၂၀၀၉ ခုနှစ်တွင် ရန်ကုန်ရှိ အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံအမတ်ကြီး လာရီ ဒင်ဂျာ သည် အမေရိကန် စင်တာ တွင် အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အထိမ်းအမှတ်ပွဲ တခု ကျင်းပ ပေးခဲ့သည်။ အမေရိကန် စင်တာသည် မြန်မာ လူငယ်များ အတွက် ဗဟုသုတ ရှာမှီးနိုင်စရာ အရင်း အမြစ်များ ရှိနေခြင်း ကြောင့် လွန်စွာမှပင် အရေးပါလှသည်။ အင်တာနက်၊ စာကြည့်တိုက်၊ သုတေသန စာတမ်းများ၊ အင်္ဂလိပ်ဘာသာ အတွက် လေ့လာစရာ များ အစရှိသည်ဖြင့် စုံလင်လှသည့် အပြင် နိုင်ငံ ရေးရာ များ တွေ့ဆုံဆွေးနွေးရန် လုံခြုံစိတ်ချရသော နေရာတခုလည်း ဖြစ်နေသည်။
လူငယ်အများအပြား က ထိုအခမ်းအနားကို စိတ်ပါဝင်စားမှု အပြည့် နှင့် တက်ရောက်လာခဲ့ကြသည်။ သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းတွင် ပါရှိလာသည့် အကြောင်းတခုက ထူးထူးခြားခြား ထင်ကျန် သွားစေခဲ့သည်။
“ အကျင့်ပျက် ခြစားခြင်း၊ လိမ်လည် ကောက်ကျစ်ခြင်း၊ မိမိနဲ့ သဘောကွဲလွဲသူများ ၏ အသံကို တိတ်ဆိတ်သွားအောင် ပြုလုပ်ခဲ့ခြင်း၊ အစရှိသည့် နည်းလမ်းများနှင့် အာဏာကို ဖက်တွယ်ထားသူများ အား ပြောလိုသည်မှာ ခင်ဗျားတို့ အားလုံး သမိုင်း ရဲ့ မှားယွင်းတဲ့ ဘက်မှာ ရောက်နေကြပြီ ဆိုတာပါပဲ၊ ဒါပေမယ့် ခင်ဗျားတို့ဖက်က ဆုတ်ထားတဲ့ လက်ကို ဖြေဖို့ အဆင်သင့် ရှိတယ် ဆိုရင်တော့ ကျွန်တော် တို့ဖက်က လက်ကမ်းပေးလာမှာပါပဲ”
ဒင်ဂါသည် လာရောက်နားထောင်သူများ ကြားမှ အာမေဋိတ်သံများ ထွက်လာသည်ကို သတိထားမိ လိုက်သည်။ “ငါတို့ အကြောင်းကို ပြောနေတာပါလား” ဟု လည်း ပါးစပ်က ထုတ်ပြောလာကြသည်။
အဆိုပါ မိန့်ခွန်းကို ရေးသားရာတွင် မိမိတို့ စိတ်ထဲ၌ မြန်မာကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်” ဟု အိုဘာမား၏ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး ဖြစ်သူ ဘင် ရိုဒ်က ပြောခဲ့ဖူးသည်။
အဆင့် အနိမ့်ဆုံး ရောက်နေသည့် ဆက်ဆံရေး
၁၉၈၈ နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆိုးဝါးဆုံး အနေအထားသို့ ထိုးဆင်းသွားခဲ့ပြီး လက်ထောက် ဝန်ကြီး အဆင့်ထက် ပို၍ ဆက်ဆံခဲ့လျှင် လူပြောသူပြောခံရမည့် ကိစ္စ အဖြစ် သဘော ထားလာခဲ့ကြသည်။ စစ်အစိုးရနှင့် မည်သို့သော ပုံစံမျိုး နှင့် ဆက်ဆံသည် ဖြစ်စေ ၎င်းတို့အား မြှောက် စားသည်ဟု ရှုမြင်ကြမည် ကို သိထားပြီး ဖြစ်သည်။ သည့်ထက်ပို၍ ဆက်ဆံလာရန်သည် စစ်အစိုးရ၏ လူ့အခွင့်အရေးများ အပေါ် ကြိုးပမ်းလာမှု နှင့် ချိန်ထိုးထားခဲ့သည်။ ထိုအချိန်က လူ့အခွင့်အရေးများနှင့် ပတ်သက်၍ ဘာဆို ဘာတခုမျှ လုပ်ခဲ့ကြခြင်း မရှိသူများလည်း ဖြစ်နေသည်။
