ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်၏ သက်တမ်း အရှည်ကြာဆုံး ဝန်ကြီး ချုပ် အဖြစ် ၂၀၁၂ မှ ၂၀၂၀ အထိ ဆက်တိုက် တာဝန်ထမ်းဆောင်သွားခဲ့သော ရှင်ဇိုး အာဘေး သည် သေနတ်သမားတဦး၏ လက်ချက်ဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့အတွက် ဂျိုးဘိုင်ဒင်မှ အစပြုပြီး ပြည်ပနိုင်ငံ ခေါင်းဆောင်များက ဂျပန် ပြည်သူများ အတွက် တန်ဖိုး မဖြတ်နိုင်သော ဆုံးရှုံးမှုကြီး တခု အစချီကာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ခဲ့ကြသည်။
လက်ရှိ စစ်ခေါင်းဆောင်များ နဖူးပေါ် လက်တင်ပြီး စဉ်းစားသင့်သည်က "ငါဆိုလျှင်ကော ထိုသို့ ဝမ်းနည်းကြောင်း ပြောဆိုကြမည်လော" ဟူ၍ ဖြစ်သည်။
ပူတင်၊ ရှီကျင်ပင့် တို့ကကော ပို့ကြမည်လော၊ ရုရှားသို့ ခြောက်ခေါက်တိတိ သွားခဲ့သည်ပင် ပူတင်နှင့် တကြိမ်တခါမျှပင် တွေ့ခွင့်မရခဲ့။
ယခုလည်း ပို့ဖို့ နေနေသာသာ နိုင်ငံတကာ အစည်းအဝေးများသို့ပင် အနားကပ်ခွင့်မရ။
အိမ်နီးချင်း နိုင်ငံများ နှင့် ပြဿနာ ဖြစ်လာနေပြီ ဖြစ်သည်၊ အိန္ဒိယ နိုင်ငံသား နှစ်ဦး မြန်မာနိုင်ငံ အတွင်း ပျူစောထီ များ က သတ်ဖြတ်ခဲ့ကြခြင်း၊ ထိုင်းလေကြောင်းပိုင်နက်ထဲသို့ ကျုးကျော်ခဲ့ခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဒုက္ခသည် ရှစ်သိန်းခန့် ရောက်ရှိနေအောင် ပြုလုပ်ခဲ့ကြခြင်း အစရှိသည့် ပြဿနာ များ ဖန်တီးထားခဲ့ပြီး ဖြစ်သည်။
ငါမှန်တယ် ထင်ပြီး လုပ်၍မဖြစ်၊ ငါ၏ လုပ်ရပ်သည် အများ က လက်ခံနိုင်ကြသည်လား စဉ်းစားသင့်လှသည်။ ထိုသို့ အများ လက်မခံနိုင်မှန်း သိသိကြီး နှင့် ဆက်လုပ်နေခြင်းသည်ကပင် လက်နက်အားကိုး ဖြင့် လူထုကို အနိုင်ကျင့်နေခြင်း နှင့် အတူတူပင် ဖြစ်သည်။
ထိုသို့သော လုပ်ရပ်များက အကျိုး ဖြစ်ထွန်းနေသည် ဆိုက စဉ်းစားဖို့ပင် မလို။
ဗေဒင်မေးစရာ မလိုအောင် သေချာသွားသည်က တော့ နှောင်းခေတ် သမိုင်းပညာရှင် အားလုံးမှ "မြန်မာပြည်၏ အမှောက်မိုက်ဆုံး နေ့ရက်များ" ဟု ကဗ္ဗည်းတင်လာကြတော့ မည့် အရေးပင် ဖြစ်သည်။
ယခု အခြေအနေက ပြည်သူတို့၏ ခုခံ တွန်းလှန်မှုကြီးများကို တန်ဖိုးကြီးကြီးပေးပြီး ကာကွယ်နေရသည့် အတွက် ပျက်စီးသွားခဲ့ရသည့် တိုင်းပြည်စီးပွားရေး ကို နာလံပြန်ထူ အောင် လုပ်ဖို့နေနေသာသာ စစ်စရိတ် အတွက် ဒေါ်လာငွေများ ပြည်ပ ထွက်မသွားရေး အတွက် အသည်းအသန် ဟန့်တားနေရသည့် အဆင့်တွင်သာ ရှိပေသေးသည်။
