“ဖိတ်တော့ ဖိတ်ချင်တယ်ဗျာ၊ လက်ရှိ အနေအထား အရ ခင်ဗျားကို ကျွန်တော် အနေနဲ့ ဖိတ်လို့ မရဘူး ဖြစ်နေတယ်” ဟု ပရပ်ဆော့ဟွန်းသည် ဇူလိုင် ၃၀ မှ ဩဂုတ် ၆ ရက်နေ့အထိ ကျင်းပမည့် ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွက် ဝဏ္ဏမောင်လွင်အား ဖိတ်ကြားရန် ငြင်းဆိုသွားခဲ့သည်။
ပရပ်ဆော့ဟွန်းသည် ၎င်း၏ ဒုတိယ မြောက် ခရီးစဉ် နှင့် ပတ်သက်၍ ဖနွမ်းပင်တွင် နိုင်ငံခြား သံတမန်များနှင့် မီဒီယာများ အား တွေ့ဆုံရှင်းလင်းပွဲ တွင် အသိပေးခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ခရီးစဉ်အတွင်း စစ်အာဏာသိမ်း အဖွဲ့မှ တွေ့ရန် သတ်မှတ်ပေးထားသော နိုင်ငံရေး ပါတီ ခုနှစ်ခု၊ ၎င်းတို့ နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ တို့နှင့် တွေ့ခွင့်ရခဲ့မှု အပေါ် အပြုသဘော ဆောင်သော တိုးတက်သည့် ရလဒ်များ အတော်ကလေး ရရှိခဲ့သည်ဟု ဆိုသည်။
သူ့အနေဖြင့် မျက်လှည့်ဆရာလည်း မဟုတ်၊ နတ်ဘုရားများ ဖေါ်စပ်ပေးသည့် ဆေးဝါးလည်း မရှိဟု ထည့်သွင်း ပြောဆိုသွားပြန်သဖြင့် ထိုသို့ ဖြစ်မှသာ ပြေလည်အောင် ဖြေရှင်းနိုင်မည့် သဘော ဖြစ်သွားခဲ့ရသည်။
မည်သို့ပင် ဆိုစေ ၎င်း၏ ခရီးစဉ်သည် ယခင်အတိုင်း အောင်မြင်မှု မရရှိခဲ့သည့် အဖြစ်ကိုတော့ အားလုံးက သဘောပေါက်ထားပြီး ဖြစ်သည်။
သို့သော် တရုတ် ဦးစီးသော လန်ချန်း-မဲခေါင် အစည်းအဝေးသို့ အာဆီယံ လေးနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ သွားရောက် တက်ရောက်ခဲ့မှုသည် မိမိတို့အား အသိအမှတ်ပြုသည် ဟု စစ်အာဏာသိမ်း အဖွဲ့က ဂုဏ်ယူဝင့် ကြွားစွာ ဝါဒဖြန့်လာခဲ့ပြီးလည်း ဖြစ်သည်။
ယမန်နှစ်က လာအို သည် လန်ချန်း-မဲခေါင် အစည်း အဝေး အတွက် ပူးတွဲ ဥက္ကဌ ရာထူး ယူထားသော်လည်း တရုတ်က ၎င်းနိုင်ငံ အတွင်းတွင်ပင် လက်ခံကျင်းပခဲ့ပြီး မြန်မာ အလှည့်တွင် ထိုသို့ လုပ်၍ ရနိုင်ပါလျှက် မြန်မာတွင် ကျင်းပရန် တမင် လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ အကျိုးစီးပွားများအား ကာကွယ်ပေးရန် အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုကို အာသာငမ်းငမ်း လိုလားနေသော တရုတ်က အပြန်အလှန်အနေဖြင့် စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဒိန်းမတ် ရှိ အောဟုစ် တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ် ဂရာဗား က ပြောခဲ့သည်။
အမျိုးသား ညီညွတ်ရေး အစိုးရကတော့ နိုင်ငံတွင်းရှိ တရုတ် စီမံကိန်းများတွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်များကို လက်ခံထားခြင်း မပြုရန် အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီ သည် တရုတ် စီမံကိန်း လုပ်ကွက်များ အတွင်း နေရာယူကာ အနီးအနားရှိ မြို့ရွာ များကို တိုက်ခိုက်လျှက် ရှိနေသည်။
တရုတ် တို့ ရှမ်းပြည်နယ် အတွင်း ဖေါက်လုပ်ရန် စီစဉ်ထားသော မီးရထားလမ်းသည် တိုင်းရင်းသား လက်နက် ကိုင်များ နှင့် စစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်တွေ့နေသည့် ဒေသများ ဖြစ်သဖြင့် စစ်တပ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာပါက ပဋိပက္ခများ အသစ်တဖန် အကြီးအကျယ် ဖြစ်ပွားလာအောင် မီးထိုးပေးသလို ဖြစ်သွားမည် ဟု ဂျေဆန်က ထောက်ပြခဲ့သည်။
