စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (37)

by Hla Soewai - Jul 18 2022

ထိတွေ့ဆက်ဆံပြီ (၅)

 

အတူတူ တော့ အတူတူ၊ သို့သော် ကွဲပြား၏

 

၂၀၀၉ ခုနှစ် စက်တင်ဘာလ အကုန်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သည် သူမ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်မှု ၏ အပြီးသတ် သဘောထားကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဘေးထွက် အစည်းအဝေး၌ ထုတ်ဖေါ်ကြေညာလာခဲ့သည်။

 

သူမ အပြောတွင် ပါရှိလာသော အပြောင်းအလဲများက ရုတ်တရက် ကြည့်လျှင် မသိသာသော်လည်း မြန်မာအရေး အား ကာလကြာမြင့်စွာ လေ့လာစောင့်ကြည့်နေသူများ အတွက် မူဝါဒ ရေးရာ ပိုင်းတွင် ကြီးမားသော အလှည့်အပြောင်း ဖြစ်လာပြီ ဆိုသည်ကို ချက်ချင်းလို ရိပ်စားမိခဲ့ကြသည်။

 

အမေရိကန်သည် SPDC နှင့် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အဓိက အားဖြင့် ဒီမို ကရေစီ နှင့် လူ့အခွင့်အရေး များကို ပြောဆို ဆွေးနွေးမည် ဖြစ်ပြီး နျူကလီးယား မပြန့်ပွားရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး နှင့် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း မြန်မာပြည် စစ်မျက်နှာတွင် ကျဆုံးသွား သော အ‌မေရိကန် စစ်မှုထမ်းများ၏ ရုပ်ကြွင်းများ ရှာဖွေရေး အစရှိသည့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စများ လည်း ပါရှိမည်ဟု ဆိုသည်။

 

မိမိတို့နှင့် တသဘောတည်း ရှိသော အာဆီယံ၊ ဂျပန် နှင့် ဥရောပ နိုင်ငံများကိုပါ ဆွဲခေါ်၍ မဆုပ်မနစ် ကြိုးပမ်းသွားမည်လည်း ဖြစ်သည်။ အမေရိကန်သည် ၎င်းတို့၏ အကူအညီပေးရေး ရံပုံငွေများကို တိုးမြှင့်ပေးကမ်းသွားမည် ဖြစ်ပြီး နာဂစ် ဆိုင်ကလုံး ကာလအတွင်း စတင်ခဲ့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရေး အစီအစဉ်များကို တိုးချဲ့သွားမည် ဖြစ်သည်။ ထို့အပြင် ကွန်ဂရက် မှ ၂၀၀၈ အတွင်း ပြဋ္ဌာန်းခဲ့သော Junta's Anti-Democratic Efforts (JADE) အက်ဥပဒေ အရ အထူး သံတမန် တဦးကိုလည်း ခန့်အပ်သွားမည် ဖြစ်သည်။

 

ထိုကဲ့သို့ မုန်လာဥ ချိုများ ရှိသည့်အပြင် တုတ် များလည်း ပါရှိလာသည်။ အမေရိကန် သည် လက်ရှိ ပိတ်ဆို့ဒဏ်ခတ်မှုများ ကို ဆက်လက်ထားရှိသွားမည် ဖြစ်ပြီး စစ်တပ် အနေဖြင့် နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်ခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်နေ မှုများ ရပ်ဆိုင်းလာခြင်း၊ နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲခြင်း အစရှိသည်တို့တွင် ထင်သာ မြင်သာသည့် ဆောင်ရွက်မှုမျိုး ပြသနိုင်ခဲ့လျှင် လျော့ပေါ့ပေးရန် ဆွေးနွေးမည် ဖြစ်သည်။

 

လိုအပ်လာလျှင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အပြစ်ဒဏ်ခတ်ရန် အထူး သတ်မှတ်ထား သူများ စာရင်း Specially Designed and Blocked Nationals (SDN) သို့ နာမည်များ ဆက်လက် ထည့်သွင်းသွားမည် ဖြစ်သည်။ ထိုအမည်စာရင်းတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများအား ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသားများအားလည်း ၎င်းတို့နှင့် စီးပွားရေး အရ ဆက်ဆံ လုပ်ကိုင်မှု ကို ပိတ်ပင်ထားသည်။

 

ပေါ်လစီ ပြန်လည် သုံးသပ်မှု တွင် အမေရိကန်တို့ တောင်းဆိုထားသော အဓိက ကျသည့် အကြောင်း အရာများ တိုးတက်မှု ရှိရမည်ဟု ပြန်လည် အတည်ပြုထားခဲ့သည်။ အဓိပ္ပါယ် ပြည့်ဝသည့် တိုးတက် မှုများ ဖေါ်ဆောင်နိုင်ခဲ့လျှင် နှစ်နိုင်ငံ ဆက်ဆံရေးကို တဆင့်ပြီး တဆင့် မြှင့်တင်သွားမည်ဟု ပါရှိသည်။

 

နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း လုပ်ငန်းစဉ်သည် ရှည်လျားစွာ လုပ်သွားရမည်ဟု ဝန်ခံပြီး "မိမိတို့ အနေဖြင့် ရည်မှန်းချက်များ မပြောင်းလဲဘဲ လုပ်နည်း လုပ်ဟန်များ ပြောင်းလဲခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောလာခဲ့သည်။ ထိုသို့ မလုပ်ဘဲ ဒီအတိုင်း ထားမည် ဆိုလျှင် ထိခိုက်သွားနိုင်စရာ များက များပြား လွန်းနေ၍ တနည်းမဟုတ် တနည်း ကြိုးစားသင့်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

 

မူဝါဒ ရေးရာ ပိုင်းတွင် အတော်များများ ပြောင်းလဲသွားပုံ မတွေ့ရသော်လည်း စစ်အစိုးရအား ပို၍ ညှစ်ထုတ်ရမည့် အချိန်မျိုးတွင် ယခုလို မူဝါဒ ပိုင်း အပြောင်းအလဲ လုပ်ရန် စကားစ လာဖို့သည် လက်တွေ့အားဖြင့် မဖြစ်နိုင်သော အချိန်မျိုး ဖြစ်၍ စွန့်စား ခဲ့ကြရသည်။ 

 

အဆင့်မြင့် အရာရှိများ အဝင်အထွက် လုပ်ခြင်းကပင် စစ်အစိုးရ အတွက် ထီပေါက်သလို ဖြစ်သွား သည်။ မြန်မာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကတော့ ထိုသို့ ဖြစ်လာဖို့ စစ်အစိုးရ ဖက်က ဘာ တခုမျှ လုပ်လာခဲ့ခြင်း မရှိဟု ယူဆခဲ့ကြသည်။