သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(20)

by Hla Soewai - Jul 05 2022

ရုရှား တော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ

 

ထိုပုဂ္ဂိုလ်သည်ကား အဲလက်ဇန်းဒါး ကာရင်စကီး ဆိုသူပင် ဖြစ်သည်၊ ရုရှားတော်လှန်ရေး၏ အရုဏ်ကျင်း ကာလများ အတွင်း ရုရှားပြည်သူ သန်းပေါင်းများစွာ နှင့် ကမ္ဘာတဝှမ်းရှိ လူများ၏ မျှော်လင်ချက်များ ပုံအောထားခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

 

သူသည် ဒုတိယမြောက် ဇာ နီကိုလပ်စ် နန်းကျခဲ့သည့် ၁၉၁၇ မတ်လ မှ ဘော်ရှီဗစ်တို့ အာဏာသို့ တက်လှမ်း မလာမီ ထိုနှစ် အောက်တိုဘာလအထိ ရုရှား၏ ယာယီ အစိုးရကို ဦးဆောင်လာခဲ့သည်။ နှစ်ကုန်ပိုင်းတွင် ကာရင် စကီးသည် ရုရှားတို့ ဦးဦးဖျားဖျား စမ်းသပ်ခဲ့သော ဒီမိုကရေစီ ကျဆုံးခဲ့ရခြင်း ၏ ပြယုဒ် အဖြစ် သတ်မှတ်ခံခဲ့ ရသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

 

၁၉၁၈ နွေဦးကာလ အရောက်တွင် သူသည် ဆာဘီးယား စစ်သားတယောက် အဖြစ် အယောင်ဆောင်ကာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ နောက်ပိုင်း ဆယ်စုနှစ်များစွာ ကြာသည့်အထိ ကာရင်စကီးသည် ဥရောပ နှင့် အမေရိကား တွင် ဆင်းဆင်းရဲရဲ နေထိုင်သွားခဲ့ရသည်။ သူ၏ မွေးရပ်မြေ ရုရှားသို့လည်း တခါဖူးမျှ ပြန်လည် ခြေချနိုင်ခဲ့ခြင်း မရှိတော့ပေ။

 

ယခု စာစုတွင် ရုရှား တော်လှန်ရေး ၏ ဆုံးရှုံးခဲ့မှု များအား  ကာရင်စကီး ၏ အတွေ့အကြုံကို အခြေခံပြီး သုံးသပ်တင်ပြသွားမည် ဖြစ်သည်။ ဆိုဗီယက် ကွန်မြူနစ် ဝါဒမှာ ၁၉၉၁ တွင် အဘယ်ကြောင့် နိဋ္ဌိတံသွားခဲ့ရသည် နှင့် အဆိုပါ ဝါဒ သက်ဆိုး ရှည်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလအတွင်း ကမ္ဘာ့နိုင်ငံရေးအား မည်သို့မည်ပုံ သက်ရောက် နိုင်ခဲ့သည်ကို လေ့လာရန် အတွက် ထိုအကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားမှသာ ပြည့်စုံပေမည်။

 

တော်လှန်ရေး ဆိုသည်မှာ ရင်ဆိုင်ရလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့သည့်  အခြေအနေများ နှင့် ကြုံလာရသည့် အခါ ရုတ်ခြည်းဆိုသလို ထိုအချိန်ကာလ၏ စေ့ဆော်မှုကြောင့် ဖြစ်ပွားလာခဲ့ရခြင်းမျိုး ပင် ဖြစ်သည်။

 

အကယ်၍သာ ဘော်ရှီဗစ် တို့ အာဏာကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့လျှင် ဖြစ်ပေါ်လာနိုင်သည့် အနေအထားများကို ကာရင်စကီး အား ကိုယ်စားပြု လေ့လာနိုင်ပေသည်။ ကာရင်စကီးအား မတော်တဆ အကြောင်းတိုက်ဆိုင်၍ တော်လှန်ရေး သမား တဦး ဖြစ်လာသည်ဟု ပြောဆိုခဲ့ကြသည်။ သူသည် ပြုပြင်ပြောင်းလဲရေး နှင့် တော်လှန် ရေး ဆိုသည်အကြား တွင် မကြာခဏ တွေဝေမိန်းမောနေလေ့ ရှိသည်။ သူ့ဘဝ အတွက် ကောင်းရန် ဖြစ်လာ သည်လား  ဆိုးဖို့ ဖြစ်လာသည်လား မသိ၊ သူ့ဘဝ သည် ၁၉၁၇ တွင် ပေါ်ပေါက်လာသော သမိုင်း ရေစီးကြောင်းထဲတွင် မျောပါလာခဲ့သည်။

