ကျနော်တခါက နေ့တိုင်းပို့စ်တခုတင်ဖို့ကျိုးစားခဲ့တယ်။ အဲသည်တုန်းက နယူးယော့ခ်တိုင်းမ် သတင်းစာ ယူထားတဲ့အချိန်ပါ။ မနက်ရုံးမသွားခင် သတင်းစာကအိမ်ရှေ့ရောက်နေပြီး မနက်တိုင်း သတင်းစာကို ၄၅မိနစ်လောက်အချိန်ယူဖတ်ဖြစ်တယ်။ အဲဒီအထဲကအသေးစိတ်ထပ်ဖတ်ဖို့လိုတဲ့ဟာကို ရုံးဆင်းတဲ့ ညဘက်ကျမှပြန်ဖတ်ပေါ့။ နောက်တော့ သတင်းစာကပရိုမိုးရှင်းပေးတဲ့ တလ ၂၃ဒေါ်လာပြီးသွားလို့ ၃ဆပြန်တက်သွားတဲ့ ၆၉ဒေါ်လာလောက်ရောက်တော့ သတင်းစာပြန်ဖြတ်ပြီး အလကားရတဲ့ အင်တာနက်က သတင်းတွေဖတ်ပေါ့။ များသောအားဖြင့်တော့ ဘလွန်းဘတ်ဖတ်ဖြစ်တယ်။ ေဝါစရိဂျာနယ်လည်း ရံဖန်ရံခါ။
ခုတခါ စာသိပ်မရေးဖြစ်ပြန်လို့ တပတ်ကိုတခါတော့ရေးမယ်လို့မှန်းပြီး We8p (Weekend 8 pm ကိုအတိုယူထားတာ) ဆိုတဲ့နာမည်နဲ့ ကမ္ဘာနဲ့မြန်မာ (အထူးသဖြင့် ကမ္ဘာပေါ့၊ မြန်မာသတင်းတွေက ဖဘ မိန်းစထရင်းပင်မရေစီးမှာအတော်များများရေးကြတယ်မလား) ကျနော်ရေးချင်တဲ့သတင်းသက်သက် သို့မဟုတ် သုံးသပ်ချက်လေးဖြစ်ဖြစ်ရေးမယ်မှန်းတယ်။ တပတ်တမျက်နှာလောက်ပေါ့။ သတင်းပါတ်နောက်ဆုံးဖြစ်တဲ့ စနေ တနင်္ဂနွေ အဆင်ပြေတဲ့ တရက်မှာ ည၈နာရီပတ်၀န်းကျင်လောက်တင်မယ် မှန်းတယ်။ ရက်ကောအချိန်ကော တအားတိကျနေတာမျိုးတော့မဟုတ်ပေမယ့် တတ်နို်င်သလောက်တော့ သိပ်မကွာအောင်ကျိုးစားကြည့်ပါ့မယ်။ တခြားမှာဖတ်နေရတဲ့ သတင်းတွေနဲ့လည်းမတူတာလည်းဖြစ် ကိုယ်လည်းစိတ်၀င်စားတာလည်းဖြစ် ဖတ်သူလည်းအဆင်ပြေစေတာမျိုးဖြစ် စသည်ဖြင့်ပေါ့ ချိန်ပြီးရေးသွားမယ်မှန်းတယ်။ We8p ကတခြားဘက်ကကြည့်ရင် ငါတို့အိပ်ပြီ ဆိုတဲ့အဓိပ္ပါယ်မျိုးလည်း ထွက်ပါမယ်။ ပေါ့ပေါ့ပါးပါးပေါ့။ ခုအပတ်ကို အစပျိုးတယ်သဘောထားကြဗျာ။
၂၀၀၈ မှာ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြီး (ဂလိုဘယ်ရီဆက်ရှင်း) ဖြစ်တော့ ခေတ်ကာလ အနေအထားကို လေ့လာနေသူတွေသတိထားမိသွားတာတခုရှိတယ်။ အဲဒါကဘာလည်းဆိုတော့ အရင်းစနစ်ဟာသူတို့လူ့အဖွဲ့အစည်းထဲမှာနစ်၀င်နေပြီဆိုတာပါပဲ။ စီးပွားရေးဟာ လူအဖွဲ့အစည်းရဲ့ တည်ငြိမ်မှုအပေါ်မှာ အတော်လွှမ်းမိုးထားပြီဆိုတာမြင်သွားတယ်။ လူတွေရဲ့နေ့စဉ်လူနေမှုဘ၀ကို ရိုက်ခတ်မှုရှိနေတာသိလာကြတယ်။ ဆိုလိုတာက ယဉ်ကျေးမှုအပေါ်မှာလည်းစွက်ဖက်မှုရှိလာတယ်ဆိုတာပါ။ အရင်းစနစ်ဟာနောက်ဆုံးမှာ စီးပွားရေးအခြေခံကနေ အပေါ်ထပ်အဆင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု နဲ့ နေ့စဉ်လူမှုဘ၀တွေပေါ်မှာ၀င်ရောက်လာတယ်။ အရင်းစနစ်လို့ကျနော်တို့ပြောတော့ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဆယ်စုနှစ်၂ခုကျော်၃ခုနီးပါး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီမိုကရက်တစ်အရင်းစနစ် (Democratic Capitalism) ဆိုတာကိုအဓိကပြောချင်တာပါ။ ဒါပေမယ့် တခုသတိရှိဖို့လိုတာက ဒီမိုကရက်တစ်အရင်းစနစ်ဆိုတာ ဈေးကွက်ရှိတဲ့နေရာတိုင်းကိုသက်ရောက်ခဲ့တာတော့ မဟုတ်ဘူး။ အဓိကမှာတော့ အနောက်ကမ္ဘာပေါ့၊ အမေရိကန်၊ ကနေဒါတို့ရှိတဲ့ မြောက်အမေရိကနဲ့ ယူရိုဇုံလက်ရှိတွင်ကျယ်နေတဲ့ အနောက်ဥရောပမှာဖြစ်ခဲ့တာကိုဆိုလိုတယ်လို့ ယေဘူယျနားလည်ထားဖို့ပါ။ တရုတ်အမေရိကန်ကုန်သွယ်စစ်ဖြစ်တာမှာ အရင်းရှေ့ကဒီမိုကရက်မပါတာနဲ့လည်းဆိုင်ပါလိမ့်မယ်။
ထားတော့။ နောက်တခါ စာပေနဲ့အတွေးအခေါ်ဘက်မှာ ပို့စ်မော်ဒန်ဆိုပြီးပေါ်လာပြန်တယ်။ ကျနော်ရေးလေ့ရှိတဲ့ ဖ၇က်ဒရစ်ဂျေမဆင်တို့ပြောသလို ပို့စ်မော်ဒန်ဆိုတာ အရင်းခေတ်နှောင်းရဲ့ယဉ်ကျေးမှုယုတ္တိ လို့ဆိုပြန်တော့ အဲသည်အရင်းခေတ်နှောင်းဆိုတာကလည်း ဒီမိုကရက်တစ်အရင်းခေတ်နှောင်းလို့ပဲ နားလည်အပ်ပါမယ်။ ဒီတော့ ကျုပ်တို့ဆီမှာဖြစ်နေတာမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး ဒါပေမယ့်ရိုက်ခတ်မှုတွေရှိနေတယ် လို့ပြောလို့ရတယ်။
ကျနော် မော်တော်ကားတွေအကြောင်းနဲနဲပြောချင်တယ်။ သမိုင်းလမ်းဆုံမှာ ဂျက်ဂွာ (Jaguar) ကားပြခန်း ရှိတယ်။ ပြည်လမ်းမပေါ်မှာ ဘီအမ်ဒဘလျူ (BMW) ပြခန်းရှိတယ်။ ဘုရင်နောင်လမ်းမပေါ်မှာ တိုယိုတာ တို့ မစ်ဆူဘီရှိတို့ပြခန်းတွေရှိတယ်။ တခါကအကြောင်းသင့်လို့ ကားပြခန်းတွေလိုက်ကြည့်ဖူးတယ်။ ဂျက်ဂွာပြခန်းမှာတွေ့တဲ့ကားတွေကတော့ စောင်ကျိုးနဲလို့ပြောရပါမယ်။ မော်တော်ကားတွေဟာ မော်ဒန်ခေတ်ရဲ့အထင်ကရတီထွင်ဆန်းသစ်မှုတွေပဲဆိုတာ ကားရှေ့စက်ဖုံးကိုဖွင့်ကြည့်ပြီး မော်တော်ကားအသစ်ရဲ့ အနံံ့ကိုရှူကြည့်မိလိုက်တဲ့အခိုက်မှာသဘောပေါက်မိတယ်။ တဆက်တည်း ဆရာမြဘာသာပြန်တဲ့ အာရင်ဘတ်ရဲ့ မော်တော်ကားတစီးရဲ့အထုပတ္တိကိုသတိရသလို ငါမရင့်ကျက်သေးဘူးပဲ လို့လည်းဆင်ခြင်မိတယ်။ ၁၈ရာစုရောက်တော့ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုခံရတဲ့ လူ့ဆင်ခြင်တုံတရားဆိုတာဟာ ရာစုနှစ်၃ခုကျော်တဲ့အထိကျနော်နဲ့တော့အသားမကျသေးဘူး။ ပြီးတော့ ဆင်ခြင်တုံတရားဆိုတာ ၀မ်းနည်းစရာကောင်းတယ်လို့ ကျနော်ပြောရင်ခင်ဗျားတို့ လက်ခံကောင်းလက်ခံပါလိမ့်မယ်။