ထို့အတွက်လည်း စာတိုပေစ ရေးသား ဆက်ဆံမှုလောက်သာ ရှိပြီး ထိုထက် ပို၍ နှစ်ဖက် နားလည်မှု ရဖို့သည် မဖြစ်နိုင်လောက်အောင်ပင် ဖြစ်နေသည်။ အမေရိကန် အရာရှိ အချို့တလေမှ စမ်းကြည့် ဦးမည် ဆိုသည့် သဘောဖြင့် လမ်းစရှာဖို့ ကြိုးစားခဲ့လျှင်ပင် သူတို့အတွက် ရှေ့လျှောက် တက်လမ်း ပိတ်သွားတော့မည် ဖြစ်သည်။ ထိုသို့ ကြိုးပမ်းမှုများအား လူ့အခွင့်အရေး အဖွဲ့များ၊ ထိုအဖွဲ့များ နှင့် တသဘောတည်း ရှိကြသည့် ပေါ်လစီ ရေးဆွဲသူများက ဘာတခု မှ အကျိုးဖြစ်မလာဘဲ တစုံတရာ သွားပေးသည့် လုပ်ရပ်အဖြစ် ဝေဖန်ခံကြရမည်လည်း ဖြစ်သည်။
ဤသို့ဖြင့် မည်သူမျှ ကြိုးစားလိုစိတ် မရှိကြတော့၊ ၎င်းတို့အပေါ် ကျရောက်လာမည့် အန္တရာယ်နှင့် မကာမိဆိုကာ လုပ်ကြည့်သင့်သည်ဟု အကြံဉာဏ်မျိုးပင် ပါးစပ်က ထုတ်မပြောရဲတော့သည့် အခြေအနေကို ဆိုက်သွားခဲ့ရသည်။ နောက်တကြောင်းကလည်း စစ်အစိုးရဖက်မှ ဗီဇာ ထုတ်ပေးရန် မကြာခဏ ဆိုသလို ငြင်းဆန်ခံခဲ့ရသည်။ အဆင့်မြင် သို့မဟုတ် အလယ်အလတ် ရှိသည့် အရာရှိ ကြီးပင် ငြင်းပယ်ခံခဲ့ကြရသည်။
အမေရိကန် ကုမ္ပဏီများလည်း ပေါ်လစီ ရေးဆွဲသူများထံ ချဥ်းကပ်ပြီး ပိတ်ဆို့ ဒဏ်ခတ်ထားမှုများ လျော့ပေါ့ပေးရေး ပြောရန်ကိုလည်း လက်လျော့သွားခဲ့ကြသည်။ အမေရိကန် အစိုးရ အဆက်ဆက် နှင့် ကွန်ဂရက်သည် နိုင်ငံတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု များ လုပ်မည့် အရေးကို ခွင့်ပြုရန် အမြဲလို လက်တွန့်နေကြသည်။ အနည်းငယ်မျှ ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် ပင် ခွင့်မပြုချင်ကြသဖြင့် အချိန် ကုန်ခံပြီး ပြောလိုစိတ် မရှိကြတော့ခြင်းလည်း ဖြစ်သည်။
အိုဘာမား သမ္မတ ဖြစ်လာသည့်အခါတွင် မည်မျှပင် အပယ်ခံထားရသော အစိုးရဖြစ်စေ တံခါး ဖွင့်ရန် စိတ်ရင်း စေတနာ အမှန်ဖြင့် ကြိုးပမ်းလာပါက အမေရိကန်မှ လက်တွဲ လုပ်သွားမည် ဆိုသော အယူအဆ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် မြန်မာသည် သူပြောသလို ဆုပ်ကိုင်ထားသော လက်ကို ဖြေလျော့မည်လားကို အိုဘာမားသည် သိချင်စိတ် ပြင်းပြနေခဲ့သည်။
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီ လထဲတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာနှင့် ပတ် သက်၍ မူဝါဒ ပြန်လည် သုံးသပ် ရန် ညွှန်ကြားလာသည်။ အနောက်တိုင်း နိုင်ငံများ၏ အပြစ်ဒဏ် ခတ်ခြင်း များ နှင့် အာဆီယံ ၏”အပြုသဘော ဆောင်သည့် ထိတွေ့ဆက်ဆံမှုများ” အားလုံး အလုပ် မဖြစ်သည်ကို သတိပြုမိလာ၍လည်း ဖြစ်သည်။
မြန်မာပြည်နှင့် ပတ်သက်၍ နာတာရှည် ရောဂါကြီးလို ဖြစ်လာနေသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ အားလည်း ဖြေရှင်းရန် ရှိနေသည့်အပြင် မြန်မာအား ဖယ်ကျဉ်ထားမည်ဆိုက ရုရှား၊ ဘဲလာရုစ်၊ မြောက်ကိုရီယား နှင့် တရုတ်တို့မှ အခွင့်ကောင်းယူကာ အငြင်းပွားဖွယ် ဖြစ်လာနိုင်စရာ ရှိသည့် စစ်ရေး နှင့် စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်လာမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်စရာများ တွေ့လာနေရသည်။
