ဘာတေး လစ်တနာ က တရုတ် တို့၏ အနှစ် နှစ် အကာလမှစ မြန်မာအရေး ခြေရှုပ်နေမှု ကို အရေခွံ ခွာပြလိုက်ခြင်း

by Hla Soewai - Jul 05 2022

ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော် ၏ ဘာ‌ တေး လစ်တနာအား တွေ့ဆုံ မေးမြန်းချက် များကို ဆောင်းပါး အဖြစ် အဆင်ပြေအောင် ပြန်လည်ကောက်နှုတ်တင်ပြသည်။

 

တရုတ် နိုင်ငံ၏ မြေပုံကို ကြည့်မည်ဆိုက ကြီးမားကျယ်ပြောလှသော နိုင်ငံကြီး ဖြစ်သော်လည်း ကမ်းရိုးတန်းသည် တိုတောင်းပြီး ကုန်းတွင်းပိုင်းသည်သာ ထုနှင့်ထယ်နှင့် ရှိနေသည်။ တရုတ်တို့သည် နိုင်ငံရေးစနစ် အား ဆိုရှယ်လစ် စနစ်မှ အရင်းရှင် စနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်လာကြသည့် အခါ တွင် နိုင်ငံဝင်ငွေ နှင့် လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေး အတွက် ပို့ကုန်အပေါ် အမှီပြုသည့် ပုံစံကို ချမှတ် ကျင့်သုံးလာခဲ့ကြသည်။

 

ထိုမူဝါဒ နှင့်အညီ ဆိပ်ကမ်းများ ရှိရာ ကမ်းရိုးတန်း ဒေသများသည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။ ကုန်ထုတ်လုပ်မှုများလည်း ဂွမ်ဒေါင်း၊ ဖူဂျီယံ နှင့် ရှန်ဟိုင်းကဲ့သို့သော ဒေသများတွင် အခြေ တည်လာခဲ့သည်။ သို့သော် ကုန်းတွင်းပိုင်း ပြည်နယ်များ က နောက်ကျ ကျန်ရစ်ခဲ့ကြသည်။ ယင်းနှင့် အတူ ဝင်ငွေများ ကွာဟလာမှုသည် အလွန်တရာ ကြီးမားလာနေ၍ နိုင်ငံတခုလုံး၏ ညီညွတ်ရေးကို ခြိမ်းခြောက်လာသည် အထိ ဖြစ်လာခဲ့ရသည်။

 

တရုတ်သည် နိုင်ငံ ဆိုသော်လည်း အကျယ်အဝန်းအားဖြင့် တိုက်ကြီးတမျှ ကြီးမားကျယ်ဝန်းလှ သည်နှင့် အမျှ လူမျိုးစု များလည်း ကွဲပြားခြားနားနေပြန်သည်။

 

ထို့အတွက် ၁၉၈၀ ကျော် ကာလများတွင် အဆိုပါ ကုန်းတွင်းပိတ် ‌ဒေသများအတွက်ပါ ပို့ကုန် အခြေပြု စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများကို ရှာကြံ စဉ်းစားလာခဲ့သည်။ အဓိက ထား စဉ်းစားလာသည့် ပြည်နယ်များသည် လူဦးရေ သန်း ၁၀၀ ခန့် နေထိုင်နေကြသော စီချွမ်၊ ယူနန် နှင့် ဂွမ်ဇူးတို့ဖြစ်သည်။ 

 

ထိုဒေသများတွင် စက်မှုလုပ်ငန်းများ ထူထောင်ပြီး ထွက်လာသည့် ကုန်များကို ဆိပ်ကမ်းရှိရာ များသို့ ပြန်လည် သယ်ဆောင်တင်ပို့ ဖို့ ဆိုသည်က တွက်ချေမကိုက်သဖြင့် အခြားနိုင်ငံတခုခု မှ တဆင့် ပို့နိုင် မည့် ထွက်ပေါက်တခု ရှာဖို့ လိုအပ်လာသည်။

 

ဤအခါတွင် ၎င်းတို့အတွက် အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက် ဝင်နိုင်ထွက်နိုင်သည့် နိုင်ငံ သုံးခုသာ ရှိနေသည်။ ထိုနိုင်ငံများမှာ မြန်မာ၊ အိန္ဒိယ နှင့် ပါကစ္စတန် တို့ပင် ဖြစ်သည်။

 