ထိုသို့ သော အဖြစ်ကို မည်သူကရော ကြာကြာသည်း ခံနိုင်ကြမည်နည်း၊ ယခုလည်း ကိုလံဘို တမြို့လုံး ဆန္ဒပြ လူထုကြီး က ထိန်းချုပ်လိုက်ကြပြီး သီရိလင်္ကာ သမ္မတ အိမ်တော်သို့ပင် ဝင်ရောက်စီးနင်းကာ အိမ်တော်၏ မီးဖိုဆောင်တွင် ထမင်းဟင်း ချက်သူချက်၊ သမ္မတ အိပ်ခန်းတွင်ရှိ ကုတင်ပေါ်တွင် လဲလျောင်း အနားယူသူ ယူ၊ ရေကူးကန်ထဲ ရေဆင်းကူးသူ ကူးနှင့် ဖြစ်ကုန်ကြပေပြီ။ (ပုံတွင်ရှု)
သမ္မတလည်း ထို့မတိုင်မီ တရက်က အိမ်တော်မှ ထွက်ပြေးသွားခဲ့ရပြီး ယခုအခါ ဇူလိုင် ၁၃ ရက်တွင် ရာထူးမှ နှုတ်ထွက်ပေးမည်ဟု ပြောလာရပြီ ဖြစ်သည်။
ညီဖြစ်သူ ဝန်ကြီးချုပ် ၏ ကိုယ်ပိုင် အိမ်ကိုလည်း မခံမရပ်နိုင် ဖြစ်လာသော လူထုကြီးက မီးတင်ရှို့ခဲ့ကြပြန်၍ သူလည်း ရာထူးမှ ဆင်းပေးပါမည်ဟု ပြောလာရသည်။
ထိုလူထုကြီးသည် ဓါတ်ဆီ ပြတ်၍ ဘတ်စ်ကား၊ မီးရထားများ ရပ်ဆိုင်းထားချိန်၊ အင်တာနက်များ ဖြတ်တောက်ထားချိန်တွင်ပင် အနယ်နယ် အရပ်ရပ် မှ မြို့တော် ကိုလံဘိုသို့ ဒေါသတကြီး ချီတက်လာကြသူများလည်း ဖြစ်သည်ဟု သိရသည်။
သီရိလင်္ကာရှိ သာသနာပိုင် ဆရာတော်ကြီးများကလည်း ပြည်သူများ ခံစားနေရသော ဒုက္ခများ သက်သာစေကြောင်း ဆောင်ရွက်ပေးရန် အစိုးရအား ပြီးခဲ့သည့် ဧပြီလကတည်းက တစုတဝေးတည်း တောင်းဆိုခဲ့ကြပြီး ထို့သို့ မဟုတ်က အစိုးရ အာဏာဖီဆန်ကြရန် အမိန့်ပြန်တမ်း ထုတ်မည်ဟု ပင် ခြိမ်းချောက်လာကြသည်။
ပြည်သူများ ထိုသို့ ဓါးတောင်ကို ကျော်ကာ မီးပင်လယ်ကို ဖြတ်မည်အထိ စိတ်ပိုင်းဖြတ်ပြီး တစုတစည်းတည်း ညီညွတ်လာကြမည့် အရေးကို အာဏာရှင် မှန်သမျှ သေမလောက် ကြောက်ရွံ့ခဲ့ကြသည်ချည်းသာ ဖြစ်သည်။ ထို့အတွက်လည်း နည်းမျိုးစုံ ဖြင့် သွေးခွဲခြင်း၊ ဖိနှိပ်ခြင်းများ ဖြင့် ကာကွယ်ရစမြဲလည်း ဖြစ်သည်။
သို့သော် ထိုသို့ လုပ်၍ သက်ဆိုးရှည်စွာ စိတ်အေးချမ်းသာ နေသွားခဲ့ရသည့် အာဏာရှင်ကော ရှိပါရဲ့လား၊ တနေ့မဟုတ် တနေ့ ပြည်သူတို့၏ ဒဏ်ခတ်ခြင်းကို မရှူမလှ ခံကြရစမြဲ ဆိုသည်က သမိုင်းစာမျက်နှာများတွင် အထင်အရှား တွေ့နိုင်ပေသည်။
ပြည်သူတို့၏ စည်းလုံး ညီညွတ်မှု အားဖြင့် ဆင်နွဲနေသော ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!