ကြက်ဥတစ်လုံးလျော့သွားခြင်း

by Yawnathan - Sep 03 2019

ဇော်တင်

ခုရက်ပိုင်း မိုးက ကောင်းနေသည်။ အိမ်ခေါင်မိုးက သွပ်မိုးဖြစ်သဖြင့် ပိုသိသာလွန်းလှသည်။ တဖြောင်းဖြောင်းမြည်နေလေရာ စကားပြောရင်တောင် တော်ရုံတန်ရုံ လေသံဖြင့် မကြားနိုင်အောင် ရှိသည်။ တီဗီ ဖွင့်ထားသော်ငြား မိုးသံက လွှမ်းနေလို့ အသံနည်းနည်းမြှင့်လိုက်ရသည်။ ထိုအခိုက်မှာပင်…

" ကျွီ ကျွီ ကျွီ အွတ် အွတ် ကွတ် ကွတ် "

ခြံထဲမှ ကြားနေကြမဟုတ်သော ထူးဆန်းသောအသံကို ကြားလိုက်ရသည်။ ဒါပေသိ စိတ်ထဲက တစ်ခုခုကို တွေးထင်မိလိုက်၏။ အရင်ကလည်း တစ်ခါ တစ်ခါ ကြားဖူး ကြုံဖူးနေသည်ကိုး။

" အင်း ! ဖားလား ကြွက်လား တစ်ကောင်ကောင်ပဲ "

ထိုင်ရာက ထပြီး အိမ်ရှေ့ထွက်ကြည့်တော့ ခြံစပ် အုတ်ကန်ဘေးရှိ ပုဏ္ဏားရိတ်တန်းနားမှာ တွေ့လေ၏။ ဖားတစ်ကောင်ဖြစ်ပါသည်။ သို့ပေမယ့် သူ့ချည်း မဟုတ်၊ သူ့ခြေထောက်ကို မြွေက ဖမ်းဆွဲထားလေပြီ။ ဒါကြောင့် ငယ်သံပါအောင် အော်နေခြင်းဖြစ်တော့၏။ ငယ်သံဟူကား အထိတ်တလန့်ဖြစ်သည့်အခါမျိုး၊ သေလုသေခင် သေမင်းတံခါးဝ ရောက်သည့်အခါမျိုးမှပင် ထွက်တတ်သည် မဟုတ်ပါလော။

" သြော် ! ဒီဖားခမျာ ဖားဘဝက ကျွတ်တော့မှာပါလား။ အေးလေ ! ဒီ့ထက် ကောင်းတဲ့ ဘဝ ရောက်ရင်လည်း ရောက်ပေရှာမပေါ့။ မင်း ဝဋ်ကြွေးပဲ ဖားကလေးရေ။ ဒီလိုအဖြစ်မျိုး နောက်ဘဝ မကြုံပါစေနဲ့။ ဒီဘဝ နဲ့တင် ကျေပါစေလို့ ဆုတောင်းပါတယ်.…" ဟု တွေးရင်းအိမ်ထဲပြန်ဝင်လိုက်သည်။ ပြန်မဝင်မီ မျက်လုံးလေး ကလယ်ကလယ်နှင့် ကိုယ့်အား ကြည့်နေလေ၏။ အားကိုးသည့်အကြည့်၊ ကျနော့်ကို ကယ်ပါဟူသော အကြည့်လေလား။ မိမိအသက်ဇိဝိန် အနှုတ်ခံရတော့မည့်အချိန်အခိုက်အတံ့ခဏ၌ ဘေးနားရှိ သတ္တဝါတစ်ကောင်ကောင် ( ကျနော် )ထံမှ အကူအညီရဖို့ အားကိုးရှာပေလိမ့်မည်။ ဤတွင် ဖားမှ မဟုတ်၊ မည်သည့်သက်ရှိသတ္တဝါပင်မဆို ထိုသို့ပင် ရှိပေလိမ့်မည်။ လူတွေဆိုလည်း ထိုနည်းလည်းကောင်းပင်ဖြစ်လိမ့်မည်။