 

ဇာ နီကိုလပ်စ် ထီးနန်းစွန့်ခဲ့ရပြီး နောက် ကာရင်စကီးသည် ယာယီ အစိုးရ၏ တရားရေး ဝန်ကြီး၊ နောက်ပိုင်းတွင် စစ်ဝန်ကြီး၊ ထိုမှတဆင့် ဝန်ကြီးချုပ် အထိ ဖြစ်လာခဲ့သည်။

 

ဤသို့ဖြင့် ကာရင်စကီးသည် ၁၉၁၇ တော်လှန်ရေးကြီး တွင် ဗလာဒီမာ လီနင်နှင့် အတူ အရေးပါဆုံး ပုဂ္ဂိုလ် ဖြစ် လာခဲ့သည်။သူတို့နှစ်ဦးသည် ရုရှား ရွှေမြို့တော်ကြီးမှ မိုင် တထောင်ခန့် ကွာဝေးသော အရပ်တွင် တမြို့တည်းနေ တရေတည်းသောက် ခဲ့ကြသူများလည်း ဖြစ်နေကြသည်။ နှစ်ဦးစလုံးသည် ပညာကြိုးစားကြရာတွင်လည်း တူညီကြပြန်သည်။ သို့သော် လီနင်သည် တရားမဝင် ဆန်ကျင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှု ဖြင့် ကာဇန် အင်ပီရီးယယ် တက္ကသိုလ်မှ ကျောင်းထုတ်ခံခဲ့ရသည်။ ထို့နောက်ပိုင်း တော်လှန်ရေး ဝါဒဖြန့်ချီမှုများ တွင် ပါဝင်သည် ဆိုကာ ဖမ်းဆီးခံခဲ့ရပြီး ဆိုက်ဘေးရီယားသို့ သုံးနှစ်ခန့် ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။ ထို့နောက်တွင်တော့ လီနင်သည် အနောက် ဥရောပ သို့ ထွက်လာခဲ့သည်။ ထိုအချိန်တွင် သူ၏ ကျောင်းနေဖက် ဖြစ်ခဲ့သူ ကာရင် စကီး သည် ပညာကို အပတ်တကုတ် ကြိုးစားသင်ယူကာ ဥပဒေ ပညာရပ်ဖြင့် ဘွဲ့ရလာခဲ့ပြီး လက်ဝဲပါတီများ မှတဆင့် အာဏာရရှိ လာခဲ့သူ ဖြစ်သည်။

 

၁၉၀၃ ခုနှစ်တွင် လန်ဒန်၌ လီနင် ရှိနေစဉ်အတွင်း လီနင် ပါဝင် လှုပ်ရှားနေသည့် ဆိုရှယ် ဒီမိုကရက် များ၏ နိုင်ငံရေး ပါတီအတွင်း ဂိုဏ်းဂဏ နှစ်ခု ကွဲထွက်သွားခဲ့သည်။ အုပ်စုတစုသည် အောင်မြင်သော တော်လှန်ရေးကြီး ဆင်နွှဲနိုင်ရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကို ရနိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်  စုစည်း တည်ဆောက် နိုင်ခြင်း အပေါ် မူတည်သည်ဟု ယုံကြည်သူများ ဖြစ်သည်။ ထိုအဖွဲ့သည် နောင်တွင် မင်ရှီဗစ်များ အဖြစ် ထင်ရှား လာခဲ့သည်။ သို့သော် လီနင်ကမူ ပါတီအား တော်လှန်ရေး ကို အောင်မြင်အောင် အင်အား သုံး၍  ဆင်နွှဲသွားရန် စိတ်ပိုင်းဖြတ်ထားသူ လူ အနည်းငယ်ကသာ ဦးဆောင်သင့်သည်ဟု တင်ပြလာခဲ့သည်။ လီနင်အား ထောက်ခံ သူများ သည် နောက်ပိုင်းတွင် ဘော်ရှီဗစ်များ ဖြစ်လာကြသည်။

 

