မော်စကို ဟာသ ပြဇာတ်ကြီး

by Hla Soewai - Jul 19 2022

ဇူလိုင် လ နှစ်ဆယ် တွင် မော်စကို၌ ပြုလုပ်ရန် ရှိနေသော ၁၃ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစည်းအဝေးကြီး အား အကြမ်းဖက်ဝါဒကို state policy အဖြစ် ဗြောင်ကျ ကျ ကျင့်သုံးနေကြသည့် ရုရှားနှင့် မြန်မာမှ ပူးတွဲ ဦးဆောင်ကာ ကျင်းပသွားမည် ဆိုသည့် သတင်းပင်ဖြစ်သည်။ 

 

မြန်မာ အာဏာသိမ်း အဖွဲ့က နိုင်ငံတွင်း ရှိ ၎င်းတို့ အုပ်ချုပ်နေမှုအား အကျောက်အကန် ခုခံ တွန်းလှန်နေသည့် တော်လှန်ရေး အင်အားစုများအား “အကြမ်းဖက် သမား” များ အဖြစ် ကင်ပွန်းတပ်ထားပြီး၊ ပြောလည်း ပြောထားပြီး ဖြစ်၍ ထိုအစည်း အဝေးအားလည်း နိုင်ငံရေးအရ အမြတ်ထုတ် တော့မည် သာ ဖြစ်သည်။

 

ရုရှားကလည်း စစ်ကောင်စီအပေါ် တန်းတူရည်တူ အစိုးရ အဖြစ် သဘောထား၍ မရမှန်း သိသော်လည်း အရှေ့ တောင်အာရှ အတွက် နယ်ရုပ် လေး တရုပ် အဖြစ် သဘောထားကာ အကွက်ရွှေ့ဖို့လောက်သာ အသုံးချ သွားမည် ဖြစ်သည်။

 

ထိုသို့ ဟာသမြောက်လှသည့် အစည်းအဝေးအား တက်ရောက်ရန် ရှိနေသည့် နယူးဇီလန် နှင့် ဩစတေးလျှ တို့က သပိတ်မှောက်မည်ဟု ပွင့်လင်းစွာ ပြောကြားထားပြီး ဖြစ်သော်လည်း ဂျပန်၊ တောင်ကိုရီယား၊ တရုတ်၊ အိန္ဒိယ နှင့် အမေရိကန် တို့၏ သဘောထားကို မသိရသေးဟု သတင်းများက ဆိုသည်။

 

ပြဿနာ အမြဲလို ဖြစ်နေရသည်မှာ အာဆီယံသည် ကိန်းကြီးခန်းကြီး နိုင်ဖို့လောက်သာ စဉ်းစားနေပြီး မြန်မာ အရေးကိုလည်း အားလုံး ဝိုင်းဝန်းဖြေရှင်းမှ ဖြစ်မည်ဟု တလွဲဆံပင်ကောင်းနေခြင်း ဖြစ်သည်။ မြန်မာ ပြည်သူ များက သာ ကိုယ်စွမ်းကိုယ်စဖြင့် တော်လှန်ရေးကြီး အောင်မြင်သွားသည့်နေ့ တိုင်အောင် ၎င်းတို့ဖက်ကတော့ ဘုံရပ်တည်ချက် ၅ ချက် ဆိုသည်ကို ဂါထာ မန္တယားများ ရွတ်သလို တဖွဖွ ရွတ်ဆိုသွားမည့် အဖွဲ့ကြီး ဖြစ်သည်။

 

ကျန်နိုင်ငံများကလည်း အာဆီယံ နှင့် ဆက်ဆံရေး ရှိနေပြန်၍ အမြဲလို အကျပ်အတည်း ကျနေရသည်။

 

မင်းအောင်လှိုင်က နိုင်ငံတကာအား သွေးတိုးစမ်းသည့် အနေဖြင့် နည်းအမျိုးမျိုး နှင့် ရက်စက်မှု အပေါင်း သရဖူ ဆောင်းပြခဲ့သည်။ သို့သော် ကန့်ကွက် ရှုတ်ချသည်၊ စိုးရိမ်မကင်း ဖြစ်ရသည် ဆိုသည်က လွဲ၍ ပို၍ တုန့်ပြန် မလာခဲ့သည့်အခါတွင်တော့ ဟန်ရေးပြနေကြခြင်းသာ ဖြစ်သည်ကို သဘောပေါက်လာခဲ့သည်။ ဤသို့ဖြင့် မြန်မာ ပြည်သူတို့ အဖို့ အမှောင်တကာ အမှောင်တိုက်ထဲသို့ တိုးဝင်လာခဲ့ရပေတော့သည်၊ ယင်းနှင့် အတူ “ငါတို့အတွက် ငါတို့ပဲ ရှိတယ်” ဟူ သော စစ်အာဏာသိမ်း အဖွဲ့ အတွက် ကြောက်မက်ဖွယ်ရာ တပ်လှန့်သံကြီး မြည်ဟီးထွက်ပေါ်လာခဲ့ရပေတော့သည်။