တစ်ခါ မြွေဖက်ကိုလည်း ပြန်တွေးပေးရပြန်သည်။ ခုနေ ဖားကို လွတ်အောင်လုပ်လိုက်ပါက သူ့ အစာကို ပုတ်ထုတ်သလိုဖြစ်ပေတော့မည်။ သူလည်း သတ္တဝါ၊ သူ့ဝမ်းပူဆာ မနေသာသဖြင့် သူစားလို့ရသည့် သူ့အစာကို သူဖမ်းစားခြင်းဖြစ်ပေ၏။ ကြားထဲက ကျနော်က ဖားကို သွားကယ်သော် မြွေအစာကို လုသလ်ိုဖြစ်မည်။ သူများ ပါးစပ်နားရောက်နေသည့်အစာကို ပုတ်ချသလိုဖြစ်မည်။ တစ်ချိန် ကိုယ့်အလှည့်ကျလည်း ဤသို့ ပြန်အလုပ်ခံရပေဦးမည်။ နေပါစေလေ၊ သူတို့အကြောင်းနှင့်သူတို့ပဲဟု သဘောပိုက်ကာ အိမ်ထဲပြန်ဝင်လာလိုက်သည်။ အထဲရောက်လို့ထိုင်ခုံမှာ ထိုင်ရင်း တွေးမိပြန်၏။ ကိုယ့်ရှေ့မှာ သတ္တဝါတစ်ကောင်၏ အသက်ဇိဝိန်ချုပ်တော့မည်။ သို့ငြား ကယ်သူရှိက သူလွတ်နိုင်၏။ ကယ်သူ မရှိက အကြောင်းမဟုတ်၊ သူ့ကံပေတည့်။ ယခုမူကား ဤကိစ္စတွင် မိမိပါဝင်ပတ်သက်မိပြီ။ ကိုယ့်ရှေ့တွင် ကိုယ်ကိုယ်တိုင် မြင်နေ သိနေလျက် ပေလျကန်ပြုခဲ့ရမှာ ဘယ်နည်းနဲ့မှ လိပ်ပြာမသန့်။

တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ပြောခဲ့ဖူးတာတစ်ချို့ ရုတ်တရက်ဆိုသလို ခေါင်းထဲရောက်လာလေ၏။

" ဟကောင်ရ…ဖား ကြွက် စတဲ့အကောင်တွေဟာ မြွေရဲ့အစာအဖြစ် သဘာဝတရားက လုပ်ပေးပြီးသား။ သူတို့က လောကကောင်းကျိုးအတွက် ဘာလုပ်ပေးနိုင်လို့လဲ။ ကြွက်ဆို ဆိုးကျိုးတောင်ပေးသေးတယ်။ သူတို့ကို စားမယ့်သတ္တဝါ မရှိရင် ကမ္ဘာပေါ်မှာ သူတို့တွေ အများကြီးတိုးပွားလာမှာ။ အဲဒီအခါကျမှ လူတွေ ဒုက္ခရောက်လိမ့်မယ် "

" ဟင် ! ဒါဆို ဒီကမ္ဘာကြီးက လူသားတွေချည်းပိုင်တာလား။ လူသားတွေအတွက်သက်သက်လား "

" ငါလည်း မသိဘူး၊ ငါသိတာက လူသားတွေအတွက် စားလို့ရတဲ့တိရစ္ဆာန်တွေ ရှိနေပေးတယ်။ လူတွေ စားဖို့အတွက် သူတို့ဖြစ်တည်ရတယ် "

" တောတွင်းဥပဒေသကတော့ ရှင်းတယ်။ ကြီးနိုင် ငယ်ညှင်းပဲ။ တိရစ္ဆာန်လောကမှာ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်မယ်၊ ညှင်းဆဲမယ်၊ သတ်မယ်၊ စားမယ် "

" ဟေ … ဒီလိုဆို ငါတို့လူတွေလည်း တိရစ္ဆာန်လို ဖြစ်နေပြီပေါ့ "

" ဟ … မင်းတို့ ငါတို့ကသာ ကိုယ့်ကိုယ်ကို ' လူ ' ဆိုတဲ့ နာမ်စားတပ်ထားကြတာ၊ တိရစ္ဆာန်တွေဖက်ကကြည့်တော့ ငါတို့ကို အနိုင်ကျင့်ဗိုလ်ကျတဲ့ တိရစ္ဆာန်တစ်ကောင်လို့ပဲ မြင်ပေမပေါ့ "

အတွေးစကို ချက်ချင်းဖြတ်ရင်း အိမ်ထဲဝင်ကာ ကြောင်အိမ်ထဲက ကြက်ဥတစ်လုံးထုတ်လာလိုက်၏။ ထို့နောက် အမှိုက်ရှင်းသည့် ခရင်းခွကိုယူပြီး စောစောက နေရာသို့ပြန်သွားကာ မြွေခေါင်းကို ခရင်းခွနှင့် အသာအယာဖိထားလိုက်သည်။ ဒီတော့မှ ဖားလေးလည်း မြွေပါးစပ်မှ လွတ်ကာ ခုန်ဆွ ခုန်ဆွနှင့် ပြေးတော့သည်။ ထို့နောက် ကျနော့်လက်ထဲမှ ကြက်ဥကို မြွေရှေ့ချပေးပြီး ခရင်းခွကို လွှတ်ပေးလိုက်သည်။ ကျနော်လည်း သူ့ကို စောင့်ကြည့်မနေတော့ပဲ အိမ်ထဲ အမြန်ပြေးဝင်လာလိုက်၏။ ခဏကြာလို့ ထိုနေရာကို သွားကြည့်တော့ မြွေရော ကြက်ဥပါ မရှိတော့ပါ။ ထိုခဏမှာပင် မိုးသည် သည်းသည်းမဲမဲ ရွာလာပြန်လေ၏။