လီနင် သည် အနောက်ဥရောပ ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ်တွင် စိန့်ပီတာစဘတ် တွင် ဇာဘုရင် တပ်သားများက ဆောင်းရာသီ နန်းတော်ရှေ့ သို့ ချီတက်လာကြသော လက်နက်မဲ့ ဆန္ဒပြ လူအုပ်ကြီးကို ပစ်ခတ် ဖြိုခွင်းခဲ့မှုကြီး ဖြစ်ပွားခဲ့သည်။ နောင်တွင် ထို ဖြစ်ရပ်ကြီးအား သွေးစွန်းသော တနင်္ဂနွေ နေ့အဖြစ် ထင်ရှားလာခဲ့သည်။ ၁၉၀၅ အောက်တိုဘာလ တွင် အထွေထွေ သပိတ်ကြီး ဖြစ်ပွားလာခဲ့သဖြင့် ရုရှား စီးပွားရေး သည် ယိုင်နဲ့ လာခဲ့သည်။ ထို့အတွက် ဇာဘုရင်သည် လူထု ဖိအားကို မလွန်ဆန်နိုင်တော့ ပဲ အောက်တိုဘာ ကြေညာ စာတမ်းကို ထုတ်ပြန်လာခဲ့သည်။

 

ထိုကြေညာ စာတမ်းတွင် မြို့ပြ လွတ်လပ်ခွင့် များကို အာမခံမည်ဟု ကတိပေးထားသည့်အပြင် ဒူမား ဟု ခေါ်သည့် လူထု မဲဖြင့် ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကို တည်ထောင်ပေးမည်ဟုလည်း ပြောလာခဲ့သည်။

 

ထိုသတင်းကြောင့် ကာရင်စကီး သည် အားတက်ရွှင်လန်းလာခဲ့သည်။ သို့သော် သူ၏ ပျော်ရွှင်မှုများက ကြာရှည် မခံခဲ့၊ ရုရှား သက်ဦးဆံပိုင် ပဒေသရာဇ်များ ဆက်ပြီး အင်အားကောင်းနေဆဲ ဆိုသည်ကို ပျက်ပျက်ထင်ထင် သိမြင်လာခဲ့၍ ဖြစ်သည်။

 

ဇာဘုရင်သည် ဒူးမား လွှတ်တော်ကို ဖွဲ့စည်းပြီး နှစ်လအကြာမှာပင် ဖျက်သိမ်းပြစ်ခဲ့သည်။ နောက်နှစ်တွင်လည်း သူ၏ ဩဇာ ကို ပမာမခန့် လုပ်သည်ဟု ယူဆပြီး လွှတ်တော်ကို ထပ်မံ ဖျက်သိမ်းခဲ့ပြန်သည်။ ထိုနောက် တတိယအကြိမ် ပေါ်ပေါက်လာမည့် ဒူးမားသည် သူ၏ အလိုလိုက် အကြိုက်ဆောင်မည့် လွှတ်တော် ဖြစ်လာရန် ကန့်သတ်ချက်များ ပြဋ္ဌာန်းလာခဲ့သည်။

 

ကာရင်စကီးသည် ဇာဘုရင်၏ အောက်တိုဘာ ကြေညာစာတမ်းမှာ ၎င်းကတိပေးထားသလို စစ်မှန်သည့် ဖွဲ့စည်းပုံ နှင့် အညီ အစိုးရတရပ် ပေါ်ထွန်းလာရေး ကို ဦးတည်တော့မည် မဟုတ်ဆိုသည်ကို ရိပ်စားမိလာ ခဲ့သည်။ သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

 

တခုခု ကို မဖြစ်မနေ လုပ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ ဆိုရှယ်လစ် လယ်သမားများ နှင့် ဖွဲ့စည်းထားသည့် စစ်သွေးကြွ အဖွဲ့ တခု ဖြစ်သော ဆိုရှယ်လစ် တော်လှန်ရေး ပါတီ Socialist Revolutionary Party (SRs) သို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း ပါတီ၏ စာရွက်စာတမ်းများ ဝေငှသည့် အဆင့်မှာပင် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းချ ခံခဲ့ရသည်။ ပြီးနောက်တွင် ထိုပါတီမှ ခွဲထွက်လာသည့် ထရူဒိုဗီကီ ပါတီ နှင့် ပူးပေါင်းခဲ့သည်။ ၁၉၁၂ တွင် ကာရင်စကီးသည် ဒူးမားစ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

 

တကယ်တမ်းတွင် ကာရင်စကီးသည် သူ၏ SRs ပါတီ အဖွဲ့ဝင်များလို သဘောထား တဖက်စွန်း ရောက်သူတော့ မဟုတ်ပေ။ သူ၏ နိုင်ငံရေး ခံယူချက်အား ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုကာ ဆိုရှယ်လစ် ဝါဒ တွင် အလယ်အလတ်ရှိမှု နှင့် လစ်ဘရယ် ဝါဒ အကြား တွင် ရှိသည်ဟု ပြော၍ ရပေသည်။