ဂျက်ဂွါကအခု အလုပ် ၄၅၀၀လျော့တယ်။ အဲဒါ ပေါင် ၂.၅ဘီလီယံတန်တဲ့ ခြွေတာစုဆောင်းရေးအစီအစဉ်ကို အကောင်အထည်ဖော်နေတာလို့ဆိုတယ်။ အင်္ဂလန်ရဲ့ ဂျက်ဂွာနဲ့ပေါင်းပြီး လျှပ်စစ်ကားတွေလုပ်ဖို့ ကျိုးစားနေတဲ့ ဂျာမနီရဲ့ ဘီအမ်ဒဘလျူ ဟာ ရန်ကုန်မှာအလွန်ခမ်းနားတဲ့ကားပြခန်းရှိပါတယ်။ ပြည်လမ်းနဲ့ နာနတ်တောလမ်းထိပ်မှာပါ။ အရင်က အဲသည်နေရာမှာရှိတဲ့ ကျနော်တို့ထိုင်လေ့ရှိတဲ့ ဘီယာဆိုင်ကို ဘီအမ်ဒဘလျူပြခန်းကြီးကကန်ထုတ်လိုက်တာ သမိုင်းလမ်းဆုံနောက်တမှတ်တိုင်က ကုလားကျောင်းမှတ်တိုင် နားကိုရောက်သွားတယ်။ ဒါပေမယ့်ဂျာမန်ကားလည်း အခု ဒေါ်လာ၁၄ဘီလီယံတန် ချေွတာရေးအစီအစဉ်တခု ကိုစနေပြီဆိုတယ်။ မာယာကော့ဖ်စကီ (ဆိုဗီယက်ခေတ်ကအလွန်ထင်ရှားတဲ့ ကဗျာဆရာ) အမေရိကန်ရောက်တော့ နယူးယော့ခ်မှာ ဘရွတ်ကလင်တံတားကိုတွေ့တော့မှင်သက်မိတယ်ဆိုတယ်။ သူ့ရဲ့ နာမည်ကျော် ဘရွတ်ကလင်တံတား ကဗျာမှာ အလုပ်လက်မဲ့ဖြစ်ခြင်းရဲ့သားကောင်တွေဟာ မင်ဟက်တန်မြစ်ရဲ့ ကုတ်နေတဲ့မျက်မှောင်ထဲကို တဟုန်ထိုးခုန်ဆင်းသွားကြတယ်လို့ ရေးခဲ့တယ်။ ဘရွတ်ကလင် တံတားအောက်မှာမြစ်ရေတွေကတော့စီးဆင်းသွားကြပါပြီ။ ဇီဇက် ပြောသလို အရင်းစနစ်ဟာ ကုန်ပစ္စည်းထုတ်လုပ်မှုကိုတရှိန်ထိုးမောင်းနှင်နေတဲ့ လုပ်အားကိုလိုအပ်နေတဲ့တပြိုင်တည်းမှာ ပိုလျှံလာတဲ့ကုန်တွေအတွက် မလိုအပ်တော့မယ့်လုပ်အားတွေကိုဖယ်ထုတ်ဖို့ရှိနေတယ်။ အရင်းစနစ်ရဲ့တရားကိုယ်ထဲမှာ အလုပ်လက်မဲ့ဖြစ်ခြင်းဆိုတာရှိတယ်လို့ဆိုတယ်။
ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ကိုပိုင်တဲ့ ဂျာမန်ရဲ့ ဘောက်စ်၀က်ဂွန် (ဟစ်တလာက ဂျာမန်ပြည်သူ တွေအတွက် ထုတ်ခိုင်းတဲ့တန်ဖိုးနည်းကား)၊ ဒုတိယအကြီးဆုံး အမေရိကားရဲ့ နာမည်ကျော် ဖို့ဒ်နောက်မှာ တတိယအကြီးဆုံးဈေးကွက်ကို ပိုင်မယ့် ဖိယက် ခရိုင်စလာ နဲ့ ရေးနိုး မော်တော်ကားကုမဏီတွေ ပေါင်းစပ်ဖို့ ခရိုင်စလာရဲ့ကမ်းလှမ်းမှုကို ရေးနိုး ခုအပတ်ထဲမှာပဲငြင်းလိုက်ပါတယ်။ အမေရိကန်က ခရိုင်စလာနဲ့ ပေါင်းထားတဲ့ အီတလီရဲ့ ဖီးယက်ကို ပြင်သစ်ရဲ့ ရေးနိုးကစောသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းလိုက်တဲ့အချိန်ဟာ ဒုတိယကမ္ဘာစစ်နော်မန်ဒီကမ်းတက်ပွဲ ဒီဒေး နဲ့ဆိုင်တဲ့အထိမ်းအမှတ်တခုအတွက် ပြင်သစ်ကို ဒေါ်နယ်ထရမ့်ရောက်နေတဲ့ အချိန်ပါ။ သီလဝါစက်မှုဇုံ ကို မြန်မာတွေကြိုက်တဲ့ တိုယိုတာ လာခြင်းကောင်းပါလိမ့်မယ်လို့ ယူဆရတယ်။
ဆက်ကြမယ်လေ။