ထိုသုံးနိုင်ငံ အနက် အိန္ဒိယကို မည်သို့မျှ ထည့်သွင်းစဉ်းစား၍ မဖြစ်၊ ကာရာကိုရမ် အဝေးပြေး လမ်းမ ကြီးရှိ ပါကစ္စတန် ကို စဉ်းစားလာကြသည်။ သို့သော် ထိုလမ်းမကြီးသည် ကမ္ဘာပေါ်တွင် အန္တရာယ် အရှိ ဆုံး ဟု ပြောရလောက်အောင် လုံခြုံမှု မရှိ ဖြစ်နေပြန်သည့် အပြင် ပါကစ္စတန်၏ နိုင်ငံရေး မတည်ငြိမ် မှုများက ချောက်ချားစရာ ကောင်းလွန်းနေပြန်သည်။ ထို့အတွက် အိန္ဒိယ သမုဒ္ဒရာ သို့ အလွယ်တကူ စိတ်ချလုံခြုံစွာ ဝင်နိုင်ထွက်နိုင်မည့် နိုင်ငံဟူ၍ မြန်မာသာ ကျန်တော့သည်။

 

တရုတ်သည် အခြားနိုင်ငံများလို မဟုတ်ဘဲ မြန်မာအား ၎င်းတို့၏ ရေရှည် အကျိုးစီးပွား အတွက် ရည်မှန်းချက် ထားလာခဲ့သည်။ အနောက်နိုင်ငံများကဲ့သို့ နိုင်ငံအတွင်း လက်ရှိ ဖြစ်ပျက်နေသည်များကို သက်ရောက်မှု မရှိနိုင်မည့် ဒီမိုကရေစီ၊ လူ့အခွင့် အရေးများ အကြောင်း ပြောဆို၍မနေ၊ အိန္ဒိယသည် တရုတ် ဩဇာလွှမ်းမိုးလာမည့် အရေးကို စိုးရိမ် ပူပန် လာနေသော်လည်း ၎င်းတို့အနေဖြင့် ထိထိ ရောက်ရောက် တန်ပြန်နိုင်စွမ်း မရှိဖြစ်နေသည်။ တရုတ်သည် မြန်မာနှင့် ဆက်ဆံရေး ထူထောင်နိုင်ရန် အကြီးအကျယ် လှုပ်ရှားလာနေပြီ ဖြစ်သည်။ လက်ရှိ မည်သူ အာဏာရသည် ဖြစ်စေ အဆင်ပြေအောင် ဆက်ဆံဖို့က အရေးကြီးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာချိန်တွင် တရုတ် သံရုံးက ပထမဦးစွာ ချီးကျူး ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့လာခဲ့သည်။

 

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် တရုတ်ပြည်သို့ အလည်အပတ် ဖိတ်ကြားခဲ့သည်။ တရုတ်သည် NLD နှင့်ကော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ရင်းနှီးသော ဆက်ဆံရေးမျိုး ဖြစ်ရန် တည်ဆောက်လာ ခဲ့သည်။

 

ထိုသို့သော အကြောင်းများ ရှိခဲ့သော်လည်း တရုတ်သည် မြန်မာပြည်တွင် "တည်ငြိမ်မှု ရှိသော" စစ်အစိုးရ အာဏာ ရရှိနေခြင်းကို ပို၍ လိုလားခဲ့သည်။

 

လွန်စွာ အားကောင်း၍လည်း မဖြစ်၊ ဒီမိုကရေစီ ကိုလည်း လိုလားမှု မရှိ၊ အားလည်း ပျော့နေရမည့် စစ်အစိုးရမျိုး ဖြစ်ဖို့လိုသည်။ ဤသည်က ၎င်းတို့၏ ရေရှည် မဟာဗျူဟာမြောက် အကျိုးစီးပွား အတွက် အလွယ်တကူ ဆက်ဆံ ကိုင်တွယ်သွား၍ ရမည့် ဒီမိုကရေစီ မဟုတ်သော အစိုးရမျိုးသာ လိုလားနေခြင်း ဖြစ်သည်။ အကယ်၍ ဒီမိုကရေစီ အစိုးရမျိုး ဆိုလျှင် သူတို့နည်း သူတို့ဟန်ဖြင့် ဆက်ဆံသွားမည်သာ ဖြစ်သည်။ ထိုပုံစံ မျိုးဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်ဆံနေ ခဲ့ခြင်းလည်း ဖြစ်သည်။

 