ဝမ်ယီ၏ ခရီးစဉ်သည် မိတ်ဆွေ နိုင်ငံ အချို့နှင့်သာ ဆက်ဆံသွားမည်ဟု ကြွေးကြော်ပြီး အာဏာသိမ်းခဲ့သော စစ်ကောင်စီအား ရဲဆေးတင်ပေးလိုက်သလို ဖြစ်သွားသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
အာဆီယံ အဖွဲ့ အတွင်း မြန်မာ အရေး အပေါ် နှစ်ခြမ်းကွဲသလို ဖြစ်ခဲ့ရခြင်းသည်လည်း မြန်မာရော၊ အာဆီယံ အတွက်ပါ မကောင်းဟု လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အသင်း ဥက္ကဌ ချားလ် ဆန်တီ ယာဂိုက ထောက်ပြခဲ့သည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာနိုင်ငံ အတွက် ဒါရိုက်တာ ဖြစ်သူ ဂျေဆန် တာဝါက တရုတ် သည် မြန်မာ အရေးအပေါ် စစ်အာဏာသိမ်း အဖွဲ့ ၏ လမ်းပြမြေပုံ နောက် လိုက်ရန် ဖဲ့ထုတ် စည်းရုံးလာခြင်း လည်း ဖြစ်သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ ထိုလမ်းပြမြေပုံသည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး USDP ပါတီသို့ အာဏာလွှဲပေးရန် သာ ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့်လည်း USDP ပါတီ အတွင်း သူ သမ္မတလုပ်မည်၊ ငါသမ္မတ လုပ်မည် ဆိုကာ သူ့ဖက်ကိုယ့်ဖက် ဂိုဏ်း ဂဏများ ကွဲလာပြီး ငယ်ကျိုးငယ်နာများ ဖေါ်ကုန်ကြပြီ ဖြစ်သည်။
အာဆီယံ အစည်းအဝေး နှင့် တပြိုင်တည်း ၁၂ ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး၊ ၂၉ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်များပါ တပါတည်း ပြုလုပ်ရန် ရှိနေပြီး ဩစတေးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တီမော၊ ပါပူရာ နယူးဂီနီ တို့လည်း တက်ရောက်မည် ဖြစ်သည်။
နိုင်ငံစုံ တက်ရောက်မည့် အစည်းအဝေးများ တွင် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်း အဖွဲ့ ဘေးထွက် ထိုင်နေရပြီ ဖြစ်သည်။
ထိုအစည်းအဝေးများတွင် စစ်ကောင်စီ အပေါ် ချမှတ်ထားသော ဘုံရပ်တည်ချက် ငါးချက် အား အကောင်အ ထည်ဖေါ်သွားရန် အချိန်ဇယား သတ်မှတ်ပေးမည့် မလေးရှား၏ အဆိုပြုချက်ကို စဉ်းစား ဆွေးနွေးကြဖွယ် ရှိနေသည်ဟု မျှော်လင့်ရပေသည်။
ယမန်နေ့ ဇူလိုင် ၇ ရက်သည် စစ်အာဏာရှင် လက်အောက်တွင် ကျောင်းသားများ စတင် သွေးမြေကျခဲ့သည့် နှစ် ၆၀ အထိမ်း အမှတ် ဖြစ်၍လည်း အချို့ဒေသများ တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကြေညာချက်ထုတ်ပြန်ရာတွင် ဖက်ဆစ် စစ်တပ်သည် မြို့ရွာများ တွင် လူများကို အနည်းငယ်မျှ ပင် တုန့်နှေးခြင်း မရှိပဲ ယခင်ကအတိုင်း ဆက်လက် သတ်ဖြတ် နေကြောင်း၊ နောက်တကြောင်းကလည်း မိမိတို့သည် ယခု အခါ နွေဦးတော်လှန်ရေး ကို ဆင်နွှဲနေဆဲ ကာလ ဖြစ်ပြီး ပြည်သူများ အနေဖြင့် အစစ်အမှန် လွတ်လပ်ခွင့် ကို လိုချင်ပါက ဖက်ဆစ် စစ်တပ် နှင့် ၎င်းတို့ အား ကျောထောက်နောက်ခံပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးအပိုင် ဖယ်ရှားနိုင်မှသာလျှင် ဖြစ်မည်ကို ပြည်သူများအား သတိတရ ဖြစ်စေလို၍ ဟု ပါရှိခဲ့သည်။
ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!