ဟီလာရီ သည် လက်ရှိ ကျင့်သုံးနေသော အမေရိကန် မူဝါဒသည် အထိရောက်ဆုံး လား ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် အတွက် ဖြစ်သည်။ ထိုသို့ သုံးသပ်ရာတွင် အာဆီယံ အဖွဲ့အတွင်းရှိ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံများ၊ မြန်မာ နှင့် အကျိုးစီးပွား နွယ်ယှက်နေသည့် ကမ္ဘာနိုင်ငံများ၊ အင်ဂျီအို အဖွဲ့များ၊ တတ်သိ ပညာရှင်များ၊ စီးပွားရေး ခေါင်းဆောင်များ၊ မြန်မာ မြို့ပြ အဖွဲ့အစည်းများ အထူးသဖြင့် အတိုက်အခံ ပါတီ အဖြစ် ရပ်တည်နေသော NLD အစရှိသည်တို့နှင့် ညှိနှိုင်းဆွေးနွေးသွားရန် ကြိုးပမ်းရေးတို့ ပါဝင်လာသည်။
ကလင်တန် သည် သမားယိုးကျမှ ခွဲထွက်ပြီး အတွေးသစ် အမြင်သစ်များ နှင့် လုပ်ရန် ဆန္ဒရှိနေပြီး အောင်မြင်မှု ရှိမရှိကိုလည်း စမ်းသပ်ချင်နေသူ ဖြစ်သည်။ ထို့အတွက်လည်း အထက်လွှတ်တော် အမတ် မစ်ချ် မက်ကွန်နယ် နှင့် တွေ့ဆုံခဲ့သည်။ မက်ကွန်းနယ်သည် ဆီးနိတ်တွင် မြန်မာအရေး နှင့် စပ်လျှင်းသော မူဝါဒများကို ဦးဆောင် နေသူလည်း ဖြစ်သည်။ ဆီးနိတ်ထဲမှနေ၍ ဒေါ်အောင်ဆန်း စုကြည်ဖက်မှ ကာကွယ်ပြောဆိုနေသူ ဖြစ်သည့်အပြင် စစ်တပ်အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် မှုများကို အဓိက ဦးဆောင်သည့် နေရာမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ဟီလာရီမှ အိုဘာမား အစိုးရအနေဖြင့် မည်သို့ လုပ်ရန် ရည်ရွယ်ထားသည်များကို မက်ကွန်နယ်အား ရှင်းပြခဲ့သည်။ မက်ကွန်နယ်မှ မည်သို့ပင် ကြံရွယ်ထားသည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နှင့် အရင်တိုင်ပင်ပါမည် ဆိုသော အာမခံချက်မျိုးသာ အလိုရှိခဲ့သည်။
တွေ့ဆုံပြီး၍ ဟီလာရီ ပြန်ကာနီး တံခါးဝ အရောက်တွင် သူ့ရုံခန်း နံရံပေါ်တွင် မှန်ဘောင်သွင်းထားသော ဒေါ်အောင်ဆန်းစုကြည် ရေးသားပေးပို့လိုက်သည့် စာကို လက်ညိုး ထိုးပြလိုက်ရင်းက “သူ့ဖက်က သဘောတူတယ် ဆိုရင် ကျွန်တော်ဖက်ကလည်း အိုကေတယ်လို့သာ မှတ်လိုက်ပါ” ဟု ထပ်ပြော လိုက်သေးသည်။
သို့သော် အိုဘာမား တို့ ရည်ရွယ်ထားမှုများ အပေါ် မက်ကွန်နယ်က ဘဝင် မကျလှ၊ ထို့အတွက်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနအား သူ့ထံ အမြဲ သတင်းပို့ပေးရန် တောင်းဆိုခဲ့သည်။
ဟီလာရီသည် အထက်လွှတ်တော် အမတ် ဂျင် ဝက်ဘ်၊ အောက်လွှတ်တော် အမတ် ဂျိုး ကရိုလီ တို့ နှင့်လည်း တွေ့ခဲ့ပြန်သည်။ သူတို့ နှစ်ဦးစလုံးသည် အထက် နှင့် အောက်လွှတ်တော်တို့တွင် မြန်မာပြည် ဆိုင်ရာ မူဝါဒ နှင့် ပတ်သက်၍ အဓိက ကျသူများလည်း ဖြစ်သည်။