့သော် ဖတ်ရင်းနှင့် တဖြေးဖြေး သူ၏ စိတ်ဝင် စားမှုသည် ကြီးထွားသည်ထက် ကြီးထွားလာခဲ့ရသည်။
နောက်ပိုင်း သုံးနှစ်အကြာ National Democratic Institute (NDI) တွင် လုပ်ရင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ ကင် ဝေါလက် နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရန် မြန်မာပြည်သို့ လိုက်ပါလာခဲ့သည်။ ထိုအချိန်တွင်တော့ ဒဲရက်သည် သူမ၏ အမည်ကို ကောင်းစွာ အသံထွက်နိုင်နေပြီ ဖြစ်သည်။
သူမက မြန်မာပြည်သူတို့၏ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အား အလင်းရောင် ထိုးပေးထားပါရန် တောင်းဆိုလာခဲ့သည်။ ဤကဲ့သို့ မြန်မာတနိုင်ငံလုံး အရေး ခေါင်းပေါ်ရွက်ကာ အမေရိကန်တို့အား မိမိတို့ ရရှိနေသော လွတ်လပ်ခွင့် များကို အသုံးချပြီး မြန်မာပြည်သူများ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ပေးကြပါဟု ပြောလာသည့် အမျိုးသမီးကြီး၏ တောင်းဆိုမှု ကို မည်သူက စိတ်မညွတ်နူးဘဲ နေနိုင်ပါအံ့နည်း။
NDI သည် ထိုနှစ် အတွက် ဒီမိုကရေစီ ဆု အား သူမကို ပေးရန် ရွေးချယ်ခဲ့သည်။ အမေရိကန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်မယူနိုင်သဖြင့် ဒဲရက်က သူမ၏ ဆုလက်ခံရရှိကြောင်း မိန့်ခွန်းကို ရုပ်ရှင် မှတ်တမ်းအတို ရိုက်ယူခဲ့ပြီး တကမ္ဘာလုံးရှိ ပရိသတ် သိရှိနိုင်အောင် ပြသခဲ့သည်။ ဤသို့ဖြင့် ဒဲရက်သည် မြန်မာအရေးတွင် ထဲထဲဝင်ဝင် ပတ်သက်လာခဲ့ပြီ ဖြစ်သည်။