မြန်မာ ပြည်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရဖို့သည် တရုတ်၏ အကျိုးစီးပွား နှင့် ဆန့်ကျင်နေ၍ စိတ်ဝင်စားခြင်း မရှိ၊ ဥပမာ ဆိုရက ဗမာပြည် ကွန်မြူနစ် ပါတီ (CPB) အား ၁၉၆၀ မှ ၁၉၈၀ အထိ တော်လှန်ရေးကို တင်ပို့ မည် ဆိုသော မူဝါဒ နှင့် အညီ တောက်လျှောက် ကူညီ ပံ့ပိုးပေးလာခဲ့သည်။ ယခု အခါ တော်လှန်ရေး အစား လူသုံးကုန်ပစ္စည်းများ တင်ပို့လာကြသည်။ တရုတ်တို့ဖက်က နိုင်ငံ အတွင်း ခြေကုပ်ရနိုင်ရန် CPB တဖွဲ့တည်းကိုသာ အားကိုးအားထား ပြုနေ၍ မဖြစ်တော့၊ ၁၉၈၉ ပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ပြီး နောက် ၎င်းတို့ အမွေ ဆက်ခံလာသော ဝ နှင့် ကိုးကန့်များဖက် လှည့်လာ ကြသည်။ အဆိုပါ လူမျိုးစု ဝင် အများစုသည် တရုတ် ဘာသာ စကား ပြောဆိုသူများလည်း ဖြစ်နေ ကြသည်။

 

လက်ရှိ အဆိုပါ အဖွဲ့များ ကိုင်ဆောင်ထားသော လက်နက်များသည် လွန်စွာ ခေတ်မီ ပြီး CPB ထက် များစွာ သာလွန်ကောင်းမွန်နေသည်ကို တွေ့ရမည်။ ထိုလက်နက်များ အားလုံးသည် တရုတ် ပြည်မှ ရောက်ရှိလာကြသည်ကား မည်သို့မျှ အငြင်းပွားနိုင်ဖွယ်ရာ မရှိပေ။

 

ယခုအခါ လက်ရှိ အနေအထားကို မြင်ကွင်းကျယ် ဖြင့် မျှော်တွေး ကြည့်ကြပါစို့။

 

အကယ်၍များ နိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးစု များသည် လက်နက်များ ဘေးချပြီး “ကျွန်တော်တို့ က ဖက်ဒရေးရှင်း ဒါမှမဟုတ် ကွန်ဖက်ဒရေးရှင်း လိုချင်တယ်၊ သဘောတူညီချက် တွေ လက်မှတ်ထိုး မယ်၊ တိုက်တာ ခိုက်တာတွေလည်း မလုပ်တော့ဘူး၊ ကျွန်တော်တို့ တပ်တွေကိုလည်း ရဲအဖွဲ့၊ ဒါမှ မဟုတ် အခြားပုံစံတခုခု နဲ့ အသွင်ပြောင်းပေးမယ်”

 

ထိုသို့ ဖြစ်လာပါက တကယ်တမ်း ဆုံးရှုံးသွားမည်မှာ တရုတ်ပင် ဖြစ်သည်။ တရုတ်၏ ရေရှည် မဟာ ဗျူဟာ အကျိုးစီးပွား အရ ထိုသို့ အနေအထား သို့ အရောက်ခံ၍ မဖြစ်၊ တရုတ်သည် လုံးလုံးလျား လျားကြီး မဟုတ်တောင် အဆိုပါအဖွဲ့များက မြန်မာ စစ်တပ်အား အတိုင်းအတာ တခုအထိ ဆန့်ကျင် နေကြမှ ဖြစ်မည်။ လုံးဝကြီး ကသောင်းကနင်း ဖြစ်ကာ ဒုက္ခသည်များ ယူနန် ပြည်နယ် အတွင်းရောက် လာမည်ကိုတော့ မလိုလားကြပေ။

 

တရုတ်သည် ၎င်းတို့ ထိန်းချုပ်၍ မရလောက်အောင် မြန်မာ နိုင်ငံ တည်ငြိမ်သွားမည့် အဖြစ်မျိုးကို အရောက်မခံ၊ စိတ်လည်း ဝင်စားခြင်း မရှိ၊ သူတို့ ထိန်းချုပ်ထားနိုင်သည့် အတိုင်းအတာ တခုလောက် အထိ တည်ငြိမ်နေရန်သာ ဖြစ်သည်။ ဤသည်က လက်ရှိ ဖြစ်ပျက်နေသော အနေအထားပင် ဖြစ် သည်။

 

ဆက်လက်တင်ပြပါမည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!