 

စစ်ကောင်စီ အဖို့လည်း ထိုသို့ သွေးတိုးစမ်းရင်းက ရက်စက်ကြမ်းကြုပ်စွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အလစ်ဝင် တိုက်၊ ရွာများကို မီးရှို့ စသည့် နည်းမျိုးစုံ သုံးလာခဲ့သော်လည်း တော်လှန်‌ရေး အင်အားစုများကို မည်သို့မျှ နိုင်အောင် မတိုက်နိုင်တော့မှန်းလည်း သိလာနေပြီ ဖြစ်သည်။

 

ရုရှားတွင် ရှိနေစဉ် နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုသွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့သည်ဟု ဟိတ်ကြီးဟန်ကြီး ဖြင့် ခပ်တည်တည် ပြောသွားခဲ့သော်လည်း မြန်မာဖက်တွင် နျူကလီးယား သိပ္ပံ ပညာရှင် ဟူ၍ တဦးတလေမျှပင် မရှိသည့် အဖြစ်ဟု ယခင် အစိုးရ အကြံပေး နှင့် မြန်မာ စွမ်းအင်ကဏ္ဍ ကျွမ်းကျင်သူ Guillaume de Langre က ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုသို့သော အပြောအဆိုများသည် လက်တွေ့တွင် ဖြစ်လာနိုင်စရာ မရှိဟု ၎င်းက ပယ်ချလိုက်သည်။ ဖြစ်လာနိုင်ဖို့ ဆိုသည်ကလည်း ရုရှားသည် နျူကလီးယား ဓါတ်အားပေး စက်ရုံကို အစမှ အဆုံး လာတည်ဆောက်ပေးပြီး လည်ပတ်နိုင်အောင်လည်း ပညာရှင်များကို အမြဲလို နေ့ညမပြတ် ထားရှိပေးရမည်။ လိုအပ်သည့် လောင်စာ ဆီမှသည် စွန့်ပစ်ပစ္စည်းများ သယ်ထုတ်ရေး အတွက်ပါ တာဝန်ယူပေးရမည်။ သို့မဟုတ်ကလည်း စစ်အရာရှိ များကို နျူကလီးယား သိပ္ပံပညာရှင် များ တင်းပြည့်ကျပ်ပြည့် ဖြစ်လာအောင် ဆယ်စုနှစ် တခုနီးပါးအကြာ လေ့ကျင့်ပေးမှသာ ဖြစ်လာနိုင်မည်ဟု ပြောဆိုသွားခဲ့သည်။ မည်သို့ပင် ဆိုစေ မင်းအောင်လှိုင်၏ အကြံအစည်သည် တိုင်းပြည် ဒေဝါလီ ခံရဖို့ အမြန်လမ်းက သွားနေခြင်းသာ ဖြစ်သည်။

 

ယခုလည်း ပြည်တွင်း တွင် ဒေါ်လာဈေးက တရိပ်ရိပ်တက်လာနေချိန်တွင် သီရိလင်္ကာ အဖြစ်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်လာသော မင်းအောင်လှိုင် အဖို့ ၎င်းတို့အတွက် သိုလှောင်ထားသော စက်သုံးဆီများ ထုတ်ရောင်းကာ ဈေးကျအောင် လုပ်နေ၍ လုပ်ငန်းရှင်များ အရှုံးပေါ်ကာ ဈေးကွက် ကမောက်ကမ ဖြစ်လာ နေသည်ဟု သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ မြန်မာသည် လိုအပ်သော စက်သုံးဆီ ပမာဏ ၉၀ ရာနှုန်းအား ပြည်ပမှ တင်သွင်းနေရသည့် နိုင်ငံ ဖြစ်သည်။

 

တကိုယ်တော် ကောင်းစားရေး၊ အန္တရာယ် ကင်းရေးကို ဦးတည်ပြီး တိုင်းပြည်ကို ယတြာ နှင့် အုပ်ချုပ် သွားရန် ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည့် မင်းအောင်လှိုင် နှင့် ၎င်းတို့ အဖွဲ့၏ အလွဲလွဲ အချော်ချော် ကြေညာချက်များ၊ အပြောအဆိုများကို ရန်ကုန်ရှိ သံတမန် အသိုက်အဝန်း တွင်တော့ ဘာမှ လုပ်စရာ ကိုင်စရာ မရှိသည့် ကာလ များအတွင်း သူတို့အချင်းချင်း အပျင်းပြေ ရီစရာ ပျက်လုံးကြီး ဖြစ်လာနေမည်ကား သေချာလှပေသည်။

 

မင်းအောင်လှိုင် သည် စနေနေ့ ညကတည်းက ရန်ကုန် ပြန်ရောက်လာပြီဟု စစ်ကောင်စီ သတင်း မီဒီယာ များက ထုတ်ပြန်ခဲ့သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!